Wednesday, April 22, 2009

အနှစ် ၂၀ ကြာ..တိုင်းပြည်လုယက်ထားသူကို မမြင်..ဘေးက အိမ်လူမိုက်မမြင်ချင်လို တံခါးပိတ်တာကြမြင်တတ်တဲ့ ရောင်နီဦး

အမေရိကန်ဆန့် ကျင်ရေးဆန္ဒပြရန် စစ်အစိုးရကခွင့်မပြု

( ရန်ကုန်မြို့ကို ပြန်သွားခဲ့ပြီး စီးပွားရေးပိတ်ဆို့မှုဆန့်ကျင်ရေး လှုပ်ရှားမှုတစ်ချို့ကို ဆောင်ရွက်ခဲ့တဲ ၈၈ ကျောင်းသားဟောင်း ကိုရောင်နီဦးရဲ့ ပြောဆိုချက် များကို မြန်မာသံတော်ဆင့်မှာ ဖော်ပြထားတဲ့ သတင်း ဖြစ်ပါတယ်။ မြန်မာ သံတော်ဆင့်က ပေးပို့လာလို့ မျှဝေ ပေးလိုက်ပါတယ်။ )

ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးရှေ့တွင် ခလေးငယ်များနှင့်အတူ စီးပွားရေးပိတ်ဆို့မှု ဆန့်ကျင်ရေး ဆန္ဒပြရန် သူ၏ စီစဉ်ချက်ကို မြန်မာစစ်အစိုးရ အာဏာပိုင်များက ခွင့်ပြု မပေးခဲ့ဟု ရန်ကုန်မြို့မှ ကနေဒါသို့ မနေ့ညက (ဧပြီ၁၈ရက်) ပြန်ရောက်သော မြန်မာ ကျောင်းသားဟောင်း ကိုရောင်နီဦးက မြန်မာသံတော်ဆင့်သို့ ပြောသည်။

သူနေထိုင်ရာ အမေရိကန်နယ်စပ် ၀င်ဆာ(Windsor)သို့ မပြန်မီ တိုရန်တိုမြို့ ၌ တစ်ညအိပ် ရပ်နားစဉ် မြန်မာနိုင်ငံသို့ အနှစ် ၂၀ကျော် အတွင်း ပထမဆုံး အကြိမ်အဖြစ် ပြန်သွားခဲ့သူ ကိုရောင်နီဦးက သူမြန်မာပြည်တွင် ရက်ပေါင်း ၇၀ ကျော် နေထိုင် ခဲ့စဉ် အတွင်း ၁၉၈၈ ခုနှစ် အရေးတော်ပုံကို ရှေးဦးစွာ စတင်ခဲ့သူ မူလကျောင်းသား(ဟောင်းကြီး)တချို့နှင့် တရားဝင် တွေ့ဆုံခွင့် ရခဲ့ကာ နိုင်ငံရေး အသွင် ကူးပြောင်းရေး ချောမွေ့ ငြိမ်းချမ်းစွာ ဖြစ်ပေါ်နိုင်ရေး အတွက် - စစ်အစိုးရ၏ ပူးပေါင်းကူညီမှု မပါဘဲ တွေ့ဆုံ ဆွေးနွေးမှုများ တရားဝင် ပြုလုပ်နိုင်ကာ သတင်းစာ ရှင်းလင်းပွဲ တစ်ခုပင် လုပ်နိုင် ခဲ့သည်ဟု သံတော်ဆင့်သို့ ပြောသည်။

သို့သော် အနောက်နိုင်ငံများ၏ မြန်မာပြည်အပေါ် စီးပွားရေး ပိတ်ဆို့မှုကို ပွင့်ပွင့်လင်းလင်းနှင့် အပြင်းအထန် ဆန့်ကျင်သူ ကိုရောင်နီဦး က အမေရိကန်သံရုံးရှေ့ တစ်ကိုယ်တော် ဆန္ဒပြရန် ခွင့်တောင်းသည်ကိုမူ စစ်အစိုးရက ယဉ်ကျေးစွာ ငြင်းပါယ် ခဲ့သည်ဟု ပြောပါသည်။

“ကျနော့် အစီအစဉ်က အထည်ချုပ်စက်ရုံတွေ ပိတ်လိုက်လို့ အလုပ်လက်မဲ့ ဖြစ်ကုန်တဲ့ မိဘတွေရဲ့ ခလေးတွေ သုံးလေးဆယ်လောက် အဆင်သင့် ရှိနေတယ်။ အဲဒါ သူတို့နဲ့ ကျနော်နဲ့ သံရုံးရှေ့သွား ပိုစတာတွေ ကိုင်ပြီး အသံတိပ် ဆန္ဒပြကြမယ်။ ပြည်ပမှာ လုပ်ကြသ လိုပေါ့။ အေးအေးဆေးဆေး ငြိမ်းငြိမ်းချမ်းချမ်းပါ။ တခြားလူတွေမပါဘူး။ အဲဒါစာရေးပြီး တင်ပြတော့ အဲဒီဝန်ကြီးက သူ့ပီအေက နေတဆင့် ၂၄နာရီအတွင်း စာနဲ့ အကြောင်းပြန်ပါတယ်။ ဒီလို ဆန္ဒပြပွဲမျိုး အင်မတန် သင့်လျှော်ပါတယ်။ သို့ သော် အစိုးရက မြှောက်ပေး တာ၊ ခိုင်းတာလို့  စွပ်စွဲကြလိမ့်မယ်။ အရင်က ဒီလို စွပ်စွဲခဲ့ကြ တာတွေ ရှိတယ်။ နောက်ပြီး ကျနော့်ကို ခွင့်ပြုရင် တခြားသူတွေ ကိုလဲ ခွင့်ပြုပေးရမယ်။ ဒါမှ တရားမျှတမယ်။ အခြေအနေ အရပ်ရပ်အရ ခွင့်မပြုနိုင်သေးတာ ၀မ်းနည်းကြောင်း ပေါ့လေ - ယဉ်ကျေးပါတယ်။”

ထိုဝန်ကြီးဆိုသူမှာ ပြန်ကြားရေးဝန်ကြီး ဗိုလ်မှုးချုပ်ကျော်ဆန်းမဟုတ်ဟု သူကပြောသည်။ အစိုးရအဖွဲ့ အတွင်း ကိုယ်ပိုင် သတင်းကွန်ယက် များဖြင့် အရပ်သား နိုင်ငံရေးကိစ္စများ ကိုင်တွယ်နေကြသူ ၀န်ကြီး ငါးဦးမျှရှိသည်။

ဒီမှာ သမ္မတအိုဘားမားက ကျူးဘားနဲ့ဆက်ဆံရေး အသစ်တဖန် ပြန်စချင်တယ်ဆိုတဲ့ သတင်းကို မြန်မာပြည်က လူတွေ ဘယ်လောက် စိတ်ဝင်စားသလဲဟု သံတော်ဆင့်က မေးမြန်းရာ သူက - စိတ်ဝင်စားကြပါတယ် မြန်မာပြည် အပေါ်လဲ သဘောထား ပြောင်းပြီး ကိုင် တွယ် လာလိမ့်မယ်လို့ မျှော်လင့် နေကြတယ်။ လူအတော်များများကဘဲ ဟုပြောသည်။

သို့သော် စိတ်ဝင်စားနေသူများမှာ နိုင်ငံရေးအသိုင်းအ၀န်းမှ လူများသာ ဖြစ်နေသေးဟု သူကပြောသည်။ သူထိတွေ့ ခဲ့သမျှ သာမန် အရပ်သားတွေ အားလုံးနီးပါး လောက်မှာ ဖြစ်ပေါ်လာမည့် နိုင်ငံရေး အပြောင်းအလဲ ဆိုသည်ကို စိတ်မ၀င်စား ကြသေးဟု ဆိုသည်။

“ ကျနော် နေ့တိုင်းတက္ကစီနဲ့ ခရီးသွားခဲ့တယ်။ တက္ကစီသမား အနည်းဆုံး လေးဆယ်ကျော်လောက်ကို သူတို့ကားစီးရင်း ကျနော် ဘယ်က လာကြောင်း။ ဘာလာ လုပ်ကြောင်း၊ စီးပွားရေး ပိတ်ဆို့မှုဆန်ရှင် အကြောင်း၊ လာမဲ့ ရွေးကောက်ပွဲက ဘယ်လို သူတို့ သားသမီး တွေရဲ့ အနာဂါတ်ဘ၀တွေ အပေါ် ဘယ်လောက် သက်ရောက်မှု ဖြစ်နိုင်ကြောင်း ဆွေးနွေးတယ်။ မှတ်မှတ်ရရ နှစ်ယောက်ကဘဲ ဒီ အခြေခံ ဥပဒေသစ်ကို သေသေချာချာ ဖတ်ကြည့်ပါမယ်လို့ ကတိပေးကြတယ် ”

နိုင်ငံရေးအပြောင်းအလဲ ဆိုတာကကော ဖြစ်လာမှာ သေချာလို့လားဟု သံတော်ဆင့်က မေးမြန်းရာ သူက ရွေးကောက်ပွဲလုပ်မှာ ကတော့ သေချာသည် ဟု သူကဖြေသည်။

“ ဘာဖြစ်လို့ လဲဆိုတော့ စီးပွားရေးက သိပ်ကျပ်တည်းနေတာ။ ကျဘမ်းနေ့ စားလုပ်ခက ၁၅၀၀ိ/ ပဲရှိ တယ်။ (စတိုးဆိုင်တွေက) ခလေးမ ကလေးတွေ ဆိုရင် လခက သုံးသောင်းဝန်းကျင်ဘဲ ရကြတော့ ပျှမ်းမျှ တနေ့ တစ်ထောင်ဘဲ ရှိတယ်၊ ဘတ်စကားခ ကတင် အသွားအပြန် ၂၀၀ ကုန်နေပီ။ ဘယ်လိုလုပ် နေကြ စားကြ သလဲ။ ထမင်းဆိုင်မှာ ၀င်စားရင် အလယ်အလတ်စား ဆိုင်မှာတောင် အ၀စား ၂၀၀၀ - ၂၄၀၀ လောက်ကျတယ်။ ကျနော့်တူမကလေး တစ်ယောက်ဆိုယင် သူ့ အတန်းပိုင် ဆရာမက ပေးတဲ့ ကျူရှင်ကို မယူလို့ သူ့ ကို နေပူတဲ့ ပြတင်းပေါက်နားက ခုံမှာ ထိုင်ခိုင်းယုံတင် မက ဆရာမရဲ့ စောင်းမြောင်း ကျိမ်ဆဲ တာကို နေ့တိုင်း ခံနေရတယ်။ ကျနော်တို့ သိခဲ့တဲ့ နာသုံးနာ ဆရာတွေရဲ့ ဗမာပြည်ဆိုတာ မရှိတော့ဘူး။ ပိုက်ဆံတတ်နိုင်တဲ့ သူတွေ ကျတော့ ကျူရှင်ခ တင်ဘဲ နှစ်ဆယ့်လေး ငါးသိန်း အကုန်ခံတာ။ ဆရာဆရာမတွေကို ကန်တော့ရတဲ့ ကုန်ကျစားရိတ်၊ ဖယ်ရီခ၊ အတန်းဖေါ်တွေ မွေးနေ့ပါတီမှာ အပြန်အလှန် ပေးကြကမ်းကြတာနဲ့ ဆိုရင် တလ သိန်းလေးငါးဆယ် သုံးနေကြတာ။ ဆင်းရဲ ချမ်းသာက အတော် ကွာဟနေပီ”

“ဒီကြားထဲ ဆင်းရဲသားတွေ လုပ်စားစရာအလုပ်ကလဲ ပိတ်ဆို့ရေးတွေကြောင့် ပိုနည်းလာတယ်။ ဥပမာ ကျနော်တို့ ရဲဘော်ဟောင်း တစ်ယောက် ဆိုယင် သြဂဲနစ် ငါးမွေးမြူရေး လုပ်ငန်း လိုင်စင် ရထားတယ်။ ငါးတွေကို ကန်နဲ့ လှောင်ထားပီး အစာ ကျွေးမွေးတာ မဟုတ်ဘူး၊ သဘာဝအတိုင်း အင်းကြီးထဲမှာ လွှတ်မွေးတာ။ ဥရောပကို တင်ပို့ခွင့်ရထားတာ အခု ဥရောပက နောက်ဆုံးလုပ်တဲ့ ဆန်ရှင်အရ ငါးတွေ ဥရောပ မတင်ပို့ရ တော့ဘူး၊ သူ့အလုပ်သမား အများစုကို ဖြုတ်ပစ် လိုက်ရပီ။ ဘာ စမတ် ဆန်ရှင်မှ မဟုတ်ဘူး”

“ အဖြစ်က နိုင်ငံရေးပြဿနာတွေ ဖြေရှင်းအပြီးကို စီးပွားရေးပြဿနာတွေက စောင့်နေရတယ်ဗျာ”

“ကျနော်တို့ ဒီဘက်ကမ္ဘာမှာဆိုယင် နိုင်ငံရေးဆိုတာ စီးပွားရေးရဲ့ လက်အောက်ခံဘဲ၊ (တိုင်းပြည်) စီးပွားရေး လိုအပ်ချက် အလိုကျ နိုင်ငံရေးက နောက်က လိုက်လုပ်ပေးရတာ၊ အဲဒါ ဟိုမှာကျတော့ ပြောင်းပြန်ဖြစ်နေတယ်။ အဲဒီတော့ အဲဒီလိုဖြစ်အောင် ဘယ်သူက လုပ်ထားတာဘဲဖြစ်ဖြစ် အဲဒီ နိုင်ငံရေးဆိုတာကို မြန်မြန် အဆင့် ပြောင်းသွားအောင် ကိုဘဲ အားလုံးက ၀ိုင်းစောင့် နေကြရတယ်။”

သူ့အရင် စီးပွားရေးပိတ်ဆို့မှု ဆန့်ကျင်ရေးလုပ်သူများ မြန်မာပြည်တွင် ပေါ်နေပြီဖြစ်ရာ ထိုသူများနှင့်အတူ တွဲလုပ်ခဲ့သလား မတွဲ ဖြစ်လျှင် မည်သို့ ကွဲပြားသနည်းဟု သံတော်ဆင့်က ဆက်လက်မေးမြန်းရာ ကိုရောင်နီဦးက -

“ ဟုတ်တယ်။ ကိုအေးလွင်တို့ အဖွဲ့ က လုပ်နေတာလဲရှိပါတယ်။ ကျနော်လုပ်နေတာရဲ့ ထူးခြားချက်ကတော့ (စစ်) အစိုးရနဲ့ မပတ်သက် ယုံတင်မက ဆန်ရှင် ဆန့်ကျင်ရေးကို နိုင်ငံရေးအလုပ်အနေနဲ့ လုပ်တာတောင် မဟုတ်ဘူး ဆိုတာဘဲ။ ကျနော်ဟာ ပြည်ပ ရောက်နေတာ အနှစ်နှစ်ဆယ် ကျော်ပြီ၊ ကနေဒါ ပါတ်စပို့ ကိုင်နေတယ်၊ မြန်မာပြည်တွင်းက နိုင်ငံရေးကို သွားဝင်ရှုပ်စရာ မလိုဘူး။ ဒါပေမဲ့ မြန်မာပြည်မှာ ကျနော့်မိဘနဲ့ ဆွေမျိုးသားချင်းတွေ အပါအ၀င် ဆင်းရဲသား အများစုကြီးက ဆန်ရှင်ကြောင့် မွဲပြကျပီး ကုန်းကောက်စရာ မရှိဖြစ်နေတော့ သူတို့ရဲ့ တကယ့် လူ့အခွင့်အရေးကို ကာကွယ်ပေးတာ၊ ‘မ’တင်ပေးတာ ဘဲလို့ ကျနော် ယူဆတယ်။

ကိုအေးလွင်တို့ နဲ့ ဘာကွာသလဲဆိုယင် ကိုအေးလွင်တို့ က ပါတီထောင်တာ ရွေးကောက်ပွဲအတွက် ပြင်ဆင်နေတာဖြစ်တယ်။ ဆန်ရှင် ဆန့်ကျင်ရေးဟာ သူတို့ပါတီရဲ့ လုပ်ငန်းစဉ်ထဲမှာ လုပ်ငန်းတစ်ခုမျှသာ ဖြစ်ပြီး ကျနော်ကတော့ ဆန်ရှင် ဆန့်ကျင်ရေး တစ်ခုတည်း ကို လုပ်တာ ဖြစ်တယ်။ အဲဒါကို လုပ်ရာမှာ နိုင်ငံရေးအသိုင်းအ၀ိုင်းထက် လူထု (grassroot) လုပ်ငန်းကို ပို အားသန် တယ်။ လူသာမန် အရပ်သားတွေပါမလာဘဲနဲ့  ဘယ်ကိစ္စမှအရာမရောက်ဘူး ”

ဆန်ရှင်ဆန့်ကျင်ရေး သတင်းစာရှင်းလင်းပွဲမလုပ်ခင် အလံနီအနွယ်ဝင် နိုင်ငံရေးသမားတချို့နှင့် ပူးတွဲ၍ နိုင်ငံရေး အင်အားစု များ ညီညွတ်ရေး ဆိုသည့် ပွဲတစ်ခုလုပ်ခဲ့သေးသည်ကို ပြည်ပမီဒီယာများတွင် တွေ့လိုက်ရသေးကြောင်း သံတော်ဆင့် က ထောက်ပြရာ

“ ဟုတ်ပါတယ် အဲဒါကလဲ ခုနကပြောတဲ့ စီးပွားရေးပြဿနာတွေအရင် ရှေ့ကခံနေတဲ့နိုင်ငံရေးပြဿနာ အထူးသဖြင့် အကွဲအပြဲ တွေကို ကျနော်တတ်နိုင်သမျှ ကူညီတဲ့ သဘောလောက်ပါ။ အဲဒီမှာလဲ ကျနော် စိတ်တိုင်းမကျတာကလေး တစ်ခုကို အောင့်သက်သက်နဲ့ သည်းခံ လုပ်ခဲ့ပါတယ်။ ကျနော့် အာသီသက နိုင်ငံရေး အကူးအပြောင်းအတွက် ပူးပေါင်း ဆောင်ရွက်နိုင် ကြအောင် ဘယ်သူ့ ခေါင်းစဉ်မှမတတ်ဘဲ အားလုံးကို ဖိတ်ခေါ်ဘို့ အကြံပြုခဲ့တာပါ၊ ဒါပေမဲ့ ကျနော် ဒုလ္လဘ ရဟန်းခံ အပြီး ပြန်လာတော့ ပွဲစီစဉ်တဲ့လူက သူပါဝင်ထားပြီး - ခေါင်းဆောင်မှု အရှုပ်အရှင်း ရှိနေသေးတဲ့ နိုင်ငံရေး အုပ်စု တစ်ခု နိုင်ငံရေး ဆိုင်းဘုတ်ကို သုံးပြီး ဖိတ်စာတွေ ပို့လိုက်တော့ တက်ရောက်သူ ဦးရေ မျှော်လင့်ထား တာထက် နည်းသွားတယ်။ ကျနော် ပြောချင်တာ တွေကိုတော့ တက်လာတဲ့ ပရိဿတ်ကို ပြောလိုက်နိုင်ပါတယ်။ ဒါကြောင့် နောက်တပွဲ ဖြစ်တဲ့ သတင်းစာ ရှင်းလင်းပွဲကို ကျနော်တို့ ရှစ်လေးလုံး ကျောင်းသား ရဲဘော်ဟောင်းများရဲ့ အကူအညီနဲ့ ထပ်စီစဉ်ပြီး ဆန်ရှင် ဆန့်ကျင်ရေး အရပ်သား သက်သက် လှုပ်ရှားမှုကို အစိုးရ အကူအညီ နဲနဲမှ မပါဘဲ ဖေါ်ဆောင်နိုင်ဘို့ ကျိုးစားခဲ့တာပါ။ ” ဟု ရှင်းလင်း ပြောဆိုသည်။

ကနေဒါပြန်ရောက်ပြီးနောက် သူဘာဆက်လုပ်မလဲဟူသော သံတော်ဆင့် မေးမြန်းချက်ကို ကိုရောင်နီဦးက ‘သူ တစ်ယောက်တည်း လှုပ်ရှားနေတာကို ဆက်မြင်ကောင်း မြင်နေရဦးမည် ဖြစ်သော်လည်း သူတစ်ယောက် တည်းတော့ မဟုတ် တော့ကြောင်း။ ပြည်တွင်းက ဆန်ရှင်ဒဏ်ခံ ဒုက္ခသည်များ၏ တာဝန် ပေးမှု (mandate)ကို ယူ၍ ပြန်လာတာဖြစ်ကြောင်း၊ သူ ဘာ ဆက်လုပ်မည်ကို ကြိုတင် ထုတ်ဖေါ် ပြောရန် မသင့်သေးကြောင်း စောင့်ကြည့်ရန်သာ ပြောနိုင်သေးကြောင်း’ ပြောဆို သွားသည်။

ကိုရောင်နီဦး၏ မြန်မာပြည်ခရီးအတွေ့ အကြုံ မေးမြန်းချက်ကို ဆက်လက်တင်ဆက်ပေးပါမည်။
မြန်မာသံတော်ဆင့် မှ

1 comment:

Nayminthuria said...

ရောင်နီဦးရေ....ခင်ဗျားကို ၀ိုင်းပြောလို့ အားမငယ်နဲ့ ။ ခင်ဗျားလို လူတွေလောကမှာ အများကြီး။ ဇာနည်တို့ ၊အေးလွင်တို့  လောလောလတ်လတ် နေစိုးမြတို့ အကုန်ရှိတယ်။ မပူနဲ့ 

Post a Comment

ယခင် သတင်းများ ဖတ်ရန်