Wednesday, April 22, 2009

လူ၅၀ လူ၁၀ယောက် လူသန်း၅၀ အပိုင်း(၁)

ဟိန်းထက်စံ under ဆောင်းပါး

မန္တလေးသား ဂီတပါရမီရှင် အကျော်အမော် ဆရာမြို့မငြိမ်းရဲ့ စကားလေးနဲ့ စလိုက်ချင်ပါတယ်။ “ခေတ်မီမီ ကမ္ဘာကြည့် ကြည့်မြင်ကြရအောင်လားဗျာ။ ဟုတ်ကဲ့။ အဲ့ဒီလိုကြည့်မြင်လိုက်တော့ မြန်မာ့လက်ရှိ နိုင်ငံရေးကို ကမ္ဘာ့အကြီးဆုံး ရယ်စရာဟာသတစ်ခုလိုလို၊ ကမ္ဘာ့ရင်နာစရာအကောင်းဆုံး ရောဂါတစ်ခုလိုလို မြင်လာမိတယ်ဗျ။ လူယုတ်မာ လူ၅၀က လူကောင်း ၁၀ယောက်ရှိနေရက်နဲ့ လူကောင်း သန်း၅၀ကို အနိုင်ကျင့်နှိပ်စက် ငရဲတွင်းထဲ တွန်းပို့နေတဲ့ကိစ္စပါ။ လူယုတ်မာ လူ၅၀ဆိုတာက န အ ဖကို ပြောတာ။ လူကောင်း ၁၀ယောက်ဆိုတာက လူထုအပေါ် သစ္စာရှိတဲ့ ပညာရှင် ၁၀ယောက်ကိုပြောတာ။ လူကောင်း သန်း၅၀ဆိုတာက မြန်မာတစ်နိုင်ငံလုံး လုပ်သားထု လူထုကိုပြောတာ။ န အ ဖကို လူယုတ်မာ၅၀လို့ ဘာလို့ ကျွန်တော်ပြောတာလဲ။ ပထမ မဆိုင်တာဝင်လုပ်တယ်။ ဒုတိယ မဆိုင်တာဝင်လုပ်ရာမှာ လူသတ်တာ တစ်ခုထဲကိုပဲ စွဲစွဲမြဲမြဲ ဇောက်ချလုပ်တယ်။ ဒီလိုလူမျိုးကိုမှ လူယုတ်မာလို့မခေါ်ရင် ဘယ်လိုလူကို ခေါ်ရတော့မလဲ။ ရှင်းပြစရာသုံးခုရှိတယ်။ ဘာလို့ လူ၅၀လို့ သတ်မှတ်တာလဲ။ ဘာလို့ မဆိုင်တာဝင်လုပ်တယ်လို့ ပြောရတာလဲ။ ဘာလို့ စွဲစွဲမြဲမြဲ လူသတ်တာတစ်ခုထဲလို့ ပြောရတာလဲ။

လူ၅၀ဆိုတာ မှတ်ရလွယ်အောင် သုညနောက်ဆုံးနဲ့ ဖြတ်ပစ်လိုက်တာပါ။ ရှေ့နောက် ၄ယောက် ၅ယောက်လောက် ပိုချင်ပို လျော့ချင်လျော့မယ်။ န အ ဖဆိုတာ ပုံပြင်လေးတစ်ခုလို ပြောရရင် စစ်တပ်ဆိုတဲ့ အောက်ခြေစစ်သားထုက ပေါက်ထွက်လာတဲ့ အပင်လေးဗျ။ အဲဒီအပင်လေးက လွန်ရောကျွံရောမှ ၅၀ပဲရှိနိုင်မယ်။ ဒါကြောင့် လူ၅၀လို့ ဖြစ်သွားတာ။ အောက်ခြေစစ်သားထုကတော့ ၅သိန်းရှိတယ်။ ဒါပေမယ့် အဲဒီလူ၅၀က တော်တော်လူလယ်လုပ် လူပါးဝတယ်။ အောက်ခြေ ၅သိန်းကို ကျွန်လိုသဘောထားတယ်။ ၅သိန်းထဲက အနည်းအကျဉ်းကိုလဲ စီးပွားရေးမက်လုံး အာဏာမက်လုံးတွေပေးပြီး ကျွန်ယုံကြီးတွေအဖြစ် မွေးစားထားတယ်။ န အ ဖ လူ၅၀ကလွဲလို့ ကျန်တဲ့စစ်သားထု ၅သိန်းဟာ ကျွန်တွေ နွားတွေဖြစ်ကုန်တာပေါ့။ လူဖြစ်ရက်နဲ့ ကျွန်ဖြစ်နွားဖြစ် ဖြစ်ရတာ ရင်နာစရာကြီးပါ။ န အ ဖဘက်ကတော့ ကျွန်မလုပ်ပါ နွားမလုပ်ပါလို့ အောက်ခြေစစ်သားထု ၅သိန်းကို ဆင်ခြေတွေပေးထားတယ်။ ဒီစာနောက်ပိုင်း သူ့နေရာသူရောက်တဲ့အခါ အဲဒီဆင်ခြေတွေကို ချေဖျက်ပြပါ့မယ်။ မဆိုင်တာဝင်လုပ်တယ်ဆိုတာက နိုင်ငံကိစ္စ နိုင်ငံရေးတွေကို နေရာတကာဝင်လုပ် (တကယ်တော့ ဝင်လုတာလို့ ပြောမှမှန်မယ်) နေတာကိုပြောတာ။ န အ ဖဟာ လွန်ရောကျွံရော လူလေး၅၀လို့ ပြောခဲ့တယ်မို့လား။ လူ၅၀နဲ့ ဘယ်လိုလုပ် လူသန်း၅၀ကိစ္စ နိုင်ငံကိစ္စ နိုင်ငံအရေးကို ဆောင်ရွက်နိုင်မှာလဲ။ အဲဒါကိုပဲ ကမ္ဘာ့အကြီးဆုံး ရယ်စရာဟာသလို့ ဆိုချင်တာ။ တကယ်တော့ နိုင်ငံအရေး နိုင်ငံကိစ္စကို နိုင်ငံကသာ ဆောင်ရွက်ရမှာ။ နိုင်ငံလို့ဆိုထား မဟုတ်လား။ ဒါကြောင့်လဲ နိုင်ငံကိစ္စ နိုင်ငံအရေးကို နိုင်ငံတစ်ခုတည်း တစ်မျိုးတည်းကသာ ဆောင်ရွက်နိုင်တယ်ဆိုတဲ့ သံမဏိစည်းဘောင်ကြီး တစ်ပါတည်းရှိလာခဲ့တာ။ သံမဏိဖြစ်လို့ ဘယ်သူမှ အစားဝင်လို့မရဘူး။ နိုင်ငံက လွတ်လွတ်လပ်လပ် စလယ်ဆုံး တစ်လျှောက်လုံး ရွေးချယ်ခွင့်ပြုထားတဲ့ နိုင်ငံကိုယ်စားလည် အစစ်အမှန်တွေကလွဲလို့ တစ်ခြားဘယ်သူမှ ကိုယ်စားဝင်လို့မရဘူး။ အကြားအမြင်ရသလိုလို ဘာလိုလိုနဲ့ နိုင်ငံအတွက် နိုင်ငံကိုယ်စား ဝင်လုပ်ရပါတယ်ဆိုတဲ့၊ ပြီးတော့ နိုင်ငံရဲ့ စလယ်ဆုံး လွတ်လွတ်လပ်လပ် ရွေးချယ်ခွင့်ပြုမှု မပါတဲ့ အချိုးမျိုးနဲ့ဝင်လုပ်လို့ (ဒီနေရာမှာလဲ ဝင်လုလို့ပြောမှ မှန်မယ်) မရဘူး။ န အ ဖ လူ၅၀ဟာ ဒီလို အကြားအမြင်အချိုးမျိုးနဲ့ (အကြားအမြင် ဟုတ်လဲမဟုတ်ဘဲနဲ့) နိုင်ငံရဲ့ ရွေးချယ်မှုမပါဘဲနဲ့ ဝင်လုတာသာဖြစ်တယ်။ နိုင်ငံဆိုတာ လူထု၊ လူထုဆိုတာ နိုင်ငံ၊ သူ့ဟာနဲ့သူ ရှင်းနေကောင်းနေတာပဲ။ နိုင်ငံကိစ္စ နိုင်ငံအရေးကို လူထုကသာ စလယ်ဆုံးလုပ်လိမ့်မယ်။ လုပ်ပိုင်ခွင့်လဲ သူတစ်ယောက်ထဲမှာပဲ ရှိတယ်။ တစ်ခြား ဘယ်သူ့ဆီမှာမှ ဘယ်လိုမှ ရှိလို့မရဘူး။ န အ ဖ လူ၅၀ ဘာမှဝင်ရှုပ်စရာ မလိုဘူး။ နိုင်ငံကိစ္စ နိုင်ငံအရေးကို နိုင်ငံကသာ လုပ်ပိုင်ခွင့်ရှိတယ်။ တစ်နည်းအားဖြင့် လူထုတစ်ရပ်တည်းကသာ လုပ်ပိုင်ခွင့်ရှိတယ်။ န အ ဖ လူ၅၀ ဘာမှဝင်ရှုပ်စရာ မလိုဘူးဆိုတာ ရှင်းသွားရင်၊ န အ ဖ လူ၅၀ဟာ စွဲစွဲမြဲမြဲ လူသတ်တာတစ်ခုထဲ ဇောက်ချလုပ်တယ်ဆိုတဲ့ နောက်ဆုံးနဲ့ တတိယအချက်ကို ရှင်းပြလို့ရပြီ။ ဒီလို ယုတ္တိဗေဒလေးနဲ့ ဇယားချကြည့်။ နိုင်ငံကိစ္စ နိုင်ငံအရေးသည် လူထုကသာ လုပ်ပိုင်ခွင့်ရှိသော အရာဖြစ်သည်။ န အ ဖသည် နိုင်ငံ၏ လက်နက်တိုက်ကြီးတစ်ခုလုံးနှင့် နေထိုင်ရသူဖြစ်သည်။ န အ ဖသည် နိုင်ငံကိစ္စကို အခွင့်မရှိဘဲ လုယူသည်။ ထို့ကြောင့် လူထုအတွက် န အ ဖသည် လူသတ်သမား ဖြစ်သွားသည်။ လုပ်ပိုင်ခွင့်လုံးဝမရှိတဲ့ နိုင်ငံကိစ္စ နိုင်ငံအရေးကို လက်နက်တိုက်ကြီး ခွထိုင်ထားတဲ့ န အ ဖ လူ၅၀က ဇွတ်အတင်းလုယူမှတော့ န အ ဖ လူ၅၀အဘို့ လူသတ်တာပဲ စွဲစွဲမြဲမြဲ ဇောက်ချလုပ်ဘို့ တစ်ခုထဲပဲရှိတော့တာပေါ့။ သူ့မှာ သူ့ဘက်က လိုက်လုပ်ပေးနိုင်တာဆိုလို့ (လူထုက သူ့ဘက်က ဘယ်လိုမှမဟုတ်တဲ့အတွက်) လက်နက်တိုက်ကြီးပဲ တစ်ခုတည်း ထီးထီးကြီးရှိတော့တယ် မဟုတ်လား။ န အ ဖ လူ၅၀က အောက်ခြေစစ်သားထု ၅သိန်းကို နွားမလုပ်ပါ၊ ကျွန်မလုပ်ပါလို့ ဆင်ခြေတွေ ပေးထားတာရှိတယ်။ အခု အဲဒီဆင်ခြေတွေကို ခြေဖျက်ပြပါ့မယ်။ စစ်သားဆိုတာ အထက်လူကြီးရဲ့ စစ်မိန့်ုကိုသာ နာခံရမယ်။ စစ်မိန့်လွဲတဲ့ တစ်ခြားအမိန့် ဘယ်အမိန့်မှ နာခံစရာမလိုဘူး။ အထက်လူကြီးကလဲ စစ်မိန့်ကလွဲလို့ တခြားဘာအမိန့်မှ ပေးစရာမလိုဘူး။ စစ်မိန့်ဆိုရာမှာလဲ တိုင်းတစ်ပါးက ကျူးကျော်လာမှသာ မဲပေးခွင့်ရှိတယ်။ တိုင်းတစ်ပါးက ကျူးကျော်လာတယ် မလာဘူးဆိုတာလဲ လူထုကသာ ဆုံးဖြတ်ခွင့်ရှိတယ်။ ကုန်ကုန်ပြောမယ်။ စစ်တပ်က သေနတ်ကို ပစ်ခတ်အသုံးပြုရမယ်ဆိုတာလဲ လူထုက ဆုံးဖြတ်ပေးပြီးမှ သေနတ်ကိုင်ခွင့်ရှိတယ်။ ဒါပထမခြေဖျက်ချက်။ နိုင်ငံရယ်လို့ တည်ထောင်လာတာ၊ နိုင်ငံတော် နိုင်ငံရေးလို့ ဖြစ်လာတာဆိုတာ လူထုကြောင့်ဖြစ်လာတာ။ ဒါကြောင့် နိုင်ငံသည်လူထု လူထုသည်နိုင်ငံဆိုတာပဲ ဖြစ်ရမယ်။ ပြီးတော့ လူထုဆိုတာ အမြဲရှိတယ်။ ဒါကြောင့် လူထုကို ဘာနဲ့မှ အစားထိုးလို့မရဘူး။ နိုင်ငံကို လူထုကမွေးဖွား ပေးတယ်။ နိုင်ငံဟာ လူထုကဆင်းသက်လာတယ်။ နိုင်ငံနဲ့လူထု အတူတူပဲ။ နိုင်ငံလို့ပြောရင် လူထုလို့ ပြောတာဖြစ်တယ်။ တိုက်ရိုက်ဆင်းသက်တယ်။ ကြားဖြတ်ကြားခံ ဝင်ခုတာမရှိဘူး။ မရှိရဘူး။ နိုင်ငံနဲ့ လူထုဟာ စည်းပိုင်းနေတဲ့ တစ်လုံးတစ်ခဲ ထုထည်ကြီးဖြစ်တယ်။ ဒါကြောင့် နိုင်ငံကို ပိုင်ဆိုင်သူဟာ လူထုတစ်ဦးတည်းပဲ ဖြစ်တယ်။ အခြား ဘာကမျ ဝင်လုဝင်ပြိုင်လို့မရဘူး။ ဘာညာအကြောင်းပြ လူထုဆန္ဒမပါဘဲ ကိုယ်စားထိုးလို့လဲ မရဘူး။ ကိုယ်စားထိုးဘို့ လိုလာရင်လဲ လူထုဆန္ဒ၊ တနည်းအားဖြင့် လွတ်လပ်ပြီး တရားမျှတသော (စစ်တပ်မှ ဦးမစီးရ၊ လူထုသန့်သန့်ကသာ ဦးစီးဦးဆောင်လုပ်ရမည်) ရွေးကောက်ပွဲများနဲ့ ရွေးချယ်ပေးမယ်။ ကိုယ်စားထိုးကိစ္စမှာ ဒီနည်းကလွဲလို့ တစ်ခြားနည်းမရှိဘူး။ န အ ဖ က ဦးစီးဦးဆောင်လုပ်တယ်ဆိုတာ လူထုကို စော်ကား သစ္စာဖေါက်လိုက်တာပဲ။ န အ ဖ ဟာ အကြားအမြင် သိဒ္ဓိပေါက်တဲ့လူမဟုတ်လို့ ကိုယ်စားဝင် ဆင်ခြေပေးလို့မရဘူး။ လူထုက လူထုဘာသာ၊ စစ်တပ်လုံးဝမပါ၊ သူ့ဖာသာ လုပ်လိမ့်မယ်။ လုပ်ခွင့်လဲရှိတယ်။ လုပ်လဲလုပ်တတ်တယ်။ လုပ်ခွင့်ဆိုတာလဲ လူထုမှာပဲရှိတယ်။ စစ်တပ်မှာ မရှိဘူး။ လူသတ်ရတဲ့ စစ်တပ်ကို ရွေးကောက်ပွဲ လုပ်ခွင်ပေးတာဟာ လူသတ်လိုင်စင် ခွင့်ပြုလိုက်တာနဲ့ အတူတူဖြစ်သွားတယ်။ ဒါ ဒုတိယခြေဖျက်ချက်။ အောက်ခြေ စစ်သားထုက စစ်သားဟာ သူ့အလိုနဲ့သူဆို (လက်ထဲမှာ သေနတ်ရှိနေပေမဲ့) ဘယ်တော့မှ လူမသတ်ဘူး။ ဒီအသိဟာ တိုင်းပြည်နိုင်ငံရေးကို ကောင်းမွန်မှန်ကန်သော နိုင်ငံနဲ့ နိုင်ငံရေး ဖြစ်ဘို့အတွက် သက်တမျှအရေးကြီးတယ်။ ဒါကြောင့် စိတ်ထဲစွဲသွားအောင် တစ်ခေါက်ထပ်ပြောပါရစေဦး။ “စစ်သားသည် သူ့အလိုနှင့်သူ ဘယ်တော့မှလူမသတ်”။ အမှန်တော့ အခေါက်ခေါက်အခါခါ မမေ့မလျော့ အမြဲလဲပြော အမြဲလဲအပြောအတိုင်း လိုက်နာနေသင့်တာပါ။ ထားပါတော့။ အခုတော့ မြန်မာပြည်မှာ ၆၂ အရေးအခင်း၊ ၈၈အရေးအခင်း စတဲ့ စစ်တပ်ပစ်ခတ် လူသတ်ပွဲကြီးတွေ သွေးချင်းချင်းနီခဲ့ပြီ။ လူသတ်တယ်ဆိုတာ ကမ္ဘာမှာ အဆိုးဆုံးတွေထဲက အဆိုးဆုံးတစ်ခုပါ။ ဘယ်ဘာသာရေးကမှ ခွင့်မပြုဘူး။ လူမသတ်ချင်တဲ့ အောက်ခြေစစ်သား။ ဘာလို့ ဒီလိုဖြစ်သွားရတာလဲ။ န အ ဖ လူ၅၀က ခိုင်းလို့ဖြစ်သွားရတာ။ န အ ဖ လူ၅၀ကလွဲလို့ တစ်ခြားဘာမှမဖြစ်နိုင်ဘူး။ အဆိုးဆုံးဖြစ်တဲ့ လူသတ်မှုကိုတောင် (အလိမ်အညာတွေနဲ့) ကျူးလွန်နိုင်တာဆိုတော့ န အ ဖ လူ၅၀က အောက်ခြေစစ်သားထု၅သိန်းကို နွားလိုကျွန်လို သဘောထားတယ် နွားလိုကျွန်လို ခိုင်းတယ်ဆိုတာ ရှင်းသွားပြီ။

ရေးသားသူ။ ။ သမာသမတ်
http://thirdeye4u.22web.net/?p=3360#more-3360 မှ ဝေမျှတာပါ

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်