Monday, March 2, 2009

ွှအရူး ပါး..

အရူး စာ
မနက်အလုပ်သွားတိုင်း ကျွန်တော်မြင်နေကြ မြင်ကွင်းလေးတခုရှိတယ်.
လမ်းမပေါ်မှာ တစုံတခုကို သဲသဲမဲမဲ နေ့စဉ်ရှာနေတဲ့ သူတယောက်ပါ.သူ့ကိုတွေ့တိုင်း သူ့မျက်လုံးအစုံက လမ်းမထက် ကို ကြည့်လျက်ပဲ.တခါတရံတော့ သူရှာတဲ့အရာကိုတွေ့ပြီး ဇိမ်ကျနေတဲ့ မျက်နာမျိုးလဲ တွေ့ရတယ်. အ၀တ်အစားတွေ ညစ်ပေနေပေမယ့် သူ့ကိုစိတ်မနံ့တဲ့သူလို့ ရုတ်တရက် ထင်ဘို့မလွယ်ဘူး.သူကနေ့တိုင်း လမ်းမပေါ်မှာ သူများလွှင့်ပစ်ထားတဲ့ ဆေးလိပ်တိုတွေကို လိုက်ရှာတတ်တယ်. သူအတွက် ဆေးလိပ်တိုက ဘာနဲ့မှ မလဲနိင်လောက်တဲ့ ပစ္စည်းဖြစ်နေသည်.လမ်းမပေါ်က ဆေးလိပ်တို ဆိုတော့
လူတက်နင်း ထားတာဖြစ်ဖြစ် ယာဉ်တစီးစီး တတ်ကြိတ်ထားတာ ကြောင့်ဖြစ်ဖြစ် အစီခံက ပြားနေတတ်တယ်.
ဒါပေမယ့်နှစ်ရှိုက် သုံးရှိုက်လောက် သောက်လို့ရသေးလို့ကတော့ အဲဒီဆေးလိပ်တိုရဲ့ အစီခံကိုတယုတယ
ပြန်ပြုပြင်ပြီးကားတစီးစီးကို မှီပြီးအရသာခံ ရှိုက်တော့တာပဲ.သူ့အာရုံတခုလုံး ဆေးလိပ်သောက်ခြင်းမှာ
နှစ်မျောနေပုံမျိုးနဲ့ကို သောက်နေတာ.သူများကကုန်လို့ လွှင့်ပစ်ထားတာ ဆိုတော့ သူမှာကြာကြာ ဇိမ်ခံခွင့်မရပါဘူး.
နောက်တစ်တို ထပ်ရှာရတာပါပဲ.သောက်လိုက် ရှာလိုက်နဲ့ တနေ့ပြီးတနေ့ ကုန်သွားတာပဲ.

စိတ်မနံ့တဲ့သူ ဖြစ်ပေမယ့် သူ့ရဲ့ ဆေးလိပ်တိုတွေ အပေါ်မှာတော့တကယ်သစ္စာရှိတယ်.သနားတတ်တဲ့ သူတွေက ဆေးလိပ်အသစ်ပေးလဲ မယူဘူး.အတိုပဲ လိုက်ရှာပြီး သောက်သူဖြစ်သည်.
တချို့ ကတော့သောက်ပြီး တ၀က်လောက်ကျန်ရင် သူ့အတွက်ပစ်ချ ထားပေးတတ်သည်.ဒါကလည်း
သူ့အကြောင်းသိတဲ့ လူအနည်းငယ်ပါပဲ သူကအဲဒါမျိုး ဆိုရင်တော့လိုက်ကောက်ပြီးသောက်သည်.
သူ့ကိုတော့ ပါတ်ဝန်းကျင်ကို ဒုက္ခမပေးတဲ့ အရူးအမျိုးအစားထဲ ထည့်ထားရမည်. ပါတ်ဝန်းကျင်ကို ဒုက္ခပေးတဲ့ အရူးတယောက်လဲ မြန်မာပြည်မှာတုန်းက မြင်ဖူးသေးတယ်.
သူကတော့ အမျိုးသမီးဖြစ်သည်.မွန်လူမျိုးဖြစ်လို့ သူ့ကိုမွန်မလို့ ကျွန်တော်တို့ ရပ်ကွက်ကခေါ်သည်.
သူရူးပုံကတမျိုး..တခါတလေမှ ထထဖောက်ခြင်းဖြစ်သည်.ကျန်တဲ့ အချိန်တွေမှာတော့ လူကောင်းပါပဲ.
သူဖောက်နေပြီ ဆိုလည်း တရပ်ကွက်လုံး ချက်ချင်းသိသည်.သူစိတ်ဖောက်ပြန် နေချိန်ဆို မနက်မိုးလင်းတာနဲ့
တကိုယ်လုံး အလှပြင်ပြီး တလမ်းလုံး ညစ်တီးညစ်ပတ် စကားတွေပြောပြီး လမ်းလျှောက်တော့တာပဲ. အဲဒီလို အချိန်ဆိုအရင်က သူနဲ့ခင်တဲ့မိန်းမတွေလည်း ဝေးဝေးရှောင်ကြရတယ်.မရှောင်နိင်လို့ကတော့ တစ်တစ်ခွခွ ဆဲဆိုပြီး နူတ်ဆက်တတ်တယ်.မိန်းမတွေမပြောနဲ့ သူသွားထိုင်တဲ့ ဆိုက်ကားဂိတ်က ဆိုက်ကားသမားတွေတောင် မခံနိင်ပါဘူး ပြေးရတာပဲ.
စိတ်ဖောက်နေချိန်ဆို တခါတလေ ဓါးကိုင်ပြီး လမ်းမမှာ လျှောက်သွားနေတော့သည်.
ဒါဆိုရင်တော့ ရပ်ကွက်ထဲမှာလူတော်တော် ရှင်းနေတာ သေချာပြီ.ဘယ်သူမှ လမ်းပေါ် မထွက်ကြတော့ဘူး.
ကြောက်ကြတာလဲမပြောနဲ့ ဟိုအရူးမက အရူးလက်မှတ် ရထားတာ.မတော်..ဓါးနဲ့ထိုးသွားမှ နာမည်ပျက်ပြီး
သေရအုံးမယ်.သူ့အသံကလည်း ကောင်းတော့ လမ်းမကနေ ဆဲဆိုပြီး လျှောက်သွားရင် အိမ်ထဲမှာ
အတူတူထိုင်နေတဲ့မိသားစုတွေ မျက်နာပူကြရတာပဲ.အဲဒီလိုမျိုး ဒုက္ခပေးတာ.
အဲဒီထက် အခြေအနေ ဆိုးလာရင်တော့ အဲဒီအချိန်ကနာမည်အကြီးဆုံး ဖြစ်တဲ့ ဗိုလ်ချုပ်ခင်ညွှန့်ကို
နာမည်တတ်ပြီး ဆဲတော့တယ်.ဓါးကိုင်ပြီးလျှောက်ရမ်းနေတုန်းကထိန်းသိမ်းမယ့်သူမရှိပေမဲ့
အဲဒီအချိန်ကျရင်တော့ အဖေချစ်တဲ့သားတွေက ကားနဲ့ချက်ချင်း လာခေါ်သွားကြတာပဲ.
စိတ္တဇဆေးရုံခေါ်သွာပြီး ရှော့ရိုက် ဓါတ်စာနဲနဲ ကျွေးပြီးသုံးလေးရက်ထားပြီးပြန်လွှတ်လိုက်ကြတယ်.
အဲဒါဆိုရင် မွန်မပြန်ကောင်းသွားပြီလို့ သတ်မှတ်လို့ရပြီ.
မွန်မလည်း အပြင်ကို တော်တော်နဲ့ မထွက်တော့ဘူး.ငြိမ်ကုပ်သွားပြန်ရော.ဒါကသူ့ရဲ့ ပုံမှန်ဖြစ်စဉ်ပါပဲ.
စိတ်လွတ်နေချိန်မို့လို့လားတော့မသိဘူး.အဖြူ အစိမ်းဝတ်ထားတဲ့ကြံ့ ခိုင်ရေးအသင်းကလူတွေကိုတွေ့ရင် ဟေ့ဖွတ်ချီးတွေ လို့အော်တော့တာပဲ.ရပ်ကွက်ထဲမှာသူခေါ်လို့တွင်သွားတဲ့နာမည်တခုရှိတယ်.
အဲဒီအချိန်က မြို့ တိုင်း ရပ်ကွက်တိုင်းမှာမိခင်နဲ့ကလေး စောင့်ရှောက်ရေး အသင်းတွေ ဖွဲ့ခါစဆိုတော့ ရပ်ကွက်ထဲမှာ ဘာပွဲလေးပဲ ရှိရှိသူတို့က မပါမဖြစ်လေ.
အဲ..မွန်မစိတ်ဖောက်နေချိန် သူတို့အဖွဲ့နဲ့ တွေ့လို့ကတော့ မွန်မက YELLOW မ တွေလို့ အားရပါးရကို အော်ခေါ်တာ.
ကြားရတဲ့သူတွေက နားရှက်ရ ကောင်းမှန်းတောင်သတိမရပါဘူး.တိတ်တိတ်ရယ်ကြတာပဲ.
စိတ်ဆိုးလို့တော့ မရဘူးလေ.သူတို့ဝတ်စုံကလည်း အ၀ါရောင် ဆိုတော့ မွန်မခေါ်တာ မှန်တယ်လို့ပဲပြောရမှာပဲ.
သူရူးနေချိန်ဆို အ၀ါရောင်ဝတ်တဲ့သူတွေ ဝေးဝေးရှောင်ပေရော့ပဲ.
အလကားနေရင်း အခေါ်ခံရတော့ကြောက်ကြတယ်လေ.
(၂၈.၂.၀၉)
http://page-28.blogspot.com/ မှ ဖေါ်ပြပါတယ်

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်