Tuesday, March 17, 2009

သမိုင်းမှန် ကို ဂိုင်းမကန်စေချင်ပါ..

ယနေ့ နစ်နေမန်း ရဲ့ဘလော့မှာရေးထားတဲ့ (တံတားဖြူ) အရေးအခင်း အကြောင်းကိုရေးထားတာ နေရာမှာ (လုံးဝ ... လုံးဝ) ကိုမှားယွင်းနေပါတယ်။ တစ်စုံတစ်ယောက် (အမည်မဖေါ်ပြလိုပါ) က ပြန်လည်ပြောပြချက် ကိုရေးထားခြင်းပါ။

ရက်စွဲကိုတော့ မမှတ်မတော့ပါ။ ဒိုင်ယာရီစာအုပ် မှတ်တမ်းတွေက ကျန်နေခဲ့ပြီ။

နစ်နေမန်းရဲ့ဘလော့မှ ၁၉၈၈-ခုနှစ် မတ်လ (၁၇) ရက်နေ့မှာ ...
'ပါမောက္ခချုပ် ဒေါက်တာချစ်ဆွေ ကမိန့်ခွန်းပြောကြားခဲ့ပြီး ကျောင်းဝင်းအပြင်ကို မထွက်ပါက လုံခြုံပါတယ်လို့ပြောခဲ့ပါတယ် လို့ပြောခဲ့ပါတယ်။'

(လုံးဝ) ကိုမှားယွင်းနေပါတယ်။ ဒုတိယပါမောက္ခချုပ် ဦးဘသန်းဟက် (ယခု ကွယ်လွန်) ကသာလျင်ပြောကြားခြင်းပါ။ ထိုနေ့က ဒေါက်တာချစ်ဆွေ ဟာကြောက်လွန်းလို့ ဘွဲ့နှင်းသဘင်အဆောက်အဦးကြိးကို တံခါးတွေ ပိတ်၊ မဆလ ပါတီဝင် ဆရာတွေက ဝိုင်းရံ ထားရပါတယ်။ ထိုနေ့က သူကိုယ်တိုင် ကျနော့ဌာန ကိုဖုန်းဆက်ပြီး ဆရာငယ် (၃) ယောက်ပေးပါလို့ အမိန့်ပေးလို့ ကျနော် နှင့် အခြား ဆရာငယ် (၂) ဦး ဘွဲ့နှင်းသဘင်ခန်းမ ကို သတင်းသွားပို့ရပါတယ်။ ထိုစဉ်က ပင်မနယ်မြေ ကျောင်းသား အုပ်စုကြီး မာလာဆောင်ဘေး ဝင်ပေါက်မှ ... ထွက်သွားကြပြိးပြီ။ ကျနော်တို့ ဘွဲ့နှင်းသဘင်အဆောက်အဦးကိုရောက်တော့ မတ်လ နွေပူပူမှာ အဆောက်အဦးကြီးရဲ့ တံခါးတွေကို ပိတ်ထားပြီး .... ရဲတိုက်ကြီးလိုဖြစ်နေပြီး ဒေါက်တာချစ်ဆွေ ဟာသူ့ရုံးခန်းအတွင်းက တောင်မထွက်ရဲပါ။ ဂျွန်လ အရေးအခင်း တိုင်သည်အထိ ဒေါက်တာချစ်ဆွေ ကျောင်းသားတွေ နှင့်ပင် စကားမပြောခဲ့ပါ။ အစစအရာရာ ဦးဘသန်းဟက် ကသာလျင်ဖြေရှင်းပေးခဲ့ပါတယ်။

'ရန်ကုန်တက္ကသိုလ် ကျောင်းသူကျောင်းသားတွေ ကြံတောသင်ချိုင်း မှ ရန်ကုန်တက္ကသိုလ် ကျောင်းဝင်းအတွင်း ပြန်လာသောအခါ ကျောင်းဝင်းတစ်ခုလုံးကို စစ်သားများ၊ လုံထိန်းများ ထောင်နဲ့ချီပြီး ဘရင်းကယ်ရီယာများ နဲ့ ဝိုင်းရံပိတ်ဆို့ထားတာ တွေ့လိုက်ရတယ်။'

(လုံးဝကိုမှားပါတယ်)။ ရန်ကုန်တက္ကသိုလ်ဝင်းထဲ ကိုဝင်စီးတဲ့နေ့မှာ စစ်သားတွေ တစ်ယောက်မှ မပါ ပါ။ လုံထိန်း သက်သက်တာပါ ပါတယ်။ ဘရင်းကယ်ရီယာ ဆိုတာဝေးလို့ လုံထိန်းသုံးတဲ့ ကားစုတ်ကားပဲ့ပဲ ပါပါတယ်။ ကျောင်းဝင်းအတွင်းကိုလည်း မနက် (၁ဝ) နာရီလောက်ကတည်း က လုံထိန်းတွေ တက္ကသိုလ်လမ်း နှင့် ပြည်လမ်း ထောင့် မှစပြီး ပိတ်ထားပါတယ်။ ကျနော်တောင် ကျောင်းဝင်းတွင်း ဝင်လို့ မရတာကြောင့် ဆူးလေဖက် ကိုပြန်လာရတယ်။ လုံထိန်းတွေ တက္ကသိုလ်ရိပ်သာလမ်းတလျောက် ပြည်လမ်းထိပ်မှ စလို့ ဆရာမများ အဆောင်ထိ ကျောင်းဝင်း သံတိုင်များတလျောက် ကို လှေကားတွေထောင်ပြီး ဝင်ရန်ပြင်ဆင်နေတာ ကိုတွေ့ခဲ့ရပါတယ်။ ကျောင်းဝင်းထဲ လုံထိန်းတွေ ဝင်စီးတဲ့နေ့က ကျနော် ကျောင်းအတွင်းဝင်လို့ မရသဖြင့် ကိုယ်တွေ့ အဖြစ်မရေးပြနိုင်ပါ။ သူငယ်ချင်းတွေ၊ ဆရာတွေ ထံကကြားခဲ့ရတာကတော့ ... ဒေါက်တာချစ်ဆွေ က ဌာနအားလုံးက ဆရာ၊ ဆရာမတွေကို ဘွဲ့နှင်းသဘင်အဆောက်အဦး အတွင်းသို့လာရန် အမိန့်ပေးလိုက်တယ်။ အားလုံးအတွင်းကို ရောက်တော့ တံခါးတွေကို ပိတ်လိုက်ပြိး အပြင်မှာ ဘာဖြစ်မှန်းကို မသိရအောင် ဆရာ၊ ဆရာမတွေ ကိုပိတ်လှောင်ထားလိုက်တယ်။ ဒါပေမဲ့ အဖြစ်မှန်ကိုလဲ သိရော ဆရာတွေ တချို့ ဘွဲ့နှင်းသဘင်အဆောက်အဦးရဲ့ တံခါးတွေကို အတင်းဖွင့်ပြီး ထွက်ကုန်ကြတယ်။ ဆရာမငယ်တွေကလဲ အော်ငိုကြပြီး တံခါးဖွင့်ပေးဖို့ အော်ကြတယ်။ ... အသေးစိတ်ကိုတော့ ကျနော် နောက်မှ ဆက်ရေးပါမယ်။

မတ်လ (၁၈) ရက်နေ့ မနက် ရန်ကုန်တက္ကသိုလ် ဝင်းအတွင်း အမရဆောင် မှဝင်တော့ စစ်တပ် ကျောင်းထဲရောက်နေတာ တွေ့ခဲ့ရတယ်။ စစ်သားတွေ သံခမောက်ဆောင်းထားတာတွေ့ရတယ်။ ကျနော် နှင့် သူငယ်ချင်း တိုက်ပုံအကျီဝတ်ထားပြီး ... ထိုစစ်သားတွေကို ဆရာမှတ်ပုံတင် ကပ်ပြတော့ ကောင်းကောင်းမွန်မွန် ဆက်ဆံပြီး ကျောင်းထဲ ဝင်ခွင့်ပေးခဲ့ပါတယ်။ ထိုနေ့က ရန်ကုန်မြို့လယ်ခေါင်မှာ မီးရှိ့တာတွေ၊ သိမ်ကြီးဈေး ကိုမီးရှို့ ဖျက်ဆီးဖြစ်ခဲ့ တဲ့နေ့ပေါ့။ အဲဒီလို မဖြစ်ခင် .... မနေ့က ကျောင်းဝင်းထဲ ကဖမ်းဆီးခေါ်ဆောင် သွားတဲ့ ကျောင်းသူ၊ ကျောင်းသား တွေကို အင်းစိန်ထောင်မှ သွားထုတ်ရန် အတွက် ဒုတိယပါမောက္ခချုပ် ဦးဘသန်းဟက် ဦးဆောင်တဲ့ အဖွဲ့ ဘွဲ့နှင်းသဘင် အဆောက်အဦး မှာ အထက်မှ ခွင့်ပြုချက် ကိုစောင့်နေတဲ့ အချိန်ပေါ့။ ကျနော်တို့ ဌာနမှ ဆရာ၊ ဆရာမ တွေလဲပူးပေါင်းပါဝင်ပြီး စောင့်နေတုန်း ရန်ကုန်မြို့ထဲက ဖြစ်ရပ်တွေကြောင့် အင်းစိန်ထောင် သွားရန် အကြောင်းပျက်ပျယ်ခဲ့ရပါတယ်။ နောက်မှ အသေးစိတ် ရေးပါဦးမယ်။

ဒီပိုစ့်ကတော့ .... နစ်နေမန်းဘလော့မှ ရေးသားချက်တွေကို ပြန်ရှင်းပြရခြင်းပါ။ ဝမ်းနည်းစရာကောင်းတာက နစ်နေမန်းဖေါ်ပြထားတဲ့
(အဖြစ်အပျက်အား ပြန်လည်ဖေါ်ပြ ရေးသားပေးသော ( ........ ) အား အထူးကျေးဇူး တင်ကြောင်း မှတ်တမ်းတင် ပြောကြားအပ်ပါသည်) တဲ့။
ထိုအမည်ရှင်ကတော့ (ကျူးဘစ်မင်ဘာ တစ်ဦးရဲ့ နစ်နိမ်း) ပါ ခင်ဗျား။
ကျနော်ရေးသားဖေါ်ပြချက်တွေက တကဲ့ အဖြစ်အပျက် ကိုယ်တွေ့တွေပါ။ သမိုင်းကြောင်း အမှန်တွေပါ။ ဖါးပြုတ်ကိုက် .... ခလုပ်တိုက် .... ဆိုတာမျိုး ... မချဲ့ကားစေချင် သလို .... အမှားအယွင်းတွေကို မရှိစေချင်ဖူး။

ကျေးဇူးတင်ပါတယ်။

ကိုလူချော

ကျနော်ကလည်း ဒီအကြောင်းကို ကိုရဲရင့်ငယ်ဆီက ယူ ပြီးတင်ထားမိတဲ့ အတွက် တာဝန်ရှိတာမို့  ကိုလူချောရဲ့ စာကို ရတဲ့ အတိုင်း ဖော်ပြပါတယ်။ ကျနော် မျက်မြင်ကိုယ်တွေ မဟုတ်တာ တော့ ၀န်ခံ ပါတယ်။

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်