Friday, March 20, 2009

ဆောက်လုပ်ရေးကဏ္ဍပြဿနာနှင့်ပတ်သက်ပြီးစစ်အစိုးရကိုဦးခင်ရွှေဝေဖန်


လက်ရှိ ဆောက်လုပ်ရေးကဏ္ဍတွင် ဖြစ်ပေါ်နေသည့် ပြဿနာများနှင့် ပတ်သက်ပြီး မတ်လ (၁၄) ရက်က ကျင်းပသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင်များ အသင်း (၁၁) ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေး၌ ဇေကမ္ဘာ ကုမ္ပဏီပိုင်ရှင် ဦးခင်ရွှေက ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြောင်း ဆောက်လုပ်ရေးလုပ်ငန်းရှင်တဦးက ပြောသည်။

၎င်းက “ဦးခင်ရွှေက ဆောက်လုပ်ငန်းရေးလုပ်ငန်းနဲ့ ပတ်သက်လို့ အစိုးရရဲ့ အခွန်စနစ်၊ ဘဏ်စနစ်၊ လက်ရှိ ပုဂ္ဂလိကတွေနဲ့ အကျိုးတူ ဆောက်ထားပြီး အစိုးရဘက်က သူရထားတာတွေကို လေလံပစ် ရောင်းချနေတာ စတာတွေ အားလုံးကို ထိုင်းနိုင်ငံက ဆောက်လုပ်ရေးလုပ်ငန်းတွေနဲ့ ဥပမာပေးပြီး ဝေဖန်သွားတယ်။ နောက် အစိုးရက ညွှန်ကြားထားတဲ့ အစိုးရနဲ့ ပုဂ္ဂလိကလုပ်ငန်းရှင်တွေ အကျိုးတူ လုပ်ထားတဲ့ ဆောက်လုပ်ရေးလုပ်ငန်း တွေက အမြတ်ငွေတွေကို ဒီမတ်လအကုန်မှာ အပြီးပေးချေရမယ်ဆိုတဲ့ကိစ္စ၊ ၂ဝဝ၂ ခုနှစ်က စတဲ့ အစိုးရနဲ့ ဖက်စပ် စီမံကိန်းဝင် ဆောက်လုပ်ရေး လုပ်ငန်းတွေအားလုံး ၂ဝဝ၉ နှစ်အကုန်မှာ အပြီးဆောက်ရမယ်ဆိုတဲ့ကိစ္စ တွေကိုလည်း မဖြစ်နိုင်ဘူးဆိုပြီး ပြတ်ပြတ်သားသား ပြောသွားတယ်။ ဦးခင်ရွှေလို ဗိုလ်ချုပ်ရွှေမန်းနဲ့ ခမည်းခမက် တော်သူက ခုလို ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေဘက်က ခုခံကာကွယ်ပြောတော့ အစည်းအဝေးလာတက်တဲ့ လုပ်ငန်းရှင်တွေက သဘောကျကြတယ်။ ဒါပေမယ့် အစိုးရက လိုက်လျောမလား၊ မလိုက်လျောဘူးလား မသိနိုင်ဘူး” ဟု ပြောသည်။

အစည်းအဝေးတွင် ဦးခင်ရွှေက ၁၉၉၆-၉၇ ထိုင်းနိုင်ငံ အိမ်ခြံမြေပြဿနာကစသည့် စီးပွားရေးအကျပ်အတည်းတွင် ပုဂ္ဂလိက ကဏ္ဍက ဆောက်လုပ်ထားပြီး ရောင်းမထွက်သည့် အဆောက်အဦများ၊ တိုက်ခန်းများကို အစိုးရပိုင်းက ယာယီ ဝယ်ယူပေးခြင်း၊ အမြတ်ခွန်နှင့် ဘဏ်တိုးနှုန်းများ လျှော့ပေးခြင်းအားဖြင့် ပြေလည်အောင် လုပ်ပေးခဲ့ ကြောင်း ဆိုသည်။

လက်ရှိ မြန်မာနိုင်ငံတွင်မူ ပုဂ္ဂလိက ဆောက်လုပ်ရေး လုပ်ငန်းရှင်များသည် နိုင်ငံစီးပွားရေး ကျဆင်းလာခြင်းနှင့် အတူ ၂ဝဝ၂ ခုနှစ်ခန့်ကစပြီး အခြအနေ မကောင်းခဲ့ကြောင်း၊ ထို့အပြင် အစိုးရက မြေစိုက် ပုဂ္ဂလိက လုပ်ငန်းရှင်က ကိုယ်တိုင်ဆောက်ပြီး အကျိုးအမြတ်အဖြစ် အစိုးရ (၃ဝ) ရာခိုင်နှုန်း၊ ပုဂ္ဂလိက (၇ဝ) ရာခိုင်နှုန်း ခွဲဝေယူနေရာမှ တဖြည်းဖြည်း (၄ဝ-၆ဝ)၊ နောက်ပိုင်း (၅ဝ-၅ဝ) အချိုး ပြောင်းလဲလာခဲ့သည့်အတွက် ပုဂ္ဂလိက လုပ်ငန်းရှင်များ နာလန်မထူနိုင်ဖြစ်ရသည့်အပြင် အမြတ်ခွန်ဆောင်ရသည့် ရာခိုင်နှုန်းကလည်း များကြောင်း၊ ယခုကဲ့သို့ အခက်အခဲများကြားထဲ၌ လုံးချင်းအိမ်ရာများ၊ တိုက်ခန်းများ ရောင်းမထွက်သည့်အပြင် ပြီးခဲ့သည့် နှစ်ကုန်ပိုင်း၌ အစိုးရက ၎င်းရရန်ရှိသည့် ဆောက်ပြီးသား လုံးချင်းအိမ်၊ တိုက်ခန်း (၅ဝ) ရာခိုင်နှုန်းကို အားလုံး သိမ်းယူပြီး လေလံတင် ရောင်းချခဲ့သည့်အတွက် ပုဂ္ဂလိက လုပ်ငန်းရှင်များ ပိုပြီး အထိနာနေရကြောင်း လုပ်ငန်းရှင်များက ပြောပြသည်။

ထို့အပြင် ရန်ကုန်မြို့ပေါ်ရှိ အစိုးရနှင့် ဖက်စပ်သဘော လုပ်ထားသည့် လှည်းတန်းလမ်းမှ လေယာဉ်ကွင်းနားအထိ စီမံကိန်းဝင် အဆောက်အဦ (၆ဝ) ကျော်ကိုလည်း ၂ဝဝ၉ နှစ်ကုန်၌ အပြီးလုပ်ပါ့မည်ဟု အတင်းအကျပ် လက်မှတ် ရေးထိုးခိုင်းခဲ့ကြောင်း၊ ဆောက်လုပ်ရေးလုပ်ငန်းရှင် အားလုံးက လက်မှတ်ရေးထိုးပေးခဲ့သော်လည်း မည်သူမှ ပြီးမည်မဟုတ်ကြောင်း ဦးခင်ရွှေက ပြောသည်။

၂၀၁၀ ပြည့်နှစ်မတိုင်မီ အစိုးရစီမံကိန်းများကို လက်စသတ်ရန် မြန်မာစစ်ခေါင်းဆောင်ပိုင်းက ၀န်ကြီးဌာနပေါင်းစုံ အား ဖိအားပေးနေသော်လည်း အချိန်မီ မပြီးနိုင်သဖြင့် စစ်အစိုးရ ၀န်ကြီးဌာနများနှင့် အကျိုးတူလုပ်ကိုင်နေသည့် ဦးခင်ရွှေကဲ့သို့ ပုဂ္ဂလိက လုပ်ငန်းရှင်များပါ ဘေးကျပ်နံကျပ် တွေ့နေခြင်းဖြစ်သည်။

ဦးခင်ရွှေ၏ ပြောကြားချက်များကို ခြုံငုံကြည့်ပါက အခြားနိုင်ငံတို့တွင် ပုဂ္ဂလိက လုပ်ငန်းရှင်များကို အစိုးရပိုင်းက နည်းလမ်းပေါင်းစုံသုံးပြီး အကူအညီပေးခဲ့ကြောင်း၊ မြန်မာနိုင်ငံတွင်မူ လုပ်ငန်းရှင်များကို လုံးဝညှာတာမှုမရှိဘဲ အစိုးရက သူ့ဘက်က သူရစရာရှိသည်များကို ယူနေခြင်းသာရှိကြောင်း ဆောက်လုပ်ရေးလုပ်ငန်းရှင်များက ရှင်းပြကြသည်။

လောလောဆယ် မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ လုံးချင်းတိုက်၊ တိုက်ခန်းဈေးနှုန်းများသည် အိမ်နီးချင်းနိုင်ငံများနှင့် နှိုင်းယှဉ်ပါက အနိမ့်ဆုံးဖြစ်သော်လည်း ဝယ်လိုအား မရှိသကဲ့သို့ ထပ်မံ တည်ဆောက်မည့်သူလည်း မရှိသလောက် ဖြစ်နေသည်။

ဇေကမ္ဘာကုမ္ပဏီပိုင်ရှင် ဦးခင်ရွှေသည် ဗိုလ်ချုပ်ခင်ညွန့်လက်ထက်ကတည်းက စစ်ခေါင်းဆောင်ပိုင်းနှင့် ရင်းနှီးခဲ့သူဖြစ်သည်။ ၁၉၉၇ ခုနှစ်က မြန်မာစစ်အစိုးရ သိက္ခာတက်အောင် ဆောင်ရွက်ပေးရေးအတွက် အမေရိကန် Public Relations ကုမ္ပဏီဖြစ်သည့် Bain & Associates Inc. ကို ငှားရမ်းကူညီခဲ့သူအဖြစ် နိုင်ငံတကာ သတင်းများ တွင် ပါခဲ့သည်။ ထိုအချိန်က ဦးခင်ရွှေအား ၀ါရှင်တန်တက္ကသိုလ်မှ ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ ပေးခဲ့သည်ဆို ခြင်းမှာ အကြံအဖန်လုပ်ထားခြင်းဖြစ်ကြောင်း အတိုက်အခံများဘက်က သက်သေပြပြီး သတင်းများ ထုတ်လွှင့်ခဲ့သည်။

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်