Friday, March 20, 2009

မစုစုနွေး ကလေးထောင်တွင် ကျန်းမာရေးဆိုးဝါးနေ


မစုစုနွေး
ကိုစိုး၊ဧရာဝတီ။ ။

စစ်အာဏာ ပိုင်များက ထောင်ဒဏ် နှစ်ရှည်ချမှတ် ထားပြီး ဝေးလံသည့် ကလေးမြို့ အကျဉ်းထောင်သို့ ပြောင်းရွှေ့ ခံထားရသော လူ့အခွင့်အရေး လှုပ်ရှားသူ မစုစုနွေး၏ ကျန်းမာရေး ဆိုးဝါး၍ ကလေးမြို့ဆေးရုံတွင် ဆေးဝါး ကုသမှု ခံယူရကြောင်း သိရသည်။

“သူ့ကျန်းမာရေးက ထောင်ထဲမှာ တော်တော်ဆိုးနေတာ၊ ဘာဖြစ်လို့လည်း ဆိုတော့ သူ့မှာ နှလုံးရောဂါ ဖြစ်နေ တာ၊ ထောင်ထဲမှာ အနေများတာလည်းပါတယ်”ဟု ကလေးမြို့ အကျဉ်းထောင် အသိုင်းအ၀န်းနှင့် နီးစပ်သူ တဦး ကပြောပြသည်။

မစုစုနွေးမှာ မွေးရာပါ နှလုံးရောဂါနှင့် လေးဘက်နာရောဂါတို့ကို ခံစားနေရသူဖြစ်ပြီး ရှောင်တိမ်းနေရစဉ် ကာလ အတွင်း ခွဲစိတ်ကုသမှု တကြိမ်ပြုလုပ်ခဲ့ရဖူးကြောင်း အစ်မ ဖြစ်သူ မဌေးဌေးကြည်က ပြောသည်။

“အခုလိုဖြစ်တယ်ဆိုရင်တော့ သူ့ကျန်းမာရေးကို ကျမတို့ စိုးရိမ်တယ်၊ ဒီလမကုန်ခင်သူ့ဆီကို ကျမတို့ သွားတွေ့ မယ်”ဟု မဌေးဌေးကြည်က ဧရာဝတီိသို့ ပြောဆိုသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းက နောက်ဆုံး ထောင်ဝင်စာ သွားတွေ့ခဲ့ပြီးနောက် ယခုလ ၁၅ ရက်နေ့က ထပ်မံ သွားရောက်ရန် စီစဉ်ထားသော်လည်း ငွေကြေး စရိတ်စက အခက်အခဲရှိ၍ မသွားရောက်နိုင်ခြင်း ဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။

မစုစုနွေးသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(အန်အယ်လ်ဒီ) အဖွဲ့ဝင် တဦးဖြစ်ပြီး ၂၀၀၇ ခု စက်တင်ဘာသံဃာ့ အရေးအခင်းနှင့်ပတ်သက်၍ စစ်အာဏာပိုင်များက ဖမ်းဆီး၍ ထောင်ဒဏ် ၁၂ နှစ် ခွဲ ချခံထားရသူဖြစ်သည်။ ၎င်းကို ၂၀၀၈ ခုနှစ် နိုဝင်ဘာ လအတွင်းက ကလေးထောင်သို့ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်