Saturday, March 21, 2009

ပါလက်စတိုင်းပြည်သူများကို သတ်ဖြတ်ခဲ့မှု အစ္စရေးစစ်တပ်ဝန်ခံ

ဂါဇာထိုးစစ်အတွင်း အပြစ်မဲ့ ပါလက်စတိုင်း ပြည်သူများကို ပစ်သတ်ခဲ့ကြောင်း အစ္စရေးတပ်မတော် အကြီးအကဲများက ၀န်ခံလိုက်သည်။ မတ်လ(၁၉)ရက်နေ့က စတင်စစ်ဆေးခဲ့သော စစ်ရာဇ၀တ်မှုဆိုင်ရာ ခုံရုံးအတွင်း ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ အစ္စရေးစစ်ကြောင်းများသည် (၂၀၀၈)ဒီဇင်ဘာလမှ (၂၀၀၉)ဇန်န၀ါရီလအထိ ဖြစ်ပွားခဲ့သော ထိုးစစ်အတွင်း ပါလက်စတိုင်း အရပ်သားများ၏ အသက်အိုးအိမ် စည်းစိမ်များကို ဖျက်ဆီးခဲ့ပါသည်ဟု စစ်တပ်အာဏာပိုင်များကဆိုသည်။ ခုံရုံးတွင် လာရောက်လေ့လာသူ ကျောင်းသားများအား စစ်သားတစ်ဦးက ၎င်းတို့သည် ပါလက်စတိုင်း မိသားစုတစ်စုကို ၎င်းတို့၏နေအိမ်မှ အတင်းအကြပ် ထွက်ခွာရန် အမိန့်ပေးခဲ့ကြောင်း၊ အမိန့်အတိုင်း ထိုမိသားစု ထွက်ခွာသွားချိန်တွင် အစ္စရေးSniperတစ်ဦးက ပစ်သတ်ခဲ့ကြောင်း ပြောကြားခဲ့သည်။ ၎င်းက တပ်မတော် အရာရှိသည် ထိုမိသားစုအား အိမ်၏ညာဖက်သို့ သွားစေခဲ့သော်လည်း အမေနှင့် ကလေးနှစ်ယောက်က နားမလည်ဘဲ ဘယ်ဖက်သို့ သွားခဲ့ကြောင်း၊ အဖြစ်အပျက်မှာ မြန်ဆန်လွန်းပြီး အမိုးပေါ်တွင် အသင့်နေရာယူထားသည့် Sniperသမားမှာ အရာရှိက အော်ဟစ်မတားဆီးနိုင်ခင် ပစ်ခတ်ခဲ့ပြီးဖြစ်ကြောင်း အဆိုပါစစ်သားက ရှင်းပြသွားသည်။

(အစ္စရေးစစ်တပ်၏ တိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် အဆောက်အဦတစ်ခု)

(စစ်ပွဲအတွင်း မြင်တွေ့ရသည့် အစ္စရေးစစ်သားများ)

ထို့အပြင် စစ်သားများသည် ပါလက်စတိုင်း နယ်မြေအတွင်း ဖျက်ဆီးမှုများကိုလည်း ပြုလုပ်ခဲ့ကြသေးသည်။ အိမ်များအတွင်းရှိ ရေခဲသေတ္တာများ၊ ပရိဘောဂများပါမကျန် ဖယ်ရှားဖျက်ဆီးခဲ့ကြောင်း စစ်သားများက ပြန်လည်ပြောပြခဲ့သည်။ အစ္စရေးထိုးစစ်အတွင်း ဂါဇာဒေသမှ ပါလက်စတိုင်းလူမျိုး (၁၃၀၀)ကျော် သေကြေခဲ့ရပြီး လူပေါင်းများစွာ ဒဏ်ရာရခဲ့သည်။ အစ္စရေးစစ်ဘက်ဆိုင်ရာ သင်တန်းကျောင်းအုပ်ဟောင်း ယာကော့ဗ် အာမစ်ဒေါရ်က အမျိုးသမီးများနှင့် ကလေးများကို ပစ်မှတ်ရှင်းရှင်းကြီးတွင် တွေ့နေရပြီး မိမိကိုအန္တရာယ်မပြုမှန်း သိနေလျက်နှင့် ပစ်ခတ်ခြင်းသည် လုံးဝမဖြစ်သင့်သော ရာဇ၀တ်မှုတစ်ခုဟု ရှုတ်ချခဲ့သည်။ အစ္စရေးစစ်ဘက်ဆိုင်ရာ အာဏာပိုင်များကမူ ၎င်းတို့အနေနှင့် တပ်လုံခြုံရေးကို အရေးပေးခဲ့ခြင်းသာဖြစ်ကြောင်း၊ ပါလက်စတိုင်း အသေခံဗုံးခွဲသမားများသည် စစ်ကြောင်းများအနီးသို့ အရပ်သားဟန်ဆောင်ပြီး ချဉ်းကပ်လာလေ့ရှိသဖြင့် ရှင်းလင်းပစ်ခတ်ရခြင်းသာဖြစ်ကြောင်း ဆင်ခြေပေးပြောကြားသွားသည်။
http://www.planet.com.mm/news/index.cfm/linkpage/desc/id/12147

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်