Monday, March 16, 2009

အခုမှ ဘဲ ဒီရွာတွေ ပင်လယ်ရေပြင်ထက်နိမ့်တာ သိတော့ တာလား..

နာဂစ်ဒဏ်ခံရွာ ၁၅ ရွာ ရွှေ့ရမည်
Monday, 16 March 2009 17:24 အောင်သက်ဝိုင်း
နာဂစ်မုန်တိုင်း အဆိုးရွားဆုံး ခံခဲ့ရသော လပွတ္တာ မြို့နယ်အတွင်းရှိ ကျေးရွာ ၅၀၀ နီးပါး ရှိသည့်အနက် ပင်လယ်နှင့် နီးသည့် ကျေးရွာ ၁၅ ရွာကို ရွှေ့ပြောင်းရန် အမိန့်ထုတ်ပြန် ထားကြောင်း လပွတ္တာမြို့နယ် မယက (အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ) ရုံးမှ စုံစမ်းသိရှိရသည်။

နာဂစ် ဆိုင်ကလုန်းမုန်တိုင်းဒဏ် ခံခဲ့ရသည့် ဘိုကလေးဒေသကို ၂၀၀၈၊ မေ ၂၅ ရက်နေ့က ဤသို့ မြင်တွေ့ရသည် (ဓာတ်ပုံ - အေပီ)
ပင်လယ် ရေမျက်နှာပြင်ထက် နိမ့်ကျနေသည်ဟု ဆိုကာ အဆိုပါ ၁၅ ရွာကို ပြောင်းရွှေ့မှုများ ပြုလုပ်ရန် လပွတ္တာမြို့နယ် တာဝန်ကျ စစ်ဗျူဟာမှူး အမိန့်ဖြင့် ညွှန်ကြားချက် တရပ်ကို လအတော်ကြာ ကတည်းကပင် ထုတ်ပြန်ထားပြီး ဖြစ်ကာ တဖြည်းဖြည်း ပြောင်းရွှေ့သွားရမည့် အဆိုပါ ကျေးရွာများ စာရင်းကို လပွတ္တာမြို့ အခြေစိုက် ကုလသမဂ္ဂ နှင့် INGO အဖွဲ့အစည်းများထံ စာရင်း ပေးပို့ထားပြီး ဖြစ်ကြောင်း လပွတ္တာ မယက အဖွဲ့ဝင်တဦးက ပြောသည်။

“ဗျူဟာမှူး အမိန့်နဲ့ ရွာတွေ ပြောင်းခိုင်းတာပါ။ ရွာသားတွေက မပြောင်းချင်ကြဘူး” ဟု အဆိုပါ လပွတ္တာ မယက အဖွဲ့ဝင်က ဆိုသည်။

ပြောင်းရွှေ့ရန် အမိန့်ထုတ်ခံထားရသည့် သင်္ဃန်းကြီး၊ သင်္ဃန်းကြီး (ရွာလေး)၊ ဆိပ်ကလေး၊ ဒူးဂုတ်၊ ကန်ကြီး၊ ဂုံညင်းတန်း၊ သင်္ဃန်းလေး စသည့် ကျေးရွာ ၇ ရွာကို ငလျှင်ကျော် ချောင်းဝ ကျေးရွာသို့ လည်းကောင်း၊ ဖိုးမီ၊ ရွေး၊ ဂွေးချောင်း ရွာ ၃ ရွာကို ချောင်းကျိုး အရှေ့ဘက် ကျေးရွာသို့ လည်းကောင်း၊ အလံတရာကြီး၊ အထက်စု၊ ကန့်မလာတပင် ကျေးရွာသုံးရွာကို ဒရယ်ဖြူ ကျေးရွာသို့ လည်းကောင်း၊ ပြင်ကနူကုံး၊ ပြင်ကနူဝ ကျေးရွာနှစ်ရွာကို ပိတောက်ကုန်း ကျေးရွာသို့ လည်းကောင်း အသီးသီး ပြောင်းရွှေ့ရမည်ဟု အမိန့်စာတွင် ပါရှိသည်။

“ပြောင်းဖို့ အမိန့် ထုတ်ထားတဲ့ ကျေးရွာတွေက လူတွေကို ပြောင်းရွှေ့ နေရာချထားပေးမယ့် ကျေးရွာတွေမှာ တစုတစည်းတည်း နေရာချထားမယ့် ပုံစံပဲ” ဟု လပွတ္တာမြို့နယ် အခြေစိုက် INGO တခုမှ အမည်မဖော်လိုသော မြန်မာဝန်ထမ်းတဦးက ပြောသည်။

ပြောင်းရွှေ့မိန့်ကို ကုလသမဂ္ဂအပါအဝင် INGO များထံ ကြိုတင် စာရင်းပေးပို့ ထားသော်လည်း အဆိုပါ ညွှန်ကြားချက်နှင့် ပတ်သက်ပြီး အပြည်ပြည်ဆိုင်ရာ အစိုးရမဟုတ်သော အဖွဲ့အစည်းများက တစုံတရာ သတင်းထုတ်ပြန်ခြင်း မရှိကြောင်း သူကပြောဆိုသည်။

ပြောင်းရွှေ့ခံရမည့် စာရင်းတွင် ပါဝင်သော ရွေးကျေးရွာမှ ကျေးရွာပြည်သူများမှာ ၎င်းတို့၏ ဒေသရင်းမှ ပြောင်းရွှေ့လိုခြင်းမရှိကြောင်း လပွတ္တာမြို့သို့ ရောက်ရှိနေသည့် ရွေးကျေးရွာဒေသခံတဦးက ပြောကြားသည်။

“လေဘေးသင့် စခန်းတွေမှာ နေတုန်းက ကိုယ့်ဒေသကိုယ် ပြန်ရမယ်ဆိုပြီး အတင်းအကျပ် ပြောင်းရွှေ့လို့ ကိုယ့်ဒေသမှာပဲ ကောင်းကောင်းဆိုးဆိုး သေတဲ့အထိ နေသွားတော့မယ်လို့ ဆုံးဖြတ်ပြီး ပြန်ခဲ့တယ်။ အခုတခါ ကျေးရွာတွေကနေ ထပ်ပြီး ပြောင်းခိုင်းပြန်တယ်။ ရွာသားတွေက မပြောင်းချင်ဘူး” ဟု ထို ရွေးကျေးရွာသားက ပြောသည်။

မုန်တိုင်းဒဏ် ခံစားခဲ့ရသည့် လပွတ္တာ ကျေးရွာများတွင် စစ်တပ်များ ချထားဆဲဖြစ်ပြီး မုန်တိုင်းသင့် ဒုက္ခသည် များကို ပြည်သူ့စစ် သင်တန်းများ မတက်မနေ တက်ရောက်ရမည်ဟု ဆိုကာ ဒေသခံများကို စစ် သင်တန်းများ ပေးလျက် ရှိကြောင်းလည်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

http://www.irrawaddy.org/bur/index.php?option=com_content&view=article&id=837:2009-03-16-10-26-57&catid=1:news&Itemid=2

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်