Tuesday, July 7, 2009

၅ ကြိမ်မြောက် KIO က နယ်ခြားစောင့်တပ်အရေး ထပ်မံ ဆွေးနွေးမည်

ကချင်လွတ်မြောက်ရေးအဖွဲ့က နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကိစ္စကို မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးနှင့် ပြည်နယ်မြို့တော် မြစ်ကြီးနား၌ မနက်ဖြန်တွင် ထပ်မံ ဆွေးနွေးသွားမည်ဟု သိရသည်။ ဤသည်မှာ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ၏ တပ်ဖွဲ့ကို နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းလဲ ဖွဲ့စည်းရန် စတင်အဆိုပြုခဲ့သည့် ယခုနှစ် ဧပြီလ ၂၈ ရက်နေ့မှ စတင်၍ မြန်မာစစ်ခေါင်းဆောင်များနှင့် ဆွေးနွေးခြင်းသည် ၅ ကြိမ်မြောက် ဖြစ်မည်။

“ကျနော်တို့နဲ့ မြောက်ပိုင်းတိုင်းမှူး ဗိုလ်ချုပ်စိုးဝင်းတို့ ၈ ရက်နေ့မှာ မြစ်ကြီးနားမှာ ဆွေးနွေးမယ်။ ဘာတွေ ဆွေးနွေးမယ်ဆိုတာ စီစဉ်နေတုန်းဆိုတော့ တွေ့မယ့် အပိုင်းကိုပဲ ပြောနိုင်သေးတယ်” ဟု KIO ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော်က မဇ္ဈိမကို ပြောသည်။

မနက်ဖြန် ဆွေးနွေးပွဲသည် မေလ ၃ဝ ရက်နေ့တွင် KIO က နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကိစ္စ ကိုင်တွယ်ရန် ဖွဲ့စည်းထားသည့် ၇ ဦး ကော်မတီနှင့် ဒုတိယအကြိမ်မြောက် တွေ့ဆုံဆွေးနွေးပွဲ ဖြစ်မည်။
ပထမအကြိမ် တွေ့ဆုံခဲ့သည့် ဇွန်လ ၂ဝ ရက်နေ့ ဆွေးနွေးပွဲတွင် KIO က မြန်မာစစ်အစိုးရ အဆိုပြုချက်ကို ငြင်းပယ်ခဲ့သော်လည်း ဆက်လက်ဆွေးနွေးရန် သဘောတူခဲ့သဖြင့် မနက်ဖြန်တွင် ထပ်မံတွေ့ဆုံခြင်း ဖြစ်သည်။ နယ်ခြားစောင့်တပ်အရေး ကိုင်တွယ်ရန် ဖွဲ့စည်းခဲ့သည့် ကော်မတီတွင် ဗိုလ်မှူးကြီး ဇော်ယော် ကိုပါ အဖွဲ့ဝင်အဖြစ် ထပ်မံဖြည့်တင်းထားသဖြင့် ကော်မတီဝင်ပေါင်း ၈ ဦး ရှိသွားပြီ ဖြစ်သည်။

မြန်မာစစ်အစိုးရက အပစ်ရပ်တိုင်းရင်းသား လက်နက်ကိုင်တပ်များကို နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းလဲ ဖွဲ့စည်းရေးအတွက် မူဝါဒရေးရာ ကော်မတီ၊ လုပ်ငန်း ကော်မတီနှင့် တိုင်းအဆင့် ကော်မတီ ဟူ၍ ဖွဲ့စည်းကာ လုပ်ကိုင်ဆောင်ရွက်နေသည်။
မဇ္ဈိမသတင်းဌာနမှ ရယူသည်။

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်