Saturday, July 25, 2009

သွားဦးမှာလား နိုင်ငံခြား

ယနေ့ခေတ်လူငယ်အများစု၏ ဘ၀တက်လမ်းရှာရန် ရွေးချယ်မှု လမ်းကြောင်းများထဲတွင် နိုင်ငံရပ်ခြားသို့ သွားရောက်ကျောင်းတက် ခြင်းနှင့် အလုပ်လုပ်ကိုင်ခြင်းတို့က အဓိကရည်ရွယ်ချက်များထဲမှ တစ်ခု အနေဖြင့်တည်ရှိလာခဲ့ကြောင်း လူ ငယ်ရေးရာနှင့် အလုပ်အကိုင်အခွင့် အလမ်းရှာဖွေခြင်းဆိုင်ရာပညာရှင် များက သုံးသပ် ပြောကြား ခဲ့ကြသည်။

နိုင်ငံရပ်ခြား၌ ပညာသင်ကြား ခြင်း၊ အလုပ်အကိုင်ရရှိခြင်းဖြင့် ပညာဥစ္စာနှင့် ဓနဥစ္စာကို လျင်မြန်စွာ တိုးတက်စေခဲ့သည့် သာဓက အချို့ရှိ နေခြင်းကလည်း လူငယ်များ၏ ဘ၀ တက်လမ်းရှာရန်ရွေးချယ်မှုများထဲ တွင် အဓိကရည်ရွယ်ချက် တစ်ခု အဖြစ် ပါဝင်နေခြင်း ဖြစ်ကြောင်း လူငယ် ရေးရာလေ့လာသူများကဆိုသည်။

တစ်ကမ္ဘာလုံးနီးပါးရင်ဆိုင်ခဲ့ ရသည့် ဘဏ္ဍာရေးအကျပ်အတည်း ကာလအတွင်း၌ ပြည်ပရောက် အ လုပ်သမားအချို့ အလုပ်လက်မဲ့ဖြင့် ပြည်တွင်းသို့ပြန်လည်ရောက်ရှိလာ ခဲ့ကြောင်း အလုပ်အကိုင် အေဂျင်စီ အချို့ထံမှ သိရသည်။ ပြည်ပ အလုပ်အကိုင် အခွင့်အလမ်းများ အပေါ် စိတ်ကုန် ခဲ့ကြပြီး နောက်ပြည်ပတွင်လုပ်ကိုင်ခဲ့ရသည့် လုပ်ငန်းခွင်အခြေအနေနှင့် ၀င်ငွေ အတိုင်းရရှိနိုင်မည့် အလုပ်အကိုင် များကို ပြည်တွင်း၌ ရှာဖွေခဲ့ကြ ကြောင်း သိရသည်။

ပြည်တွင်းတွင်ရှာဖွေခဲ့ရာ၌ လူငယ်များဘက်မှ ၎င်းတို့ ဘ၀အဆင့် အတန်းမြင့် တက်နိုင်သည်ဟု သတ်မှတ် ထားသည့် လုပ်ငန်း အတွေ့အကြုံ စံနှုန်းများ၊ လုပ်ငန်းခွင်အဆင့်အတန်း စံနှုန်းများ၊ ၀င်ငွေလစာစံနှုန်းများ အတိုင်း ရရှိနိုင်သည့် အလုပ်အကိုင် အခွင့်အလမ်းများ ပြည်တွင်း၌ ရရှိရန် ခက်ခဲခဲ့ကြောင်း လူငယ်များထံမှ သိရှိရသည်။

ဘဏ္ဍာရေး အကျပ်အတည်း ကာလ ကျော်လွန်ပြီးနောက် ကမ္ဘာ့စီးပွားရေး အခြေအနေ အသင့်အတင့် ပြန်လည် တည်ငြိမ် လာချိန်၌ လူငယ် များ၏ အလုပ်အကိုင် အခွင့်အလမ်း မျော်လင့်ချက်များ နိုင်ငံရပ်ခြားသို့ ပြန်လည်ရောက်ရှိ ခဲ့ကြောင်း သိရသည်။Crisis ကာလတွင်း ပညာရေး လမ်းကြောင်းများမှ တစ်ဆင့်လည်း နိုင်ငံတကာသို့ ၀င်ရောက်ရန် နှောင့်နှေး အချိန်ယူ ပြင်ဆင်ခြင်းများ ရှိခဲ့ကြရာ ပညာရေးဖြင့် လူငယ်များ၏ အနာဂတ်အတွက် စတင်ပြင် ဆင်ထားရန်အချိန်တန်ပြီဟု ဗြိတိသျ ကောင်စီမှ Exam Services Manager ဦးကျော်ထင်က ''Recession ကာလ မှာ စင်ကာပူမှာ အလုပ်အကိုင်နဲ့ ပတ်သက်လို့ Unskill တွေ Semiskill labours တွေလွင့်ထွက်ပြီး အလုပ်လက်မဲ့ ဖြစ်သွားကြတယ်။

Professionals သမားတွေနဲ Skillful Labours တွေသာကျန်ခဲ့တာ။ ပညာ ရေးလောကမှာကျတော့ Recession ကာလဖြစ်လို့ ကျောင်းကို တစ်ဝက်နဲ့ ရပ်ထားလို့မဖြစ်ဘူး။ ပညာရေးဟာ Future Investment ဖြစ်တယ်။ ကိုယ့်ဘက်ကအရည်အချင်းအပြည့်နဲ့ ရှိနေဖို့သာ လိုတယ်'' ဟု PS Business School ၏ ပညာရေး ဆွေးနွေးပွဲတွင် ပြောကြားသွားခဲ့သည်။

အကြောင်း အမျိုးမျိုးဖြင့် နိုင်ငံခြား ထွက်ကြဦးမည် ဆိုသောလူငယ် များမှာလည်း ၎င်းတို့၏ အရည်အချင်းအား နိုင်ငံတကာတွင် တန်းတူယှဉ် ပြိုင်စရာ ဈေးကွက် တစ်ခုအနေဖြင့် ရှုမြင် ထားသင့်ကြောင်း ကိုလည်း ဦးကျော်ထင်က'' လူငယ်တွေ နိုင်ငံတကာ အလုပ်အကိုင် ဈေးကွက်တွေမှာ တန်းဝင်နေဖို့၊ မိမိကိုယ်ကို Present လုပ်ပေးနိုင်ဖို့၊ မိမိကိုယ်ကို ရောင်းကုန် တစ်ခုလို သဘောထားပြီး ကိုယ့် အရည်သွေးကို တင်ပြနိုင်ဖို့ လိုပါတယ်။ ဒါမှလည်း Higher Position တွေကိုရပြီး နိုင်ငံတကာနဲ့ ယှဉ်နိုင် မှာပါ''ဟု ပြောကြား ခဲ့သည်။

ပြည်ပအလုပ်အကိုင်ရေးရာ ကျွမ်းကျင်သူတစ်ဦးကလည်း ''အခု ဒူဘိုင်း၊ မလေးရှားဘက်ကအလုပ် ခေါ်စာတွေရှိနေတယ်။ ဒါပေမယ့် သွားမယ့်သူက ပိုက်ဆံမသုံးနိုင်ဘူး။ ပြီးတော့ ဟိုဘက်ကိုမယုံရဲဘူးဖြစ် နေတာ။ ဒါပေမယ့် ထွက်မယ့်သူက တော့ထွက်ဖို့လုပ်နေတာပါပဲ။ ဒူဘိုင်း ဆိုဟိုတယ်၊ မလေးရှားဆို General workers နဲ့ပဲထွက်တယ်''ဟု အလုပ် အကိုင်ဈေးကွက်၏ လက်ရှိအနေ အထားကို ပြောပြ ခဲ့သည်။

ယခုအခါ ပြည်ပ အလုပ်အကိုင် ဈေးကွက်တွင် လျောက်လွှာ လာရောက် တင်၍ အင်တာဗျူးများရှိပါ က ၀င်ရောက် ဖြေဆို နေသူ အချို့မှာ ကိုယ်ရည်ကိုယ်သွေးပြည့်ဝဖို့လိုအပ် ကြောင်းကို ''တလောက ဒူဘိုင်းက အင်တာဗျူးတစ်ခုလာတာ ၀င်ဖြေသူ တချို့မှာ တွေ့ရတာ Personal တော့ ကောင်းတယ်။ ဒါပေမယ့် အင်္ဂလိပ်စာ မကောင်းဘူး။ အခု အလုပ်ခေါ်တဲ့ နိုင်ငံတိုင်းက အင်္ဂလိပ်စာ ကောင်း ဖို့ ကိုပဲ အဓိက ထားနေတယ်။ အထူးသဖြင့် UAE နိုင်ငံပဲ''ဟု ရှင်းပြသည်။

''ဒီမှာက ကုမ္ပဏီဝန်ထမ်းဆို ရင် သာမန်ဘွဲ့ရ တစ်ယောက် လစာက လေးငါးသောင်းထက် မပိုပါဘူး။ ပိုတယ် ဆိုတဲ့လူတွေက လုပ်ငန်းမှာ ၀ါရင့် သူတွေဖြစ်ပြီး လုပ်ငန်းရှင်ရဲ့ ယုံကြည် စိတ်ချ အားကိုးရတဲ့ သူတွေ များပါတယ်။ အဲဒီသူအများစုရဲ့ အခွင့်အရေးက ရိုးသားမှုပေါ်မှာ အခြေခံတာ တွေ့ရတယ်။ နောက်ပြီး ဒီမှာကလုပ်ငန်းအများစုက လစာသာ အများကြီးမပေးနိုင်တာအလုပ်ခေါ်ပြီ ဆို အနိမ့်ဆုံးဘွဲ့ရ အဆင့်လောက်ကို ခေါ်တာများတယ်။ တချို့လစာ ကောင်းတဲ့ အလုပ်တွေဆို ဘွဲ့အပြင် ကျွမ်းကျင်မှု လက်မှတ်၊ ဘာသာရပ်၊ စာရင်းကိုင်၊ ကွန်ပျူတာလို လက်မှတ်တွေပါရမှ ဖြစ်မှာပါ။ နိုင်ငံခြားမှာက ကိုယ့်မှာသာ ပညာပြည့်ဝ နေပါစေ ဟိုနိုင်ငံမှာ အလုပ်ရပြီ ဆိုရင် လခက ငါးသိန်းထက်မှာ ရှိပါတယ်။ ဒီမှာဆိုရင် ငါးသိန်းဝန်းကျင်က အလွန်ဆုံးပါပဲ။ ဒါကြောင့် နိုင်ငံခြားကို သွားလုပ်ကြဖို့ စိတ်ဝင်စား နေကြဦးမယ်လို့ ထင်ပါတယ်''ဟု ဘွဲ့ရ လူငယ်တစ်ဦးက သူ၏ အမြင်ကို ရှင်းပြခဲ့သည်။

''ကျွန်မက အခုလက်ရှိ စင်ကာပူ မှာ အရောင်းမြှင့်တင်ရေး ၀န်ထမ်း လုပ်တာ မြန်မာငွေနဲ့ တွက်ရင် သိန်း ၂၀ ၀န်းကျင်ရပါတယ်။ အင်္ဂလိပ် ဘာသာစကားကျွမ်းကျွမ်းကျင်ကျင် ပြောတတ်ပြီး အင်္ဂလိပ်စာနဲ့ကွန်ပျူ တာဆိုင်ရာအောင်လက်မှတ်တွေ ကျွန်မမှာရှိပါတယ်။ ဒီကပညာရေး ၀န်ဆောင်မှု ကုမ္ပဏီ တစ်ခုမှာ အဲဒီ လက်မှတ်တွေနဲ့ပဲ အလုပ်လုပ်ခဲ့တုန်း က တစ်သိန်းခွဲထက် ပိုမရခဲ့ပါဘူး။ လူငယ်တွေ အနေနဲ့ ပြည်ပ အလုပ်အကိုင် အခွင့်အလမ်းတွေကို ရှာနေတာ ကောင်းတဲ့ ရည်ရွယ်ချက် တစ်ခုပါ။ ဒါပေမယ့် ကိုယ့်ဘက်က တကယ် ပြည့်ဝပြီး ပညာတတ်တစ်ယောက် အနေနဲ့ပဲသွားလုပ်စေချင်တယ်။ သာမန်အိမ်ဖော်လို၊ အလုပ်ကြမ်း အလုပ်သမားတွေလို သွားလုပ် ရင်တော့ ဒီမှာ ထက်တော့ ပိုက်ဆံပိုရကောင်း ရလိမ့်မယ်။ ဒါပေမယ့် စိတ်ရော လူပါ ဒုက္ခရောက်ရမှာပါ''ဟု စင်ကာပူနိုင်ငံ တွင် အလုပ် လုပ်ကိုင်နေသူ အမျိုးသမီး တစ်ဦးက ဆိုပါသည်။

လူငယ်များ အနေဖြင့် မိမိတို့ ဘ၀ အဆင့်အတန်း မြင့်မားရန်နှင့် ပညာဥစ္စာ၊ ဓနဥစ္စာ တိုးတက်ရန် ပြည်ပသို့ သွားရောက်အလုပ်လုပ် ကိုင်မည့်သူများရှိနေဦးမည်ဖြစ်ရာ မိမိတို့ဘက်မှ ပညာပြည့်ဝထားရန် လိုအပ်ပြီး ပညာတတ်တစ်ယောက် အနေဖြင့်သာ သွားရောက် လုပ်ကိုင် စေလိုကြောင်း ပညာရေးအသိုင်း အ၀ိုင်းမှဝါရင့်ဆရာများကဆိုပါသည်။

ယခုအခါ ပြည်ပသို့ အလုပ်အကိုင်ဖြင့် သွားရောက်မည့် သူများ အတွက် အလုပ်ခေါ်စာ အချို့မှာ ကျွမ်းကျင် လုပ်သားများ အတွက် စစ် ထုတ်ခေါ်ယူခြင်းများရှိနေသကဲ့သို့ မိမိ၏အရည်အချင်းပြည့်ဝထားခြင်းဖြင့် Crisis ကာလကိုကျော်လွန်ပါကများ စွာသော အလုပ်အကိုင် အခွင့်အလမ်း များသည်လည်း ရောက်လာ နိုင်ကြောင်း Tech Training Centre မှ General Manager ကပြောကြား ခဲ့သည်။ Star Resources Co., Ltd မှ ဒေါ်နေရီအောင်က'' ဟိုတယ်နဲ့ ပြည်ပ ထွက်ကြတာ Crisis ကာလမှာရော Crisis ကျော်လွန်ဆဲ ကာလမှာပါ စဉ်ဆက် မပြတ် ရှိကြတယ်။ အလုပ်ခေါ် စာ နည်းတာနဲ့များတာပဲ ကွာတယ်။ အခု နောက်ပိုင်းမှာတော့ Demand များလာတယ်။ အဓိက လူငယ်တွေ ကိုပြောချင်တာက ဒီကာလမှာ မဟုတ်လို့ ရပ်နေရမယ်လို့တော့ မဆို လိုဘူးပေါ့။ ကိုယ့်ဘက်က ဖြည့်စရာ ရှိတာတွေ၊ လိုအပ် နေတာတွေကို ဖြည့်ထားမှသာ တစ်ချိန် အခွင့်အရေး ရလာရင် အဆင်ပြေပြေ ရှိသွားနိုင်မှာ။ လူငယ်တွေ မိမိ Professional တွေကို သွားနေရင်း ရပ်မနေကြဖို့၊ ဒီ အချိန်မှာ ကိုယ့်ဘက်က အရည်အသွေးတွေ ပြည့်နေဖို့ အရမ်း အရေးပါ ပါတယ်''ဟု အကြံပြုပြောကြား ခဲ့သည်။

၂၀၀၅ ခုနှစ်မှ စ၍ Crisis ကာလမရောက်ခင် အထိ မလေးရှား၊ စင်ကာပူနှင့် ယူအေအီး နိုင်ငံများမှာ မြန်မာ လူငယ်အများစု အသွား များသည့် နိုင်ငံများပင် ဖြစ်ပေရာ ယူအေအီး နိုင်ငံမှ လာရောက် ခေါ်ယူနေသည့် အလုပ်ခေါ်စာများ အတွက် ယုံကြည် စိတ်ချရမှု ရှိစေရန် အေဂျင်စီများ၏ တာဝန်ယူမှု၊ သေချာမှုတို့မှာ များစွာ အရေးပါလျက် ရှိနေကြောင်းကိုလည်း အလုပ်သမားရေးရာ ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

အထူးသဖြင့် ပြည်ပအလုပ် အကိုင်ကိုသာ မက်လုံး ကြီးနေသောကြောင့် မိမိဘ၀ နစ်နာနိုင်သော လူ ကုန်ကူးမှု အပါအ၀င် အခြားသော အလွဲအသုံးချ ခံရမှုများ မကြုံရစေရန် သတိထားသင့်ကြောင်း လေ့လာသူ များက အကြံပေးခဲ့ကြသည်။

ဟိန်းမင်းလတ်၊ ယုလွင်စိုး

source by : Weekly Eleven

1 comment:

ကိုကိုသုန် said...

စင်ကာပူမှာ အရောင်းမြှင့်တင်ရေး တာဝန်ထမ်းဆောင်နေရတဲ့ အစ်မပြောတာလက်ခံပါတယ်ဗျာ။ ပိုက်ဆံ ပိုရတယ် ပြီးတော့ စိတ်ပင်ပန်းတယ်ပေါ့။ ကျွန်တော်တို့ က အေဘီစီဒီ တွေပဲထိုင်နှိပ်ရတယ် ဆိုပေမယ့် စိတ်ပင်ပန်းလိုက်တာ လူပင်ပန်းတာထက်ဆိုးတယ်။ဗျာ။ ပိုက်ဆံသာများများရတာ အိမ်လခပေးရတာ ဘာညာသရကာနဲ့ ပြန်ကုန်တာလည်း မနည်းပါဘူးဗျာ။

Post a Comment

ယခင် သတင်းများ ဖတ်ရန်