Wednesday, July 29, 2009

မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီ အရေးပေါ်အစည်းအဝေးကျင်းပ



စစ်အစိုးရရဲ့ နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်း ဖွဲ့စည်းရေး အစီအစဉ်ကို ငြင်းပယ်လိုက်ပြီးတဲ့နောက် ကိုယ်ပိုင် ပြည်သူ့စစ်တပ်ဖွဲ့ဆိုပြီး ဖွဲ့ဖို့ ထပ်မံ ကမ်းလှမ်းလာတဲ့ ကိစ္စအပေါ် မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီဝင်တွေ အရေးပေါ် အစည်းအဝေး ခေါ်ပြီး ဆွေးနွေးကြပါတယ်။

မြန်မာနိုင်ငံအောက်ပိုင်း တိုင်းနှင့် ပြည်နယ်များ တည်နေပြ မြေပုံ။ (RFA Image)

ရေးမြို့ ချောင်းဖျား အထက်ဖက်မှာရှိတဲ့ ဗဟိုဌာနချူပ်ရုံးမှာ ကျင်းပနေတဲ့ အဲဒီအစည်းအဝေးနဲ့ ပတ်သက်ပြီး မွန်ပြည်သစ်ပါတီ ဆက်ဆံရေးရုံးက တာဝန်ရှိသူ ကိုနိုင်ချမ်းမွန်က 'ဒီ နယ်ခြားစောင့်တပ် ကိစ္စနဲ့ ပြည်သူ့စစ်ကိစ္စတွေပဲ၊ အဖြေကတော့ ဘာထွက်မလဲတော့ မသိဘူးပေါ့ အဲ့ဒီ ကိစ္စနှစ်ခုနဲ့တော့ ဆွေးနွေးဖြစ်ကြမှာပါ၊ ဘယ်ရက်ပြီးမယ်လို့တော့ မရှိဘူး၊ သူတို့ကတော့ လုပ်နေတုန်းပဲ' လို့ ပြောပါတယ်။



မွန်ပြည်သစ်ပါတီအနေနဲ့ အဲဒီနည်းလမ်းတွေကို လက်မခံဘူးဆိုရင် ဥပဒေဘောင်အတွင်းမှာ ဘယ်လို ပုံစံမျိုးနဲ့ ဆက်ပြီး ရပ်တည်သွားမလဲ ဆိုတာကို သဘောထားပေးဖို့ပါ စစ်အစိုးရက တောင်းဆိုထားပါတယ်။ အဲဒါကိစ္စ အကြောင်းပြန်နိုင်ဖို့အတွက် အခုလို ဗဟိုကော်မတီဝင်တွေ ဇူလိုင်လ ၂၅ရက် စနေနေ့ကစပြီး ဆွေးနွေး အဖြေရှာနေကြတာလို့ သိရပါတယ်။

မွန်ပြည်သစ်ပါတီအနေနဲ့ နိုင်ငံရေးပြသနာတွေကို နိုင်ငံရေးနည်းအရပဲ ဖြေရှင်းသွားချင်တဲ့ ဆန္ဒရှိပြီး၊ လောလောဆယ် အပြောင်းအလဲ တစုံတရာ မလုပ်ချင်သေးပဲ ရွေးကောက်ပွဲပြီးလို့ တက်လာမဲ့ အစိုးရအသစ်ကို စောင့်ကြည့်ချင်သေးတဲ့အကြောင်း ပါတီ အထွေထွေအတွင်းရေးမှူး နိုင်ဟံသာက RFAနဲ့ တွေ့ဆုံမေးမြန်းရာမှာ ပြောခဲ့ဖူးပါတယ်။

မွန်ပြည်သစ်ပါတီဟာ မြန်မာစစ်အစိုးရနဲ့ ၁၉၉၅ ခုနှစ်မှာ အပစ်အခတ် ရပ်စဲရေး လုပ်ခဲ့ပြီး စစ်အစိုးရကကျင်းပတဲ့ အမျိုးသားညီလာခံမှာ ကိုယ်စားလှယ်အဖြစ်နဲ့ တက်ရောက်ခဲ့ပါတယ်။ ညီလာခံမှာ မွန်တိုင်းရင်းသားအရေးနဲ့ ရပိုင်ခွင့်တွေကို ဆွေးနွေးတင်ပြလို့ မရတဲ့အတွက် ညီလာခံ ကိုယ်စားလှယ် အဆင့်ကနေ လေ့လာသူအဖြစ် အဆင့်လျှော့ တက်ရောက်စေခဲ့ပြီးတဲ့ နောက်ပိုင်း စစ်အစိုးရနဲ့ မွန်ပြည်သစ်ပါတီ ဆက်ဆံရေးဟာ ခပ်တန်းတန်း ဖြစ်နေခဲ့ပါတယ်။


source by :RFA

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်