Wednesday, July 29, 2009

XX သည်မ ပါးစပ်လောက်တောင် တန်ဖိုးမရှိတဲ့ နအဖ မြန်မာသတင်းစာ

ဒေါ်အောင်ဆန်းစုကြည် ထွက်ပြေးရန် ကြိုးစားခဲ့ဟု သတင်းစာတွင် ရေးသားWednesday, 29 July 2009 19:54 ဇာနည်ဝင်း
ဒေါ်အောင်ဆန်းစုကြည်သည် နေအိမ် အကျယ်ချုပ် ကျခံရစဉ် ရုပ်ဖျက်ပြီး ထွက်ပြေးရန် ကြိုးစားခဲ့ဖွယ်ရှိသည်ဟု ယနေ့ထုတ် စစ်အစိုးရ သတင်းစာများတွင် ရေးသားထားသည်။

“ဥပဒေကို ချိုးဖောက်လျှင်ဖြင့်” အမည်ရှိ ဆောင်းပါးတွင် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်သို့ ဂျွန်ဝီလျံ ယက်ထော ယူဆောင်သွားသည့် ဝတ်ရုံနှစ်ခုကို ဥပမာပေးပြီး ထောက်ပြထားသည်။

“ခေါင်းမြီးခြုံ ကုလားမ ဝတ်စုံ နှစ်စုံနှင့် ပစ္စည်းအချို့၏ ရည်ရွယ်ချက် အမှန်ကိုသာ တွင်းတူး ဖော်ထုတ်မည် ဆိုလျှင် ဟောလီးဝုဒ် ရုပ်ရှင် ဇာတ်လမ်းကောင်း တစ်ပုဒ် ဖြစ်လာပေလိမ့်မည်။ လျှို့ဝှက်သည်းဖို၊ ရုပ်ဖျက် ထွက်ပြေး လွတ်မြောက်သည့် ဇာတ်လမ်း တစ်ပုဒ် ကြည့်ရဖွယ် ရှိသည်” ဟု ဆောင်းပါးတွင် ရေးသားထားသည်။ ဧရာဝတီမှ

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ် စောင့်ရှောက်သည့် ဥပဒေပုဒ်မ ၂၂ အရ တရားစွဲဆိုထားရာ “တားဆီးမိန့်ကို ဆန့်ကျင်လျှင် သော်လည်းကောင်း၊ ဖောက်ဖျက်လျှင် သော်လည်းကောင်း၊ မလိုက်နာလျှင် သော်လည်းကောင်း ပြစ်ဒဏ် စီရင်ခြင်း ခံရစေမည့် ပြဌာန်းချက် ဖြစ်ကြောင်း” ယနေ့ထုတ် သတင်းစာများတွင် ပါရှိသော တရားစီရင်မှု သတင်းတွင် ဖော်ပြထားသည်။

ထိုပုဒ်မသည် ငွေဒဏ် ကျပ် ၅ဝဝဝ သို့မဟုတ် ထောင်ဒဏ် ၃ နှစ်မှ ၅ နှစ် ချမှတ်နိုင်သည့် ပုဒ်မ ဖြစ်သည်။

စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးလိမ့်မည်ဟု မည်သူကမျှ ယူဆမထားကြပေ။

“မှန်းဆတာကတော့ ထောင်သုံးနှစ် ချမယ်၊ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီး ဖြစ်တဲ့ အတွက် ညှာတာတဲ့အနေနဲ့ ဆိုပြီး မင်္ဂလာ ယူမယ်ပေါ့ဗျာ၊ ချပြီးရင် သူ့ရဲ့ ဒုက္ခ တစုံတရာ သက်သာအောင် ဆိုတဲ့ အကြောင်းပြချက်နဲ့ နေအိမ်အကျယ်ချုပ်ပဲ ပြန်ထားမယ်လို့ ထင်တယ်” ဟု လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီ တွဲဖက် အထွေထွေ အတွင်းရေးမှူး ကိုငွေလင်းက ပြောသည်။

တရားရုံး၏ ဆုံးဖြတ်ချက်မှာ ထောင်ဒဏ် ၃ နှစ် ဖြစ်ဖွယ်ရှိသည်ဟု နိုင်ငံရေး အကျဉ်းသားများ အရေး ဆောင်ရွက်နေသူ တဦးကလည်း ခန့်မှန်းသည်။

“ငွေဒဏ်တော့ ဖြစ်မှာ မဟုတ်ဘူး၊ သေချာတာကတော့ ထောင်ချမယ်။ ၃ နှစ်လောက် ဖြစ်နိုင်တယ်။ ရွေးကောက်ပွဲမှာတော့ သူ့ကို မရှိစေချင်တာ အမှန်ပဲ။ ထောင်ချပြီးရင် ဗိုလ်ချုပ်ခင်ညွန့်ကို လုပ်သလို ဆိုင်းငံ့ထောင်ဒဏ် ဆိုတဲ့ ပုံစံမျိုး ချနိုင်တယ်။ အပြင်ထွက်လို့ မရဘူး၊ အိမ်ထဲမှာပဲ နေ ဆိုပြီး လုပ်နိုင်တယ်” ဟု နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း အတွင်းရေးမှူး ကိုတိတ်နိုင်က ဧရာဝတီကို ပြောသည်။

တရားခွင်သို့ သွားရောက်ခွင့်ရခဲ့သူ သံတမန်များအနက်မှ တဦးဖြစ်သူ မြန်မာနိုင်ငံ ဆိုင်ရာ ဗြိတိသျှ သံအမတ်ကြီး မာ့က် ကန်းနင်း (Mark Canning) က ဒေါ်အောင်ဆန်းစုကြည်ကို စစ်အစိုးရက ထောင်ချလိမ့်မည်ဟု ယူဆကြောင်း ပြောဆိုခဲ့ဖူးသည်။

“ရလဒ်မကောင်းနိုင် တာကို ဝမ်းနည်းစွာနဲ့ ကြိုပြောလို့ရနိုင်ပါတယ်” ဟု သံအမတ်ကြီးက ပြောခဲ့သည်။

၁၉၈၈ ခုနှစ် အာဏာသိမ်းပြီးချိန်မှစ၍ စစ်အစိုးရသည် နိုင်ငံရေးလှုပ်ရှားမှုများတွင် ပါဝင်သူများကို ပုဒ်မအမျိုးမျိုးတပ်ပြီး ထောင်ဒဏ် အသီးသီး ချမှတ်ခဲ့သည်။ ယခုအချိန်တွင် အကျဉ်းထောင် အသီးသီးတွင် နိုင်ငံရေး အကျဉ်းသား ၂ဝဝဝ ကျော် ရှိနေသည်ဟု သိရသည်။

ထိုအကျဉ်းသားများထဲတွင် ဒေါ်အောင်ဆန်းစုကြည်လည်း တဦး အပါအ၀င်ဖြစ်သည်။ ယခုအခါ အင်းစိန်ထောင်အတွင်း ရုံးဖွင့်ထားသည့် “ရန်ကုန် မြောက်ပိုင်းခရိုင် တရားရုံး” တွင် အမှု ရင်ဆိုင်နေရသည်။

ထိုတရားရုံးမှာ ပြီးခဲ့သည့် နှစ်ကုန်ပိုင်းက မင်းကိုနိုင်၊ ကိုကိုကြီး စသည့် ထင်ရှားသည့် ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ၁၄ ဦးကို ထောင်ဒဏ် ၆၅ နှစ်စီ ချမှတ်ခဲ့သည့် တရားရုံးမှာလည်း ဖြစ်သည်။

ဤ ထောင်တွင်း တရားရုံးသို့ ရောက်သွားသည့် မည်သည့် နိုင်ငံရေးသမားကို မဆို အမှုမှ လွတ်မြောက်သွားခြင်း မရှိဘဲ ကြီးလေးသည့် ထောင်ဒဏ်များကိုသာ ရရှိသွားကြောင်း ရန်ကုန်မှ ရှေ့နေများက ပြောသည်။

ဤအမှုမှာ လွန်ခဲ့သည့် ၂ လကျော်က ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်သို့ လျှို့ဝှက်ဝင်ရောက်သွားသည့် အမေရိကန် နိုင်ငံသား မစ္စတာ ဂျွန်ဝီလျံ ယက်ထောကို ဖမ်းဆီးမိခဲ့ပြီးနောက် ဖြစ်ပေါ်လာခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ အိမ်တွင် နေထိုင်သည့် ဒေါ်ခင်ခင်ဝင်း၊ မဝင်းမမ တို့သည်လည်း ယခုအခါ အင်းစိန် အကျဉ်းထောင်တွင် ရောက်ရှိနေသည်။ ဒေါ်အောင်ဆန်းစုကြည် ကဲ့သို့ ၎င်းတို့ ၂ ဦး နှင့် မစ္စတာ ယက်ထောတို့သည် နေအိမ် အကျယ်ချုပ် ဖောက်ဖျက်မှုဖြင့် လာမည့် သောကြာနေ့တွင် စီရင်ချက် ချခံရမည် ဖြစ်သည်။

မစ္စတာ ယက်ထော ရောက်ရှိလာခြင်းနှင့် ပတ်သက်ပြီး သတင်းပို့ရန် ပျက်ကွက်သည်ဟု အာဏာပိုင်တို့က ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန် ပြောဆိုခဲ့သည်။

“လုံခြုံရေး တာဝန်ကျများကို အသိ မပေးဘဲ လျှို့ဝှက်လက်ခံထားခြင်းမှာ - - ဥပဒေနှင့် မငြိပေဘူးလား” ဟု အာဏာပိုင်တို့ ချုပ်ကိုင်ထားသည့် သတင်းစာများတွင်လည်း ယနေ့ ရေးသားထားသည်။

“ဥပဒေ ချိုးဖောက်မိလျှင် တရားဆိုင်၊ တရားရုံး အဆုံးအဖြတ် နာခံကြရုံသာ ရှိသည်။ ဤသို့မှလည်း နိုင်ငံတွင် ဥပဒေ စိုးမိုးကာ ရပ်ရွာ အေးချမ်း သာယာပေမည်” ဟု ယနေ့ထုတ် သတင်းစာ ဆောင်းပါးတွင် ရေးထားသည်။

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်