Sunday, July 26, 2009

စစ် နဲ့  ငြိမ်းချမ်းရေး

လွတ်လပ်ရေးက အစာရေစာလို ငတ်မွတ်ခေါင်းပါး ၊
မတရားမှုများ ရောဂါဘယလို ထူပြော ၊
ငြိမ်းချမ်းရေးမဲ့ ၊ ဒုက္ခသည်တွေ ထွက်ပြေးနေပုံက
အာဖရိက ကို ကော်ပီလုပ်ထား
အပ်ကြောင်းထပ်နေတဲ့ စစ်ဓာတ်ပြားဟောင်းတစ်ပုဒ် ၊
အနုမြူ မွဲဆေးကို ပုံစံခွက်နဲ့ လုပ်စားနေကြတယ် ။

ကိုယ့်ကိုကိုယ် ယုံကြည်မှုကင်းမဲ့သူများ
ဓမ္မမြေပေါ်မှာ သံဆူးကြိုးကာပြီး မတရားလမ်းတွေပိတ်ကြ ၊
ခိုးကြောင်ခိုးဝှက် ကြွက်များလို မြေအောက်လှိုဏ်ခေါင်း တူးကြ ၊
ပူပြင်းတဲ့ ၀တ်လစ်စလစ်ခေတ်မှာ သံချပ်ကာ အင်္ကျီဝတ်ကြ ၊
မင်းမဲ့စရိုက် လူမိုက် အားကိုးကြ ၊
ညအချိန်မတော် ခွေးတွေမျက်စိနောက်လောက်အောင် ဧည့်စာရင်းစစ်ကြ ၊
အလင်းရဲ့ အရေခွံကို ဆွဲဆုတ်ပြီး
နေကြတ်သလို အမှောင်ထဲမှာ ရူးသွပ်စွာ ဘုရင်လုပ်နေကြတယ် ။

အလွဲအမှားများ အစိုင်အခဲဖွဲ့ ပြီး
မုသားများ ရွာချတတ်တဲ့ ကောင်းကင်အောက်
အာဏာပါးကွက်ကြားကို လိမ်းကျံထားစဲ
မင်းသားခေါင်းစွပ်ထားသူများက
နောက်ဆုံးပေါ် ဗိုင်းရပ်( စ် )ပိုးတွေလို
ဆေးဝါးနည်းပြီး ကယ်သူမဲ့ ဘ၀များကို လှိုက်စားနေတယ် ။

ကုန်တိုက်များလဲ ရင်ဘတ်ဟောင်းလောင်း
စီးပွားပျက် ၀ယ်သူမဲ့ ရောင်းအားမကောင်း
အနှစ်သာရကင်းမဲ့ ဘ၀အခွံများ
အခွန်တွေ အတင်းအကျပ် ထပ်ဆောင်နေရ
ဒုက္ခများသာ ထပ်ဆင့်အကယ်ဒမီ ရလာခဲ့
ငတက်ပြားတွေ ရွှေအတုအိပ်မက်များ ကြီးထွားလာတော့
ညစ်ပတ် စုတ်ပြတ်နေစဲ မလှမပ တိုင်းပြည်က
ကမ္ဘာ့ ကျူးကျော်ရပ်ကွပ်တစ်ခုလို ဖြစ်နေပြီ ။

မသထာရေစာ ပွဲတော်တည် တဲ့ စစ်မုဆိုးများကြောင့်
မျှော်လင့်ခြင်းများ ဇောက်ထိုးမိုးမျှော်
ဘ၀တဲစုတ်ကို အပြစ်မဲ့မီးရှို့ ခံရသလိုမျိုး ၊
အဓမ္မ ဖမ်းခံထိထားတဲ့ ပေါ်တာတွေ မနိုင်ဝန်ထမ်းပြီး
မိုင်းအပြည့်ထောင်ထားတဲ့ လမ်းကြမ်းကိုဖြတ်ရသလို ၊
ပုပ်သိုး ပွန်းပဲ့တဲ့ အနာဂတ်ကို ပိုးထိ
သစ္စာတရား ပွဲချင်းပြီး သေဆုံးခဲ့တာ ကြာပြီ ။

အဆိပ် ယမ်းခိုးငွေ့ များကို
ဘိန်းမီးခိုးလို တရှိုက်မက်မက်ဖွာရှိုက်
စစ်ရဲ့ အရှက်တရားကင်းမဲ့ပုံက ဘ၀များကို ပစ်ခတ် ညစ်ပတ်
ပြည့်တန်ဆာမ ဖောက်သည်ရှာသလို ယောက်ယက်ခတ်
စစ်ဖန်တီးရှင် ယူနီဖောင်းဝတ် နတ်ဆိုးများနဲ့ 
တစစ်စစ်နာကျင်နေတဲ့ ရေရှည်ပြည်တွင်းစစ်ဟာ
ငြိမ်းချမ်းရေးရဲ့ လူသတ်တရားခံဖြစ်တယ် ။

ဘ၀လုံခြုံမှုကင်းမဲ့ တဲ့ စနစ်ဟောင်းဆိုတာ
ပုဆိုးတစ်ထည်လို ဖာထေးဝတ်ဆင်လို့  မရ ၊
စစ်ပုံစံခွက်ထဲ က အမှန်တရားတွေ ရုန်းထွက်နိုင်တဲ့ တနေ့ 
နှစ်ပေါင်းများစွာကွဲကွာ ကြေကွဲနေခဲ့ အမေ နဲ့ 
အိမ်မက်ထဲမှာ မျက်ရည်ကျပြီး ပျော်ရွှင်စွာ ပြန်တွေ့ တယ် ။

အောင်ခိုင်မြင့်

စစ် နဲ့  ငြိမ်းချမ်းရေး
http://8888newgenerations.blogspot.com/ မှ

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်