Friday, July 31, 2009

ကြက်ဥအတုများ မြန်မာနိုင်ငံသို့ ၀င်ရောက်နေ

နအဖ သတင်းဖြန့်
NEJ / ၃၁ ဇူလိုင် ၂၀၀၉

စားသုံးရန်အန္တရာယ်ရှိသည့် ကြက်ဥအတုများ နယ်စပ်မှတဆင့် ၀င်ရောက်လျက်ရှိသည်ဟု ယမန်နေ့ညက မြန်မာ့ရုပ်သံလှိုင်း များမှ သတင်းထုတ်လွှင့်ခဲ့သည်။

အကာနှင့်အနှစ် ရောနှောနေသည့် ကြက်ဥအတုများကို ဓာတုဗေဒဆေးဝါးများဖြင့် ပြုလုပ်ထားပြီး ၎င်းကြက်ဥအတုများကို တွေ့ရှိပါက သက်ဆိုင်ရာသို့ သတင်းပို့ရန်ပါရှိသည်။

သို့သော် ကြက်ဥအတုများ မည့်သည့်နယ်စပ်မှ ၀င်ရောက်လာသည်ကို ထည့်သွင်းပြောဆိုခြင်းမရှိဘဲ စားသုံးပါက အန္တရာယ်ရှိသည်ဟုသာ ပြောသည်။

ယခုကဲ့သို့ ကြက်ဥအတု ပေါ်ထွက်သည့်ကိစ္စကို မြန်မာစစ်အစိုးရ မီဒီယာများက တွင်တွင်ကျယ်ကျယ် ဖော်ပြနေခြင်း မှာ လူများကို အာရုံပြောင်းရန် ဆောင်ရွက်ချက်တရပ်ဖြစ်သည်ဟု ပြည်တွင်းသတင်းထောက်တဦးက သုံးသပ်သည်။

၎င်းက “အခု လူထုက ဒေါ်အောင်ဆန်းစုကြည်အမှုအပေါ် စိတ်ဝင်စားနေတာကို အာရုံပြောင်းအောင် လုပ်တာပဲဖြစ်တယ်။ ကြက်ဥတလုံး ကျပ် (၇၀) လောက်ရှိတဲ့ဟာ အတုလုပ်စရာလားဗျာ။ သူတို့ရေးထားသလို ဓာတုဗေဒနည်းနဲ့လုပ်တဲ့ ကြက်ဥ အတုက အစစ်ထက်တောင် ပိုကုန်ကျဦးမယ်။ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ သတင်းမှာကလည်း ကြက်ဥအတုတွေ နယ်စပ်က ၀င်လာတယ်ဆိုတာလောက်ပဲပါတယ်။ ဘယ်အချိန်တုန်းက ဘယ်နေရာကနေ သိမ်းဆည်းရမိတယ်။ ဘယ်မှာ ဓာတ်ခွဲစမ်းသပ်ကြည့်လို့ သိရတယ်ဆိုတာတွေ ဘာမှမပါဘူး” ဟု သုံးသပ်ပြောဆိုသည်။

အဆိုပါကြက်ဥအတု သတင်းနှင့်စပ်လျဉ်း၍ စစ်အစိုးရပိုင်သတင်းစာများတွင် ကြက်ဥအတုသည် ခပ်ပြင်းပြင်း ကိုင်လှုပ်ကြည့်ပါက အဆန်ချောင်ကြောင်း၊ ဇလုံ၊ ပန်းကန်တခုခုပေါ်တွင် တင်၍ လှည့်ကြည့်ပါကလည်း လည်ပတ်နှုန်းပိုကြာသည်ဟု ဖော်ပြထားသည်။

ထို့အပြင် ကြက်ဥအတုရောင်းချခြင်းများ၊ ကြက်ဥအတုအသုံးပြုသည့် စားသောက်ဆိုင်များအား သတင်းပို့ တိုင်ကြားရန် နှိုးဆော်ထားသည်။

ထိုင်းနယ်စပ်မှ မြန်မာကုန်သည်တဦးက “ရန်ကုန်မှာရောက်နေတာကြာပြီ။ တရုတ်ဘက်ကလာတာပါ။ တရုတ်ကတော့စုံတယ်။ ဆန်အတု၊ ကြက်ဥအတု အကုန်သွင်းတယ်။ အစိုးရက ဘယ်ကလာသလဲဆိုတာ သိပါတယ်။ သူ့ဆရာ တရုတ်ကိုတော့ ဒဲ့ဒိုးဘယ်ပြောရဲမှာလည်း” ဟု ပြောသည်။

မြန်မာနိုင်ငံသို့ ထိုင်းနိုင်ငံ မဲဆောက်ဘက်မှ ကြက်ဥအမြောက်အမြားတင်သွင်းနေပြီး ယခုကဲ့သို့ ကြက်ဥအတုသတင်းကြောင့် ကုန်သည်များ တအံ့တသြ ဖြစ်ကြရသည်ဟုလည်း မဲဆောက်မြို့မှ ကြက်ဥနှင့်မွေးမြူရေးအစာရောင်းသည့် ဆိုင်ပိုင်ရှင်တဦးက ပြောသည်။

၎င်းက “ထိုင်းမှာကြက်ဥအတုမရှိဘူး။ ထုတ်ကုန်က စားသုံးမှုလုံလောက်တဲ့အပြင် နိုင်ငံခြားကိုလည်း ကုမ္ပဏီ တွေက ရေကြောင်း၊ လေကြောင်းကနေ ပို့တာတွေရှိတယ်။ မဲဆောက်ကနေလည်း တရက်ခြား မြန်မာဘက်ကို အလုံး (၁) သိန်းကျော် ပုံမှန်ပို့ပါတယ်။ ဒီကိစ္စက ကုန်သည်တွေကို ဇဝေဇ၀ါဖြစ်စေတယ်” ဟု ပြောသည်။

ထိုင်းနိုင်ငံတွင် ကြက်ဥအတုနှင့်ပတ်သက်သည့် အကြောင်းအရာများကိုလည်း ထိုင်းနိုင်ငံထုတ် သတင်းစာများ တွင် ယခုရက်ပိုင်းအတွင်း ဖော်ပြခဲ့ကြပြီး ကြက်ဥထဲတွင် (မယ်လမင်း) ဓာတ်နှင့် ဓာတုဗေဒပစ္စည်းများ အလွန်အကျွံပါဝင်ပြီး ဦးနှောက်ကို ထိခိုက်ပျက်စီးစေနိုင်သည်ဟု ရေးသားထားသည်။
http://www.khitpyaingnews.org/news/july09/310709d.php

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်