Tuesday, July 28, 2009

ခိုးသူလက်ထဲရောက်တဲ့ ကျေးပေါက်စကလေးများ

နအဖစစ်အစိုးရ၏ ကလေးစစ်သား အသုံးပြုနေမှုနှင့်ပတ်သက်၍ အစီရင်ခံစာ ထုတ်ပြန်
Wednesday, 22 July 2009 18:04 ဖြိုးကြီး
မြန်မာစစ်အစိုးရအနေဖြင့် ကလေးစစ်သားများကို ယနေ့တိုင် အသုံးပြုနေလျှက်ရှိကြောင်း အစီရင်ခံစာတစောင်ကို ရိုးမ ၃ သတင်းဌာနက ယနေ့ ထုတ်ပြန်ခဲ့သည်။

'မြန်မာ့သားကောင်းများအတွက် ဝမ်းနည်းဖွယ်ရာ ကလေးစစ်သားများ' အမည်ရှိ အစီရင်ခံစာတွင် အင်္ဂလိပ်-မြန်မာ နှစ်ဘာသာဖြင့် စာမျက်နှာ ၇၂ မျက်နှာပါဝင်ပြီး စစ်သားစုဆောင်းရေးနှင့် ကလေးစစ်သားများအခြေအနေများကို အပိုင်း (၅) ပိုင်းခွဲကာ တင်ပြထားသည်။

ကလေးစစ်သားအစီရင်ခံစာ

အစီရင်ခံစာ ထုတ်ပြန်ရခြင်းနှင့်ပတ်သက်၍ ရိုးမ ၃ သတင်းဌာန အယ်ဒီတာ ဦးငြိမ်းလူက “မြန်မာပြည်မှာ ကလေးစစ်သားမရှိဘူးလို့ ငြင်းနေတဲ့ နအဖစစ်အုပ်စုဟာ ယနေ့ထိ ကလေးစစ်သားအသုံးပြုနေတယ်ဆိုတာကို အထောက်အထား အစုံအလင်နဲ့ နိုင်ငံတကာကိုရော၊ လူ့အခွင့်အရေးလှုပ်ရှားနေတဲ့ အဖွဲ့တွေကိုပါ တင်တာဖြစ်ပြီး ဒီစာအုပ်မှာပါဝင်တဲ့ အချက်အလက်တွေကို တစုံတရာ ကိုကားနိုင်ဖို့ ရည်ရွယ်ချက်နဲ့ ထုတ်ဝေတာပါ” ဟု ပြောသည်။

နအဖစစ်အစိုးရ၏ စစ်အင်အားပြည့်မှီရေး စီမံချက်ကြောင့် စစ်သားစုဆောင်းရေးတပ်ရင်းတခုတွင် တလလျှင် ကလေးငယ် ၁၀၀ ခန့်သည် စစ်သားအဖြစ် စုဆောင်းခြင်းခံနေရကြောင်း ၎င်းက ပြောသည်။

“နေ့စဉ်နဲ့အမျှ တပ်ကနေ ထွက်ပြေးနေတာရှိတယ်၊ တိုက်ပွဲ ကျဆုံး ဒဏ်ရာရတာတွေ ရှိနေတဲ့အတွက် အထက်က အမိန့်ထုတ်လိုက်တော့ အောက်ခြေတပ်တွေကလည်း မဖြစ်မနေ စုဆောင်းရတာဖြစ်တဲ့အတွက် မလိုအပ်ဘဲ ကလေးငယ်တွေ ပါဝင်လာတာ ဖြစ်တယ်” ဟု ဆက်ပြောသည်။

မြန်မာနိုင်ငံတွင် တိုင်းစစ်ဌာနချုပ် ၁၃ ခု၊ တပ်မဌာနချုပ် ၁၀ ခု၊ စကခ ၂၁ ခု ရှိသည်။ ခြေလျင်၊ ခြေမြန် တပ်ရင်းပေါင်း ၅၀၀ ကျော်ရှိပြီး တပ်ရင်းတရင်းလျှင် တလပျမ်းမျှ အယောက် ၂၀ ဦးမှ ၃၀ ဦးအထိ တပ်မှထွက်ပြေးမှုများရှိကြောင်းကို ၎င်းက ပြောသည်။

ထို့အပြင် ယခုကဲ့သို့ အတင်းအဓမ္မ စစ်သားစုဆောင်းနေခြင်းကြောင့် ကလေးငယ်အများစုမှာ စစ်ကျွန်သဖွယ် လူကုန်ကူးမှုတခုဖြစ်နေကြောင်း ဆက်ပြောသည်။

“ဈေးကွက်ဖြစ်နေတယ်ဆိုတာက ပွဲစားတယောက်က ကလေးတယောက်ရတယ်ဆိုရင် ငွေ ၃၀,၀၀၀ ရတယ်၊ အဲလိုပြီးတာနဲ့ ကလေးရဲ့လိပ်စာကိုယူပြီး မိဘကို ပွဲစားက အကြောင်းကြားပြီး ကလေးကို ပြန်ထုတ်မယ်ဆိုရင် လိုက်လုပ်ပေးတယ်၊ ဆေးမစစ်ရသေးရင် ဈေးတမျိုးရတယ်၊ ဆေးအောင်လို့ သင်တန်းကျောင်းပို့လိုက်ရင် တမျိုးရတယ်” ဟု ဦးငြိမ်းလူက ပြောသည်။

တပ်အနီးနားရှိ လက္ဘက်ရည်ဆိုင်များတွင် စစ်သားစုဆောင်းပေးနေသည့် လူပွဲစားများ ပေါ်ပေါ်ထင်ထင် ရှိနေပြီး ကြံဖွံ့၊ မီးသတ်အဖွဲ့များနှင့် ချိတ်ဆက် လုပ်ဆောင်နေခြင်းများလည်းရှိကြောင်း ဆက်လက်ပြောသည်။

စစ်အစိုးရအနေဖြင့် စစ်သားစုဆောင်းရေး တပ်ရင်း ၄ ခုနှင့် မြို့နယ် ၃၇ ခုတွင် နယ်လှည့်စစ်သားစုဆောင်းရေး တပ်ဖွဲ့ခွဲများ ထားရှိပြီး တပ်အင်အားတိုးချဲ့မှုကို ဆက်လက် လုပ်ကိုင်နေလျှက်ရှိသည်။
http://www.yoma3.org/index.php?option=com_content&view=article&id=319:2009-07-22-11-06-38&catid=41:2008-09-21-07-44-45&Itemid=124

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်