Friday, July 31, 2009

ယနေ့ ဂျပန်နိုင်ငံ တိုကျိုမြို့ စစ်အခွန်ရုံးရှေ့တွင်ပြုလုပ်သော ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ဆန္ဒပြ လှုပ်ရှားမှု ဓာတ်ပုံမှတ်တမ်း။....။


ယနေ့ နေ့လည်၁၂နာရီအချိန် ဂျပန်နိုင်ငံ တိုကျိုမြို့ ရှိနာဂါဝါမြို့နယ် နအဖ အခွန်ရုံးရှေ့တွင် ဒီမိုကရေစီအင်အားစုများ ဆန္ဒပြခဲ့ကြပါသည်။ ဒေါ်အောင်ဆန်းစုကြည်၏ အမှုကို ယနေ့ စီရင်ချက်ချမည့်မတရားမှုကို ကန့်ကွက်ဆန္ဒပြကြခြင်းဖြစ်ပါသည်။ ကိုစိန်ဌေး(မြန်မာ့ဒီမိုကရေစီအဖွဲ့ချုပ်)မှ အခမ်းအနားမှူးအဖြစ် ဆောင်ရွက်၍ ဂျပန်နိုင်ငံရှိ နိုင်ငံရေးအဖွဲ့အစည်းအသီးသီး၊ တိုင်းရင်းသားအဖွဲ့အစည်းအသီးသီး၊ ဂျပန်နိုင်ငံသတင်းဌာနများ (NHK,TBS,ASAHI,APF) နှင့်နိုင်ငံတကာ မြန်မာ့ဒီမိုကရေစီအင်အားစု ကိုယ်စားလှယ်များ အင်အား စုစုပေါင်း ၂၅၀ခန့်တက်ရောက်ခဲ့ကြပြီး ညနေ ၄နာရီတွင် ဆန္ဒပြပွဲ အခမ်းအနား ပြီးဆုံးခဲ့ပါသည်။ ဤအခမ်းအနားတွင်

ဦးကျော်ကျော်စိုး(မြန်မာ့ဒီမိုကရေစီအဖွဲ့ချုပ်-ဥက္ကဌ) နှင့် ဦးသန်းဆွေ(JAC ကိုယ်စားလှယ်) တို့မှ ဒေါ်အောင်ဆန်းစုကြည် အမှုစီရင်ချက်ချရန် ဩဂုတ်လ ၁၁ရက်နေ့သို့ရွှေ့ဆိုင်းလိုက်ခြင်း ကို၎င်း၊ နအဖလက်ရှိရင်ဆိုင် နေရသောအကျပ်အတည်းများအပေါ် ဆက်လက်ဖိအားပေးကြရန် တိုက်တွန်းပြောကြားခဲ့ကြပါသည်။

ကိုဆလိုင်းယောအောင် (မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး-ABSDF)မှ ဂျပန်ရှိ မြန်မာ့ဒီမိုကရေစီ လှုပ်ရှားမှုများ ကို အားရကျေနပ်မိကြောင်း၊ အင်အား၃ရပ် (နယ်စပ်ဒေသ၊ နိုင်ငံတကာ၊ မြန်မာပြည်တွင်း) ဟန်ချက်ညီ လှုပ်ရှားမှ အောင်မြင်နိုင်ကြောင်း၊ နအဖ၏ နိုင်ငံရေး အကျပ်အတည်း၅ရပ် (ဒေါ်စုကိစ္စ၊ စစ်တပ်တွင်းမတည်ငြိမ်မှု၊ ကမ္ဘာ့စီးပွားပျက်ကပ်၊၂၀၁၀ ရွေးကောက်ပွဲ၏ စိန်ခေါ်မှု၊ အပစ်အခပ်ရပ်စဲရေး)တို့ကို ထောက်ပြ ဝေဖန်ခဲ့ပါသည်။

ကိုမိုးသီးဇွန်မှလည်း `၈၈` မှယနေ့ထိ ၂၁နှစ် တိုင်အောင် မြန်မာပြည်တွင် အဓမ္မဝါဒီတို့နှင့် တရားမျှတမှု တို့စစ် ဖြစ်နေရကြောင်း၊ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မစ္စ ဟီလာရီကလင်တန် မှ အပြုသဘော ကမ်းလှမ်းချက် ကို ငြင်းဆန်ခဲ့သော နအဖ၏လုပ်ရပ်ကိုဝေဖန်ရှုတ်ချ လိုက်ပြီး ယခင် မိမိလာရောက်ခဲ့သောနှစ်များထက် ဒီမိုကရေစီ အင်အားစုများ တိုးပွားလာသည်ကို မြင်ရ၍ အားတက်မိကြောင်း ပြောကြားခဲ့ပါသည်။ ကိုမြတ်စိုး (ဗကသ အဖွဲ့ဝင်ဟောင်း -အမေရိက)မှ အမျိုးသားပြန်လည် သင့်မြတ်ရေးကို ဆန့်ကျင် သွေဖည်နေသော နအဖ၏ လုပ်ရပ်များကိုဝေဖန်ပြောကြားခဲ့သည်။

ဂျပန်နိုင်ငံရောက် တိုင်းရင်းသားအဖွဲ့အစည်းများ ကိုယ်စား ``မိုင်ကျော်ဦး `` မှ၂၁နှစ်ကြာ ဒီမိုကရေစီတော်လှန်ရေးဆက်လက်ကြိုးပမ်းကြရန်၊ စစ်အာဏာရှင်စနစ်ပြို ကွဲ ရန် အားလုံးသွေးစည်း ညီညွတ် ကြပါရန် တိုက်တွန်း ပြောကြားသွားခဲ့ပါသည်။

နောက်ဆုံးအစီအစဉ်အနေဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) ဂျပန်ဌာနခွဲမှ ဒေါ်ကေသီသိန်းက (ဂျပန်ဘာသာဖြင့်)၊ ဦးထွန်းငြိမ်း(မြန်မာဘာသာဖြင့်) ဦးဆောင်၍ ကြွေးကြော်သံများ သံပြိုင် ရွတ်ဆိုကာ အခမ်းအနား ပြီးဆုံးခဲ့ပါသည်။ ဩဂုတ်လ ၈ရက် စနေနေ့ နေ့လည် ၂နာရီခွဲ တိုကျိုမြို့ ဂိုတန်းဒ မြို့နယ် ပန်းခြံ တွင် စုဝေး၍ ၈၈၈၈ အထိမ်းအမှတ် ချီတက်ဆန္ဒပြပွဲ ပြုလုပ်ပါမည်။...။

သတင်း၊ဓာတ်ပုံ။...။စိုးအောင်ဝင်း ဒီမိုဝေယံ

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်