Friday, July 24, 2009

ဒေါ်အောင်ဆန်းစုကြည်အတွက် ဆုတောင်းသူ အန်အယ်လ်ဒီလူငယ် ထိုးကြိတ်ခံရ

မင်းနိုင်သူ / ၂၄ ဇူလိုင် ၂၀၀၉

ဒေါ်အောင်ဆန်းစုကြည်အတွက် မဟာမြတ်မုနိဘုရားကြီးသို့ မန္တလေးတိုင်း အန်အယ်လ်ဒီလူငယ်ပါတီဝင်များက ယနေ့ သွားရောက်ဝတ်ပြုဆုတောင်းခဲ့ရာတွင် စစ်အစိုးရလိုလားသူများက လူငယ်ပါတီဝင်တဦးအား ထိုးကြိတ် ရိုက်နှက်ခဲ့ကြောင်း သိရသည်။

နေအိမ်အကျယ်ချုပ်ဖောက်ဖျက်မှုဖြင့် တရားစွဲခံနေရသော ဒေါ်အောင်ဆန်းစုကြည်အမှု အပြီးသတ် လျှောက် လဲရက် ရုံးချိန်းနေ့တွင် ၀တ်ပြုဆုတောင်းပြီးအပြန် ထိုးကြိတ်ရိုက်နှက်ခံရသူမှာ မန္တလေးတိုင်း အရှေ့ တောင် မြို့နယ်မှ ကိုတိုးကြီးဆိုသူဖြစ်သည်။

“ကျနော်တို့ အသွားကတည်းက ကြံ့ဖွံ့နဲ့ သတင်းတပ်ဖွဲ့အင်အား (၅၀) လောက်က စောင့်ကြည့်နေတာဗျ။ ကျနော်တို့ လူစုနဲ့သွားလာနေတုန်းမှာတော့ စောင့်ကြည့်နေတာပဲရှိတယ်ဗျ။ ၀တ်ပြုဆုတောင်းပြီးအပြန် လူစုခွဲလိုက်တဲ့အချိန် ဆိုင်ကယ် ရပ်နားစခန်းမှာပဲ ကိုတိုးကြီးကို ၀ိုင်းထိုးကြတာဗျ။ လုပ်သွားတဲ့လူတွေရဲ့ နာမည်တွေတော့ မသိရသေးဘူးဗျာ။ ကြံ့ဖွံ့တွေ တော့ပါတယ်” ဟု မန္တလေးတိုင်း အန်အယ်လ်ဒီလူငယ်အဖွဲ့ဝင် ကိုမြင့်မော်က ပြောသည်။

ကိုတိုးကြီးကို ထိုးကြိတ်ရိုက်နှက်သူများမှာ (၅) ဦးခန့်ရှိပြီး တစုံတရာပြောဆိုခြင်းမရှိဘဲ အသားလွတ် ထိုးကြိတ်သွားခြင်းဖြစ်ပြီး ကိုတိုးကြီးက တစုံတရာပြန်လုပ်ခဲ့ခြင်းမရှိဟု သိရသည်။

ထိုကဲ့သို့ ထိုးကြိတ်ခံရခြင်းကြောင့် ကိုတိုးကြီး၏ ဦးခေါင်းတွင် ဒဏ်ရာရရှိသွားပြီး ရင်ဘတ်ကို အကန်ခံရသဖြင့် အရှိုက်အောင့်နေ၍ ဓာတ်မှန်ရိုက်ထားရသည်ဟု ကိုမြင့်မော်က ပြောသည်။

၎င်းက “အခုချိန်အထိတော့ ရဲစခန်းတွေဘာတွေတော့ တိုင်ချက်မဖွင့်သေးဘူးဗျာ။ တိုင်းစည်းရုံးရေးအဖွဲ့နဲ့ ဗဟိုကို အကြောင်းကြားထားတယ်။ လူကြီးတွေရဲ့ သဘောထားအတိုင်း လုပ်စရာရှိတာ ဆက်လုပ်သွားပါ့မယ်။ တကယ်တော့ ၀တ်ပြု တယ်၊ ဆုတောင်းတယ်ဆိုတာ ကိုယ့်ဘာသာအလိုက် လုပ်ခွင့်ရှိတာပဲဗျာ။ ဒါကို ရန်ရှာတာကတော့ ကျနော်တို့လူငယ်တွေကို ခြိမ်းခြောက်တာပဲ” ဟု ပြောသည်။

မန္တလေးမဟာမြတ်မုနိဘုရားကြီးသို့ မန္တလေးမြို့နယ်မှ အန်အယ်လ်ဒီလူငယ် (၁၅) ဦး သွားရောက် ၀တ်ပြု ဆု တောင်းခဲ့ကြပြီး မန္တလေးတိုင်း မြို့နယ်အသီးသီးတွင်လည်း ၀တ်ပြုဆုတောင်းပွဲများ ယနေ့ပြု လုပ်ခဲ့ကြ ကြောင်း သိရသည်။ http://www.khitpyaingnews.org/news/july09/240709e.php

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်