Monday, July 6, 2009

[ပြည့်စုံ] စစ်အာဏာရှင်နှင့် ဆဲဗင်းဂျူလိုင်


ဇူလိုင် (၈)ရက်နံနက်လင်းအားကြီးအချိန်တွင် စစ်တပ်က ဒိုင်းနမိုက်ဖြင့် ဖောက်ခွဲဖျက်ဆီးခဲ့သည် သမဂ္ဂအဆောက်အဦး

မြန်မာ့သမိုင်းမှာ ကျောင်းသား သမဂ္ဂတွေရဲ့ တိုက်ပွဲတွေဟာ ပညာရေးရည်မှန်းချက်၊ မျိုးသားရေးလွတ်မြောက်ရေး ဒီမိုကရေစီ ရည်မှန်းချက် စဖြင့်အမျိုးမျိုးရှိခဲ့ပါသည်။ ၁၉၂၀ သပိတ်၊ ၁၉၃၅-၃၆ သပိတ်၊ ၁၉၃၈ ခုနှစ်တွင်အမျိုးသား လွတ်မြောက်ရေးကို တောင်းဆိုတဲ့ ပြည်လုံးကျွတ် အထွေထွေသပိတ်ရဲ့ အစိတ်အပိုင်းဖြစ်သည်။

၁၉၆၂ခုနှစ် မတ်လ (၂) ရက် အာဏာသိမ်းပြီးနောက်ပိုင်း တော်လှန်ရေးကောင်စီက မေလ (၉) ရက်နေ့မှာ တက္ကသိုလ် အက်ဥပဒေကို ရုပ်သိမ်းတဲ့အမိန့်ကို ထုတ်ပြန်လိုက်ပြီး တော်လှန်ရေး ကောင်စီက တက္ကသိုလ်အုပ်ချုပ်ရေး တာဝန်အားလုံးကို ချုပ်ကိုင်လိုက်ပါတယ်။ မေလ (၁၀)ရက်နေ့မှာ ဦးနေ၀င်းက တက္ကသိုလ်ကောင်စီဝင်တွေကို ခေါ်ယူတွေ့ဆုံပြီး တက္ကသိုလ်ကောင်စီကို ဖျက်သိမ်းလိုက်ပြီလို့ ပြောလိုက်ပါတယ်။ တက္ကသိုလ်အက်ဥပဒေအရ မဲပေးခြင်းစနစ်ကို ဖျက်သိမ်းလိုက်ပြီလို့နဲ့ ရွေးချယ်ခန်ထားတဲ့ ပါမောက္ခဦးကာကို ပေါမောက္ခချုပ်အဖြစ် တချက်လွှတ်အမိန့်နဲ့ ခန့်လိုက်တယ်။ အဲဒီအချိန်ကစပြီး တက္ကသိုလ်ကျောင်းသားတွေနဲ့ ဆရာတွေကို ချုပ်ချယ်တဲ့ ဥပဒေစည်းမျဉ်းသစ်ဆိုတာတွေကို တခုပြီး တခုထုတ်ပြန်လာတယ်။ တက္ကသိုလ်ကျောင်းဆောင်တွေကိုည(၈)နာရီမှာ သော့ခတ် ပိတ်မည်ဆိုသည့်အမိန့် ထွက်လာသည့်အခါ ကျောင်းသားတွေနေနဲ့ ကန့်ကွက်ဆန့်ကျင်မှုတွေကို စရတော့သည်။
ဂျူလိုင်လ (၇)ရက်နေ့ (၁)နာရီချိန်မှာ တကသ ဥက္ကဌကိုဗဆွေလေး လက်မှတ်နဲ့ ကျေငြာဖိတ်ခေါ်ထားတဲ့ ကျောင်းသားထု အစည်းဝေး စတယ်။ ပညာရေးတောင်းဆိုချက်၊ ဒီမိုကရေစီရေးတောင်းဆိုချက်တွေ ဆုံးဖြတ်ပြီး တက္ကသိုလ်ဝန်းထဲမှာ လှည့်လည်ဆန္ဒပြကြပါတယ်။ မွန်းလွဲသုံးနာရီကျော်လောက်မှာ ဆန္ဒပြပွဲပြီးလို့ လူစုခွဲကာအေးအေးဆေးဆေးရှိနေပြီးမှ တော်လှန်ရေးကောင်စီတွေက ရဲတပ်ဖွဲဝင်တွေကို စေလွှတ်ပြီးကျောင်းသားတွေကိုဖမ်းရာမှစပြီး တဖက်နဲ့ တဖက်ရင်ဆိုင်တိုက်ခိုက်မှုတွေစတင်ခဲ့ပါတယ်။ ကျောင်းသားတွေက အနာခံပြီး သတ္တိရှိရှိ ရင်ဆိုင်တိုက်ကြလို့ ရဲတွေနောက်ဆုတ်ကြရတယ်။ ရဲတွေနေရာမှာ စစ်သားတွေရောက်လာတယ်။ ဒုတိယဗိုလ်မှုးကြီး စိန်လွင်က ဦးဆောင်တယ်။ ၅ နာရီခွဲလောက်မှာ အထက်အမိန်ကိုရရှိတဲ့ စိန်လွင်က ပစ်မိန့်ပေးလို့ စစ်သားတွေနဲ့ လက်တကမ်းလောက်အကွာမှာ ရှိနေတဲ့ ကျောင်းသားထောင်ပေါင်းများစွာကို G 3 သေနတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ကြလို့ ၁၅၀ ကျော်ကျော်လောက် ကျဆုံးခဲ့ရတယ်။ နောက်နေ့မနက် ၅နာရီခွဲလောက်မှာ တကသ အဆောက်အအုံကို မိုင်းခွဲဖျက်စီးပစ်ကြတယ်။
ဦးနေ၀င်းကတော့ ဇူလိုင်(၇)ရက်အရေးအခင်းကို ဖြေရှင်းခဲ့တာဟာ ကျုပ်အမှားမဟုတ်ဘူး၊ ဗိုလ်အောင်ကြီးရဲ့အမှားသာဖြစ်တယ်လို့ (၁၉၈၈)ခုနှစ် ဇူလိုင်(၂၃)ရက်နေ့ ကျိုက္ကဆံညီလာခံမိန့်ခွန်းမှာရှောင်ထွက်ဖို့ကြိုးစားပြီးတဲ့နောက် ဦးအောင်ကြီးကလည်း သူ့တာဝန်မဟုတ်ဘူးလို့ငြင်းဆိုခဲ့ပြန်ပါတယ်။
ထို့ကြောင့်စစ်အာဏာရှင်တွေအနေနဲ့ အဖြစ်မှန်ကို ဖုံးဖိထားပြီး အမှားတွေ ကျူးလွန်ကြတာ ဒီနေ့အထိ အတောမသတ်ကြသေးပါဘူး။
ဒီနှစ်မှာဆိုရင် ဇူလိုင်လ(၇)ရက်ဖြစ်ပွားခဲ့တာ (၄၇)နှစ်ရှိသွားပါပြီ အဲဒီအရေးအခင်းတုန်းက တက္ကသိုလ်မှာ အငယ်ဆုံးကျောင်းသားတွေ ဟာ အသက်(၁၆)နှစ်ရှိခဲ့တာမို့ အခုအချိန်မှာ အသက်(၆၃)နှစ်ရှိနေကြပါပြီ။ ခုထိဘာတွေမှားခဲ့သလဲ ဘာလုပ်ရပ်တွေဟာ အလွန် အကျွံလဲ၊ သေဆုံးသူအရေအတွက်တွေက အမှန်တကယ်ဘယ်လောက်ရှိခဲ့သလဲ၊ သေဆုံးသူစာရင်းထဲမှာမထည့်သွင်း မကြေညာဘဲ ထားတဲ့ ကျောင်းသူကျောင်းသားတွေနဲ့ မိဘဆွေမျိုး ညီအစ်ကိုမောင်နှမ တူ၊တူမတွေဟာ မိမိတို့ရဲ့ သားသမီး အကို၊အမတွေ ရန်ကုန် တက္ကသိုလ်ဝန်းထဲကနေ ဘယ်ကိုရောက်သွားသလဲ ဘယ်နည်းနဲ့ပျောက်ဆုံးသွားသလဲ ခုထိမသိကြသေးပါ။ ဒီအဖြစ်အပျက်တွေကို သင်္ခန်းစာယူပြီး နောက်နောင် ဒါမျိုးမဖြစ်ပွားအောင် ဘယ်လိုထိန်းသိမ်းကြမလည်းဆိုသည့် ကောက်ချက်မျိုး မရှိသေးပါဘူးး။ ထို့ကြောင့် ကျောင်းသားတွေရဲ့သမိုင်းတွေအဖြစ်မှန်တွေကိုမမေ့ပျောက်ကွယ်သွားအောင် အမှန်တရားတွေကို ဖော်ထုတ်ဖို့ရာ ပေးဆပ်ခဲ့ကြသော၊ ပေးဆပ်နေဆဲဖြစ်ကြသောသူတွေအတွက် သမိုင်းတာဝန်ကျေပြွန်စေဖို့ရာ အနာဂတ်မျိုးဆက်သစ်လူငယ်များရဲ့တာဝန်ဖြစ်သာဖြစ်တယ်။

မှတ်ချက်။ ။ ယခင်ရေးသားခဲ့သောပို့စ်အား ပြန်လည်ဖြည့်စွက်တင်ပြခြင်းဖြစ်သည်။

ပြည့်စုံ

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်