Thursday, July 2, 2009

မြောက်ကိုရီးယားရေပြင်အနီး သင်္ဘောမ၀င်ဖို့သတိပေး

02 July 2009

မြောက်ကိုရီးယားက မစ်ဇိုင်းဒုံးကျည် စမ်းသပ်ပစ်လွှတ်မှုတွေ ထပ်ပြီးလုပ်လာမှာကို စိုးရိမ်မှုတွေများနေတဲ့ အချိန်မှာပဲ ဒီလကုန်ပိုင်း စစ်ရေးလေ့ကျင့်မှုတွေ လုပ်တဲ့အခါမှာ ပင်လယ်ပြင်အတွင်း သင်္ဘော အသွားအလာတွေ ကင်းရှင်းအောင်နေကြဖို့ မြောက်ကိုရီးယားက သတိပေးချက် ထုတ်ထားတယ်လို့ ဂျပန်ကမ်းခြေ လုံခြုံရေးက ပြောပါတယ်။ ဂျပန်ပင်လယ်ပြင်နဲ့ ပင်လယ်ဝါ တ၀ိုက်က ကမ်းခြေဆယ်ခု မှာ အသွားအလာ လုပ်နေတဲ့သင်္ဘောတွေကို ရှောင်ရှားနိုင်ဖို့ သတိပေးထားတဲ့ အီးမေးတစောင်ကို ဗုဒ္ဓဟူးနေ့တုံးက လက်ခံရရှိခဲ့တဲ့ အကြောင်း ဂျပန်ကမ်းခြေ လုံခြုံရေးအရာရှိတွေက ပြောတာပါ။ စောစောပိုင်းတုန်း ရထားတဲ့ သတိပေးချက် တခုမှာတော့ ဂျပန်ပင်လယ် တ၀ိုက်မှာ ဇွန်လ ၂၅ရက်ကနေ ဇူလိုင် ၁၀ရက်အထိ သင်္ဘောတွေ အသွားအလာ မလုပ်ဖို့ ဆိုထားပါတယ်။ မြောက်ကိုရီးယားဘက်က ဘယ်လို စစ်ရေးလေ့ကျင့်မှုတွေနဲ့ စီစဉ်နေတာလဲဆိုတာ သေသေချာချာ မသိရဘူးလို့ ဂျပန်အရာရှိတွေက ပြောပါတယ်။

လာမယ့် ရက်အနည်းငယ်အတွင်းမှာ မြောက်ကိုရီးယားဘက်က မစ်ဇိုင်းဒုံးကျည် စမ်းသပ်ပစ်လွှတ်မယ့် အရိပ်လက္ခဏာတွေ မတွေ့ရဘူး လို့ အမေရိကန်ရေတပ်အရာရှိ မိုက်ကလ် မူလင်က မနေ့တုန်းက ပြောခဲ့ပါသေးတယ်။ မြောက်ကိုရီးယားဘက်ကတော့ သူ့ရဲ့သင်္ဘောတွေ ကို ဘယ်နိုင်ငံကပဲ နှောက်ယှက်နှောက်ယှက် စစ်ရေးနဲ့ တုံ့ပြန်သွားမယ်လို့ မနေ့ကပဲ သတိပေး ခြိမ်းခြောက်ခဲ့ပါသေးတယ်။ သံသယရှိတဲ့ မြောက်ကိုရီးယားက ကုန်တင်သင်္ဘောတွေကို ၀င်ရောက် စစ်ဆေးခွင့်နဲ့ ပါတ်သက်ပြီး ကုလသမဂ္ဂဘက်က ဆုံးဖြတ်ချက်အသစ် ချမှတ် ရေး ကိစ္စ အခု ဂျပန်နိုင်ငံမှာ ရောက်နေတဲ့ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် မစ္စတာ ဘန်ကီမွန်းနဲ့ ဂျပန်ဝန်ကြီးချုပ် တာရိုအာဆိုတို့ တွေ့ ဆုံပြီး ဆွေးနွေးခဲ့ကြ ပါသေးတယ်။ မြောက်ကိုရီးယားရဲ့ နျူကလီးယားလက်နက်နဲ့ မစ်ဇိုင်းဒုံးကျည် လုပ်ငန်းတွေ တိုးတက်လာမှာကို ဟန့်တားဖို့အရေး ကုလသမဂ္ဂ ဆုံးဖြတ်ချက် ချဖို့ကိစ္စဟာ ကမ္ဘာ့နိုင်ငံ အားလုံးက အရေးတကြီး ၀ိုင်းလုပ်ရမယ့် ကိစ္စဖြစ်တယ်လို့ မစ္စတာ ဘန်ကီမွန်းက ပြောပါတယ်။ မြန်မာပြည်ဘက်ကို ဦးတည်ပြီး သွားနေတယ်ဆိုတဲ့ မြောက်ကိုရီးယား သင်္ဘောဟာ တနင်္ဂနွေနေ့တုန်းက မြောက်ကိုရီးယားဘက်ကို ပြန်လှည့်သွားပုံရတယ်လို့ အမေရိကန် အရာရှိတွေက အင်္ဂါနေ့တုန်းက ပြောပါတယ်။ အဲဒီသင်္ဘောကို အမေရိကန် ရေတပ် သင်္ဘောက တပတ်ကျော်ကြာအောင် နောက်ယောင်ခံလိုက်နေခဲ့တာပါ။

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်