Monday, July 6, 2009

မိုက်ပါပေ့ သန်းရွှေ..ဇက်ကောင်းလို့  ဓါးတောင်းနေပါလား

မြန်မာစစ်အစိုးရအနေဖြင့် နိုင်ငံရေးအခွင့်အလမ်းများ ဆုံးရှုံးဟုကုလသမဂ္ဂအကြီးအကဲ ဘန်ကီမွန်း ပြောကြား
NEJ / ၆ ဇူလိုင် ၂၀၀၉

နိုင်ငံရေးအရ ပွင့်လင်းမှုရှိကြောင်း ပြသနိုင်သည့် အခွင့်အလမ်းများကို မြန်မာစစ်အစိုးရ အနေဖြင့် လက်လွတ်ဆုံးရှုံးခဲ့ရသည်ဟု ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြောကြားလိုက်သည်။

မြန်မာနိုင်ငံသို့သွားရောက်ခဲ့သည့် ဇူလိုင် (၃) ရက်နှင့် (၄) ရက်ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်တောင်းခဲ့သည်ကို နအဖစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက လက်မခံဘဲ ငြင်းပယ်ခဲ့သည့်အတွက် မစ္စတာဘန်ကီမွန်းက သတင်းထောက်များအား ယင်းသို့ ထုတ်ဖော်ပြောကြားခဲ့ခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်မရသည့်အတွက် အလွန်စိတ်ပျက်မိကြောင်းလည်း မစ္စတာဘန်ကီမွန်းက ပြောကြားခဲ့သည်။

ထိုသို့ ဒေါ်အောင်ဆန်းစုကြည်နှင့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်အား တွေ့ဆုံခွင့်မပေးခြင်းသည် မှားယွင်းသည်ဟု ၎င်းအနေဖြင့် ယူဆကြောင်း ၀ါရင့်နိုင်ငံရေးသမားကြီး သခင်ချန်ထွန်းက ခေတ်ပြိုင်သို့ ပြောသည်။

၎င်းက “အမှန်က ကမ္ဘာ့ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဆိုတာ ကမ္ဘာ့နိုင်ငံပေါင်း မြောက်မြားစွာက ထောက်ခံတင်ပြထားတဲ့ ပုဂ္ဂိုလ်ကြီးဖြစ်တယ်။ ဒါကြောင့် တကယ်ကို တွေ့သင့် တွေ့အပ်တဲ့၊ တကယ်လည်း တွေ့ခွင့်ပေးသင့်တဲ့ကိစ္စလို့ ယူဆပါတယ်။ ဒီလိုပုဂ္ဂိုလ်မျိုးကို ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်မပေးဘူးဆိုတဲ့လုပ်ရပ်ဟာ တင်းမာလွန်းတဲ့သဘော သက်ရောက်သွားတဲ့ အတွက် တိုင်းပြည်အတွက်ရော၊ ခေါင်းဆောင်တယောက်အနေနဲ့ရော ကမ္ဘာက အထင်မြင်သေးစရာတခုလို့ ယူဆမိပါတယ်” ဟု ပြောသည်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းသည် မြန်မာနိုင်ငံခရီးစဉ်အတွင်း သူ့အနေဖြင့် သူ့တာဝန်သူ ထမ်းဆောင်သည့် သဘော သက်ရောက်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ကို နအဖက တွေ့ခွင့်မပေးသည့်အတွက် ကျန်သည့် တွေ့ဆုံဆွေးနွေး ရေးကိစ္စ၊ နိုင်ငံရေးအကျဉ်းသားများ အားလုံးလွှတ်ပေးရေးကိစ္စတို့တွင် စစ်အစိုးရအနေဖြင့် ပိုမိုတင်းမာလာမည့် သဘောမျိုး ရှိမည်ဟုလည်း သခင်ချန်ထွန်းက ပြောသည်။

မစ္စတာဘန်ကီမွန်းကမူ နအဖစစ်အစိုးရသည် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်မပေးသည်မှလွဲ၍ ကျန်သည့် အဆိုပြုချက်များကို အလေးအနက်ထားပြီး စဉ်းစားနေသည်ဟု ယူဆကြောင်း ထိုင်းနိုင်ငံ ဘန်ကောက်မြို့ သုဝဏ္ဏဘူမိလေဆိပ် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

မြန်မာအစိုးရအနေဖြင့် ၂၀၁၀ ရွေးကောက်ပွဲကို အများကလက်ခံနိုင်ရန် လုပ်ဆောင်လိုသည့်ဆန္ဒရှိကြောင်း ပြသရန် အရေးကြီးကြောင်းလည်း မစ္စတာဘန်ကီမွန်းက ထည့်သွင်းပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ ပြန်လွှတ်ပေးရန်၊ အမျိုးသားရင်ကြားစေ့ရေးအတွက် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ရန်နှင့် လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲဖြစ်မြောက်စေရန်တို့အတွက် မစ္စတာဘန်ကီမွန်းက ဗိုလ်ချုပ်မှူးကြီးနှင့် တွေ့ဆုံရာတွင် တိုက်တွန်းခဲ့ပြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ၂၀၁၀ ရွေးကောက်ပွဲကို တရားမျှတမှုရှိစေပါမည်ဟု ကတိပေးခဲ့ကြောင်း သိရသည်။

ဗိုလ်ချုပ်မှူးကြီးက ယင်းသို့ ကတိပေးခဲ့သော်လည်း နအဖပြုလုပ်မည့် ရွေးကောက်ပွဲသည့် ဓားမိုးပြီးလုပ်သည့် ရွေးကောက်ပွဲမျိုး ဖြစ်နိုင်ခြေများနေသည်ဟု ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားညွန့်ပေါင်းအစိုးရ (အန်စီဂျီယူဘီ) ၏ ကုလသမဂ္ဂဆိုင်ရာတာဝန်ခံ ဒေါက်တာသောင်းထွန်းက ပြောသည်။

၎င်းက “ရွေးကောက်ပွဲမတိုင်ခင်မှာကို လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲနဲ့ လျော်ညီတဲ့ နိုင်ငံရေးဝန်းကျင် ဖန်တီးပေး ရမယ်။ ပါတီအဖွဲ့အစည်းတွေ လွတ်လပ်စွာဖွဲ့စည်းခွင့်တွေ၊ ပြောဆိုဆွေးနွေးခွင့်တွေ၊ မဲဆွယ်ခွင့်တွေ နိုင်ငံရေးအကျဉ်းသား (၂,၀၀၀) ကျော်က ထောင်ထဲမှာရှိနေပြီးတော့ အရေးကြီးတဲ့ နိုင်ငံရေးခေါင်းဆောင်တွေ၊ တိုင်းရင်းသားခေါင်းဆောင်တွေ ထောင်ထဲမှာရှိနေရင် ရွေးကောက်ပွဲအနေနဲ့ အင်အားစုအားလုံး ပါဝင်တဲ့ရွေးကောက်ပွဲမျိုး မဖြစ်နိုင်ဘူး” ဟု ပြောသည်။

ကုလသမဂ္ဂအကြီးအကဲအနေဖြင့် မြန်မာနိုင်ငံနှင့်ပတ်သက်သည့် သဘောထား အကြံပြုချက်များကို ပွင့်ပွင့်လင်းလင်း ပြောသွားပြီးသည့်နောက် စစ်အစိုးရဘက်မှ အမှန်တရားကို ရှုမြင်ပြီး တုံ့ပြန်ရန်သာလိုအပ်သည်ဟု ဒေါက်တာသောင်းထွန်းက ပြောသည်။

“ဒါပေမယ့် အခု ဘန်ကီမွန်းရဲ့ခရီးစဉ်မှာတော့ တိတိကျကျ ရလဒ်မရရုံတင်မကဘူး၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ ကုလသမဂ္ဂရဲ့ ကြားဝင်ဖျန်ဖြေမှုကို သိပ်ပြီး အလေးမထားဘူး။ နောက် အမျိုးသားပြန်လည်သင့်မြတ်ရေးကို တကယ်ဖော်ဆောင်ချင်တဲ့ နိုင်ငံရေးအာသီသ မရှိဘူးဆိုတာ ပြနေတယ်။ နောက် ကုလသမဂ္ဂရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေပါတယ်။ နိုင်ငံတကာရဲ့ သဘောထားကိုလည်း ငြင်းပယ်တဲ့သဘောရှိတယ်” ဟု ၎င်းက ပြောသည်။

ထို့ကြောင့် မြန်မာနိုင်ငံအရေးနှင့်ပတ်သက်၍ ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် စည်းနှောင်မှုရှိသည့် ဆုံးဖြတ်ချက်တခု ချမှတ်ရန် လိုအပ်နေပြီး ကောင်စီအနေဖြင့် တစုံတရာတုံ့ပြန်မှု ပြုလုပ်လိမ့်မည်ဟု မျှော်လင့်ကြောင်းလည်း ၎င်းက ခေတ်ပြိုင်သို့ ပြောကြားခဲ့သည်။ http://www.khitpyaing.org/news/july09/060709.php

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်