Sunday, July 19, 2009

ဒေါ်အောင်ဆန်းစုကြည်အား တရားစွဲထားသည့်အပေါ် တပ်တွင်းမကျေမနပ်ဖြစ်

Sunday, 19 July 2009 12:37 ရိုးမ ၃
နေအိမ်အတွင်း ဝင်ရောက်လာသည့် နိုင်ငံခြားသားတဦးကိုမူတည်ကာ တရားစွဲဆိုနေခြင်းနှင့်ပတ်သက်၍ တပ်တွင်း တာဝန်ထမ်းဆောင်နေသည့် အရာရှိအချို့ မကျေမနပ်ဖြစ်နေသည်။

အမျိုးသမီးတဦးအပေါ်အရှက်ရစရာကောင်းလောက်အောင် လိမ်ညာအမှုဆင် လုပ်ဆောင်နေသည့်အတွက် တပ်မတော်အတွင်းရှိ အောက်ခြေ အရာရှိ၊ အရာခံ၊ အကြပ်တပ်သားများနှင့် မိသားစုဝင်များက တပ်မတော်ခေါင်းဆောင်များအပေါ် မကျေမနပ်ဖြစ်နေကြခြင်းဖြစ်သည်။

“ကျနော် စစ်တပ်ထဲဝင်ခဲ့မိတာ မှားတယ်၊ ဒီကိစ္စ တပ်ထဲမှာလည်း တီးတိုးပြောကြတယ်ပေါ့ဗျာ၊ သိပ်ရှက်ဖို့ကောင်းတယ်၊ သူတို့ ဘာကြောင့် အရှက်ကင်းမဲ့စွာ လုပ်တယ်ဆိုတာကိုလည်း ကျနော် စဉ်းစားမိသမျှပေါ့ဗျာ၊ အာဏာကို ငန်းငန်းတက် မက်မောနေကြပြီလို့ပဲ ပြောချင်တယ်” ဟု အရှေ့တောင်တိုင်းစစ်ဌာချုပ် လက်အောက်ခံတပ်မှ တပ်ခွဲမှူးအဆင့်ရှိသူတဦးက ပြောသည်။

လက်ရှိအခြေအနေတွင် အခြားတပ်ရင်းတပ်ဖွဲ့များတွင်လည်း ယခုကိစ္စများကို ကျေနပ်မှုမရှိကြောင်း၊ ၄င်းနှင့်တပတ်စဉ်တည်း ကျောင်းဆင်းလာခဲ့သည့် မိတ်ဆွေများအား မေးမြန်းခဲ့ရာ တုံ့ပြန်ပြောဆိုခဲ့သည်များမှာ အလားအလာမကောင်းကြောင်း ဆက်လက်ပြောဆိုသည်။

နေပြည်တော်နှင့်နီးစပ်သူ အရာရှိတဦးအဆိုအရ တပ်ချုပ်ဟုခေါ်သော ဗိုလ်ချုပ်မှူးကြီး သန်းရွှေမှာ ယခုလုပ်ရပ်ကြောင့် အခြားတပ်မှူးကြီးများ၏ ယုံကြည်မှုလျှော့နည်းလာသည်ဟု ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်အား တရားစွဲ၍ ထောင်ချပြီးမှသာလျှင် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေပြဌာန်းချက်များ ထွက်ပေါ်လာမည်ဖြစ်ပြီး ပါတီအားဖြင့် ၄ ခုခန့်သာ လက်ခံနိုင်ဖွယ်ရှိသည်ဟု အဆိုပါအရာရှိက ဆက်လက်ပြောဆိုသွားခဲ့သည်။

စစ်အစိုးရအာဏာပိုင်များက မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား အမေရိကန်နိုင်ငံသား မစ္စတာ ဂျွန်ယက်တော နေအိမ်အတွင်းသို့ ဝင်ရောက်ခဲ့သည်ကို လက်ခံခဲ့သည့် အကြောင်းပြချက်ဖြင့် ရုံးတင်တရားစွဲဆိုမှုများ ပြုလုပ်ထားပြီး ယခုလ (၂၄) ရက်နေ့တွင် အပြီးသတ်လျှောက်လဲချက်တင်ရန် ရုံးချိန်းသတ်မှတ်ခဲ့သည်။

Rest of your post

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်