Thursday, July 2, 2009

ဝက်တုပ်ကွေးသတင်းယူသူ ထိန်းသိမ်းခံရ

Thursday, 02 July 2009 18:05 အောင်သက်ဝိုင်း .မြန်မာနိုင်ငံတွင် ပထမဆုံး A (H1N1) ဝက်တုပ်ကွေးရောဂါ ကူးစက်ခံထား ရသည်ဆိုသော မိန်းကလေးကို ဝင်ရောက်မေးမြန်း သတင်းယူခဲ့သည့် Weekly Eleven ဂျာနယ်မှ သတင်းထောက်တဦးအား ထိန်းသိမ်း ထားကြောင်း ကျန်းမာရေး အသိုင်းအဝန်းမှ သတင်းရရှိသည်။

၎င်းကို ဝက်တုပ်ကွေး ရောဂါ ကူးစက်မှု ရှိမရှိ စောင့်ကြည့်စစ်ဆေးရန် ၁၀ ရက်ကြာ ထိန်းသိမ်းထား ရမည်ဟု နေပြည်တော် ကျန်းမာရေး ၀န်ကြီးဌာနမှ ညွှန်ကြားရေးမှူးတဦးက ဆိုသည်။

သတင်းထောက်အနေနှင့် တားမြစ်နယ်မြေကို ၀င်ရောက်ခဲ့သည့် အတွက် အစိုးရ၀န်ထမ်းများ၏ တာဝန် ၀တ္တရားကို နှောင့်ယှက်မှု မြောက်သောကြောင့်ထိန်းသိမ်းထားမည် ဖြစ်သော်လည်း အရေးယူထောင်ချခြင်း များ မပြုလုပ်ဘဲ ခံဝန်လက်မှတ်ထိုးစေကာ ပြန်လွှတ်ပေးနိုင်သည်ဟု နေပြည်တော် ကျန်းမာရေးဝန်ထမ်း တဦးက ရှင်းပြသည်။

“ဝက်တုပ်ကွေး ဗိုင်းရပ်စ် ကူးစက်ခံရမှု ရှိ၊မရှိ ၁၀ ရက်တိတိ စောင့်ကြည့်မယ်။ ၁၀ ရက်ကြာလို့ မကူးစက် ဘူးဆိုရင် ပြန်လွှတ်ပေးမယ်” ဟု သူကဆိုသည်။

ဝက်တုပ်ကွေးရောဂါ ကူးစက်ခံထားရသဖြင့် ရန်ကုန်၊ ပြည်သူ့ဆေးရုံကြီး၊ အထူးသီးသန့် လူနာဆောင်တွင် ဆေးဝါးကုသမှု ခံယူနေသော အသက် ၁၃ နှစ်အရွယ် ထိုမိန်းကလေးငယ်ကို ဇွန်လ ၂၈ ရက်နေ့တွင် Weekly Eleven ဂျာနယ်မှ သတင်းထောက်က ခွင့်ပြုချက်မရှိဘဲ ဆေးရုံဝန်ထမ်း လုံခြုံရေးအစောင့်ကို ငွေကြေးပေးကာ ၀င်ရောက်တွေ့ဆုံခဲ့သည်ဟု သိရသည်။

ထိုသတင်းထောက်က မိန်းကလေးငယ်ကို ဓာတ်ပုံများ ရိုက်ကူး၍ တွေ့ဆုံမေးမြန်း သတင်းရယူခြင်းများ ပြုလုပ်နေစဉ် တာဝန်ကျ ဆရာဝန်များ ရောက်ရှိလာရာ ချက်ချင်း ဖမ်းဆီး ထိန်းသိမ်းခဲ့ကြောင်း ရန်ကုန် ပြည်သူ့ဆေးရုံကြီးမှ တာဝန်ကျသူနာပြု တဦးကပြောသည်။

A (H1N1) ဝေဒနာရှင် အမျိုးသမီးငယ်နှင့် Weekly Eleven ဂျာနယ်မှ သတင်းထောက် တို့ တွေ့ဆုံမေးမြန်း ထားသည့် အသံဖိုင်များ၊ ဓာတ်ပုံများကိုမူ ဖျက်ဆီးပစ်ရန် ကျန်းမာရေးဝန်ကြီးဌာန ဒုတိယ ၀န်ကြီး ဒေါက်တာ မြဦးက ညွှန်ကြားခဲ့သည်ဟု သိရှိရသည်။

ဝေဒနာရှင် မိန်းကလေးနှင့် တွေ့ဆုံခဲ့သော သတင်းထောက်တွင် ရောဂါကူးစက် ခံရမှုရှိမရှိကို မြောက် ဥက္ကလာပ ဝေဘာဂီ ကူးစက်ဆေးရုံကြီးတွင် ထိန်းသိမ်း စစ်ဆေးမည်ဖြစ်ကြောင်း နေပြည်တော် ကျန်းမာရေးဝန်ထမ်းက ပြောသည်။

ဂျာနယ်သတင်းထောက်က ဝေဒနာရှင် မိန်းကလေးကို သွားရောက် တွေ့ဆုံခဲ့သည့်အချိန်သည် ရန်ကုန် ပြည်သူ့ ဆေးရုံအုပ်ကြီး ဒေါက်တာ ဒေါ်နုနုသာ၊ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာမြဦးနှင့် ဝေဒနာရှင် မိန်းကလေးငယ် ကို ကြီးကြပ်ကုသပေးနေသော ဆရာဝန်ကြီးများက အထူးစီမံချက်ဖြင့် ရန်ကုန်လေဆိပ်တွင် ပြည်ပမှ ရောက်ရှိလာသူများကို ကျန်းမာရေးသွားရောက် စစ်ဆေးပေးနေချိန် ဖြစ်သည်ဟု ကြားသိရသည်။

ယင်းဖြစ်ရပ်နောက်ပိုင်း ရန်ကုန်ဆေးရုံကြီးတွင် လုံခြုံရေးတင်းကျပ်လိုက်ပြီး သတင်းထောက်များ၏ ဝက်တုပ်ကွေး လူနာများနှင့် ဆက်စပ်သော သတင်းမေးမြန်းမှုများကို ရန်ကုန်ဆေးရုံကြီး တာဝန်ရှိသူများနှင့် တာဝန်ကျ ဆရာဝန်များက ဖြေဆိုရန် ငြင်းကြသည်ဟု သတင်းဂျာနယ် အသိုင်းအဝန်းက ပြောသည်။

ကျန်းမာရေးဝန်ကြီးဌာနက ရောဂါကူးစက်ခံထားရသူ အသက် ၁၃ နှစ်အရွယ် မိန်းကလေး၏ မိသားစုနှင့် သူငယ်ချင်းများ အပါအ၀င် လူ ၁၄ ဦး၊ အဆိုပါမိန်းကလေးငယ်စင်ကာပူမှ ပြန်လာစဉ် လေယာဉ် တစီးတည်း လိုက်ပါသူ ခရီးသည် ၉၀၊ ရန်ကုန်လေဆိပ်တွင် ထိုမိန်းကလေး ကို စစ်ဆေးခဲ့သော လေဆိပ်ဝန်ထမ်း ၉၈ ဦး နှင့် သတင်းထောက်တဦး စုစုပေါင်း ၂၀၃ ဦးကို ရောဂါကူးစက်မှု ရှိ၊ မရှိ ကျန်းမာရေးဝန်ကြီး ဌာနက အနီး ကပ် ခေါ်ယူ စောင့်ကြည့်လျက်ရှိကြောင်း ယမန်နေ့ထုတ် စစ်အစိုးရ သတင်းစာများတွင် ထုတ်ပြန်ကြေညာ ခဲ့သည်။ http://www.irrawaddy.org/bur/2009-07-02-11-06-56.html

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်