Monday, July 13, 2009

အစိုးရပိုင်သတင်းစာများမှ A(H1N1) တုပ်ကွေးကို စနစ်တကျစစ်ဆေးနေခဲ့ကြောင်း ဖော်ပြထားသော်လည်း

ခေတ်ပြိုင် ၊ မြန်မာနိုင်ငံသို့ လေကြောင်းဖြင့် ရောက်လာသောခရီးသည်များတွင် A(H1N1) တုပ်ကွေးရောဂါပိုး ရှိ မရှိ စစ်ဆေးမှု လုပ်ဆောင်ချက်များ ပေါ့ဆကြောင်း MAI လေကြောင်းလိုင်းဖြင့် ယမန်နေ့က လိုက်ပါလာသည့် ခရီးသည်တဦးက ပြောသည်။

၎င်းက “ကျနော်က မလေးရှားက ပြန်လာပြီး ထိုင်းကနေ MAI နဲ့ ပြန်လာတာပါ။ ကျနော်က ထင်နေတာ သေသေချာချာ စစ်မယ်ထင်နေတာ။ ဘယ်ကလာဗျာ။ လူတွေကို လိုက်ကြည့်နေပြီး Health Declaration Form ဖြည့်ရတယ်။ အဲဒီမှာ ကျနော်က (ချောင်းဆိုး၊ နှာစေး၊ ဖျားနာကင်း) မှာ အားလုံး ကင်းရှင်းကြောင်း ခြစ်လိုက်တယ်။ အားလုံး ဒီလိုပဲ လုပ်နေကြတာလေ။ တကယ်လို့သာ တယောက်ယောက်မှာ ပါလာတယ်ဆိုရင် လွတ်သွားမှာပေါ့။ ဒါပဲလေ။ သူတို့က သေသေချာချာ မစစ်တာ သေချာပါတယ်ဗျာ၊ ကိုယ်တွေ့ပေါ့” ဟု ပြောသည်။

၎င်းကဆက်ပြီး “ကျနော်က နှာချေနေတာပါလို့ မပြောနိုင်ဘူးလေ။ ကျနော့်ကို ဝေဘာဂီတန်းပို့လိုက်ရင် အလုပ်ပျက်မယ်။ ဒါကြောင့် အားလုံးကောင်းပါတယ်လို့ လုပ်လိုက်တာပါ၊ ကျနော်လည်း မကောင်းဘူးဗျာ” ဟု ပြောသည်။

ရန်ကုန်လေဆိပ်တွင် ခရီးသည်များကို ကျန်းမာရေး စစ်ဆေးမှု ပြုလုပ်သည်ဆိုသည်မှာ ဗွီဒီယိုကင်မရာကို ထမ်းထားသော လူတဦးနှင့် အခြားလူ (၆) ယောက်ခန့်က စောင့်၍ ခရီးသည်များကို လိုက်ကြည့်ကာ မှတ်တမ်းတင်ရိုက်ကူးခြင်း၊ မှတ်တမ်း အချက်အလက်ယူခြင်းတို့ဖြစ်ကြောင်း မလေးရှားမှ ပြန်လာသည့် အဆိုပါ မြန်မာနိုင်ငံသားခရီးသည်က ပြောသည်။

ဟောင်ကောင်မှ ယမန်နေ့က ပြန်ရောက်လာသည့် ခရီးသည်တဦးကမူ ၎င်းအားသက်ဆိုင်ရာမှ စောင့်ကြည့်ခြင်းမျိုးမရှိဘဲ တယ်လီဖုန်းဖြင့်ဆက်ကာ နေကောင်းလားဟု မေးမြန်းမှုရှိကြောင်း၊ ၎င်းအနေဖြင့် အလုပ်ကိစ္စများ လုပ်စရာရှိသည်ကို သွားလာလုပ်ကိုင်နေကြောင်း ပြောသည်။

ပြီးခဲ့သည့် ဇွန် (၂၇) ရက်တွင် အသက် (၁၃) နှစ်အရွယ် အမျိုးသမီးငယ်တွင် ရောဂါတွေ့ရှိကြောင်း အစိုးရက တရားဝင်ကြေညာခဲ့ပြီး ၎င်းတွင် ရောဂါရှိကြောင်း လေဆိပ်တွင်တွေ့ရှိခဲ့ခြင်း မဟုတ်ဘဲ နေအိမ်သို့ ပြန်လည်ရောက်ရှိခဲ့ပြီး နောက်ပိုင်းတွင်မှ တွေ့ရှိခြင်းဖြစ်ကြောင်း တရားဝင်ဖော်ပြသည်။

အဆိုပါ အမျိုးသမီးငယ် ရောဂါမဖြစ်ပွားခင် ပြီးခဲ့သည့် ဧပြီလကပင် အစိုးရက A(H1N1) တုပ်ကွေးကို ရန်ကုန်လေဆိပ်၊ နယ်စပ်ဂိတ်များနှင့် ဆိပ်ကမ်းများတွင် စနစ်တကျစစ်ဆေးနေခဲ့ကြောင်း အစိုးရပိုင်သတင်းစာများမှ ရေးသားဖော်ပြခဲ့သည်။

ဇူလိုင် (၆) ရက်တွင်လည်း ထိုင်းလေကြောင်းဖြင့် ရောက်လာသူ အသက် (၂ဝ) အရွယ် အမျိုးသားတဦးတွင် A(H1N1) ရောဂါတွေ့ရှိကြောင်း အစိုးရပိုင်မီဒီယာများမှ ဖော်ပြခဲ့သည်။

အဆိုပါ လူနာကို ဝေဘာဂီအထူးကုဆေးရုံတွင် သီးသန့်ထားရှိပြီး ကုသရာ ဇူလိုင် (၁၁) ရက်တွင် အဖျားလုံးဝမရှိတော့ကြောင်း အစိုးရသတင်းစာများက ဖော်ပြသည်။

ရောဂါကူးစက်ပြန့်ပွားမှု မဖြစ်စေရန် ကျန်းမာရေးဝန်ကြီးဌာနက လူနာ၏ မိသားစုဝင်များအား ပြင်ပသို့ သွားရောက်ခွင့်မပြုဘဲ စောင့်ကြည့်လျက်ရှိပြီး၊ လူနာနှင့်အတူ လိုက်ပါခဲ့သော ခရီးသည် (၁ဝ၄) ဦးနှင့် ရန်ကုန်လေဆိပ် ဝန်ထမ်းများ၊ လူနာနှင့် ထိတွေ့ခဲ့သူများကိုလည်း ရောဂါ ရှိမရှိ လိုက်လံကြည့်ရှုနေသည်ဟုလည်း ဖော်ပြထားသည်။

ဝေဘာဂီဆေးရုံနှင့်နီးစပ်သည့် သတင်းရပ်ကွက်များအဆိုအရ A(H1N1) ရောဂါပိုးရှိသည်ဟု သံသယ ဖြစ်သောလူနာ (၁၀) ဦးခန့် ဝေဘာဂီဆေးရုံသို့ ရောက်လာသည်ဟု သိရသည်။

“သက်သာလို့ ဆင်းသွားသူတွေလည်း တွေ့ပါတယ်။ ကျန်တာလည်း ရှိသေးတယ်တဲ့။ ကျနော် သိသလောက်တော့ ဆေးရုံဝန်ထမ်းတွေက ဒီသတင်းတွေကို ဘယ်သူ့ကိုမှ မပြောဖို့ ဆရာဝန်ကြီးတွေက ညွှန်ကြားထားတယ်တဲ့။ ဒီလူနာတွေ ထားတဲ့အခန်းတွေကို အလုံပိတ်ထားပြီး အဲဒီဘက်ကို ဖြတ်မလျှောက်ဖို့ တခြားလူနာစောင့်တွေကိုလည်း မှာထားတယ်တဲ့” ဟု ဆေးရုံဝန်ထမ်းများနှင့် နီးစပ်သူတဦးက ပြောသည်။

A(H1N1) တွေ့ရှိခဲ့သော လူနာ (၂) ဦးလုံးမှာ လေဆိပ်တွင် စစ်ဆေးစဉ်က ကျန်းမာရေး ကောင်းမွန်သူများဖြစ်ပြီး နေအိမ်သို့ ပြန်ရောက်ပြီးမှ ရောဂါတွေ့ရှိသည်ဟု သတင်းစာတွင် ဖော်ပြသည့်အတွက် ရန်ကုန်မြို့ခံများက လေဆိပ်တွင် စစ်ဆေးမှုပြုလုပ် သည့်အပေါ် ယုံကြည်မှုမရှိကြကြောင်း သိရသည်။

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်