Wednesday, April 8, 2009

မက္ကာမြို့ရှိ ဗလီဝတ်ကျောင်း၂၀၀ကျော် မျက်နှာမူရာအရပ်မှားယွင်းနေ

ဆော်ဒီအာရေးဘီးယားနိုင်ငံ၊ မက္ကာမြို့တော်ရှိ အစ္စလာမ်ဘာသာရေး အထွတ်အမြတ်ဆိုင်ရာ မြေပေါ်တွင် တည်ဆောက်ထားသည့် ဗလီဝတ်ကျောင်း အတော်များများသည် မျက်နှာမူ ဆောက်လုပ်ထားသည့် အနေအထားများ လွဲမှားနေကြောင်း သိရသည်။ မြင့်မြတ်သော ဘာသာရေးနေရာ ကာဘာကျောင်းတော်ကို ဦးတည်ထားသည့် ဗလီဝတ်ကျောင်း အခု(၂၀၀)ကျော်မျှတို့သည် ဆောက်လုပ်မှုနေရာ အနေအထား လွဲမှားနေသောကြောင့် ၀တ်ပြုဆုတောင်းသူများအတွက် အဆင်မပြေမှုများ ပေါ်ပေါက်စေနိုင်ကြောင်း ၀တ်ပြုဆုတောင်းသူ အသင်းအဖွဲ့များက ထုတ်ဖော်ပြောဆိုခဲ့ကြသည်။ အချို့သော ဗလီများသည် သက်တမ်းနှစ်(၅၀)ကျော်မျှ ကြာမြင့်ခဲ့ပြီဖြစ်ကြောင်း၊

ထိုစဉ်ကာလ အစဉ်အဆက်အတွင်း ၀တ်ပြုဆုတောင်းသူများသည် ကာဘာကို ဦးတည်ချက်လွဲပြီး ၀တ်ပြုနေခဲ့ရကြောင်း အစ္စလာမ်ဘာသာရေး ၀န်ကြီးဌာန လက်ထောက် အတွင်းရေးမှူး တော်ဖစ်ခ်အယ်လ်ဆူဒီရီက သတင်းထောက်များအား ထုတ်ဖော်ပြောဆိုလိုက်သည်။ မက္ကာရှိ ဗလီများ၏ တည်ဆောက်မှုပုံစံ မှားယွင်းနေသည်ဆိုသော သတင်းများအတွက် ဆော်ဒီအစိုးရက အလေးထား ကိုင်တွယ်သွားမည်ဖြစ်ကြောင်း ကတိပြု ပြောဆိုခဲ့သည်။ အနာဂတ်ကာလတွင် ဆောက်လုပ်မည့် ၀တ်ပြုကျောင်းဆောင်များအား ကာဘာကျောင်းတော်အား မျက်နှာမူရာ မလွဲအောင် လေဆာလမ်းညွှန် နည်းပညာများကို အသုံးချသွားမည်ဟု အာဏာပိုင်များက ပြောကြားခဲ့သည်။ ထို့အပြင် အယ်လ်ဟာရမ်ဗလီကဲ့သို့ ကာဘာနေရာအနီးရှိ ၀တ်ပြုကျောင်းဆောင်များ၏ တည်နေပုံကိုလည်း လေဆာနည်းပညာ အသုံးပြုပြီး လေ့လာမှုများ ပြုလုပ်သွားမည်ဟု ဆော်ဒီမှ ပညာရှင်များက အတည်ပြု ပြောဆိုခဲ့သည်။

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်