Friday, April 10, 2009

ကမ္ဘာ့အသက်အငယ်ဆုံး အကြမ်းဖက်သမား ဖမ်းဆီးရမိ

Posted on Apr 10 09 - 07

ကမ္ဘာ့အသက်အငယ်ဆုံး အကြမ်းဖက်သမားဟု ယူဆရသည့် အသက်(၁၁)နှစ်အရွယ် လူငယ်လေးအား ဖမ်းဆီးရမိခဲ့ကြောင်း ပါကစ္စတန်ရဲတပ်ဖွဲ့က ကြေညာလိုက်သည်။ အဗ္ဗဒူလာဆိုသော အဆိုပါ လူငယ်လေးသည် အာဖဂန်နယ်စပ်မှတဆင့် ဖောက်ခွဲရေးကိရိယာများ အပြည့်ထည့်ထားသော ဂျာကင်အင်္ကျီကို ၀တ်ဆင်ကာ ပါကစ္စတန်နယ်မြေထဲ ၀င်ရောက်ရန်ကြိုးပမ်းစဉ် ဖမ်းဆီးခံရခြင်းဖြစ်သည်။ ၎င်းအား အာဖဂန်အစိုးရလက်သို့ ပြန်လည်လွှဲပြောင်းပေးခဲ့ပြီးနောက် ယခုအခါတွင် ကဘူးလ်မြို့တော်ရှိ အထူးအကျဉ်းထောင် တစ်ခုတွင်ထားရှိကြောင်း သိရသည်။ အဗ္ဗဒူလာသည် အာဖဂန်၏ အသက်အငယ်ဆုံး အကျဉ်းသားအဖြစ်လည်း မှတ်တမ်းဝင်သွားခဲ့ပြီး ရဲများက ထိုလူငယ်လေးသည် တာလီဘန်တို့ လေ့ကျင့်သင်ကြားပေးထားသည့် အသေခံဗုံးခွဲသမားတစ်ဦး ဖြစ်နိုင်ကြောင်း ယုံကြည်နေကြသည်။

(အဗ္ဗဒူလာအား တွေ့ဆုံမေးမြန်းနေစဉ်)


တာလီဘန်တို့သည် လူငယ်များအား ဂျီဟတ်ခေါ် မြင့်မြတ်သော ဘာသာရေးစစ်ပွဲအတွက် အသေခံတိုက်ပွဲဝင်ကြရန်

နှိုးဆော်သွေးဆောင်လေ့ရှိပြီး မကြာသေးမီ ရက်ပိုင်းအတွင်းက ပါကစ္စတန်နယ်စပ် တောင်တန်းဒေသများတွင် ဖမ်းဆီးရမိသည့် အဗ္ဗဒူလာသည်လည်း အလားတူ စည်းရုံးသိမ်းသွင်းမှုမျိုးနှင့် ကြုံတွေ့ခဲ့ခြင်းဖြစ်နိုင်ကြောင်း အာဖဂန်ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ အဗ္ဗဒူလာ အဖမ်းခံရမှုကို မျက်မြင်တွေ့ရှိခဲ့သည့် နီမီဆိုသူက ၎င်းသည် အဗ္ဗဒူလာအား ရဲများက မှားယွင်းဖမ်းဆီးကြသည်ဟု ထင်မှတ်ခဲ့ကြောင်း၊ နောက်ပိုင်း ရုပ်မြင်သံကြားအစီအစဉ်တွင် ၎င်း၏ အင်တာဗျူးအား ထုတ်လွှင့်ပြသမှသာ အပြစ်မဲ့ဟန်ရှိသော လူငယ်လေးသည် ကြောက်စရာ အဖျက်သမားတစ်ဦး ဖြစ်နေမှန်း သဘောပေါက်ခဲ့ကြောင်း ၀န်ခံပြောဆိုသွားသည်။ အဗ္ဗဒူလာက ၎င်းသည် ပါကစ္စတန်နိုင်ငံတွင် အကြမ်းဖက်သင်တန်းတက်ရန် ကြိုတင်ပြင်ဆင်ထားကြောင်း ဖြောင့်ချက်ပေးခဲ့သဖြင့် မည်သည့်နိုင်ငံ အစိုးရက ထိုလူငယ် အကြမ်းဖက်သမားလေးအား ပြစ်ဒဏ်စီရင်မည်ကို အသေအချာ မဆုံးဖြတ်နိုင်သေးကြောင်း သတင်းရရှိသည်။
http://www.planet.com.mm/news/read.cfm/id/12285

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်