Tuesday, April 7, 2009

ဆွယ်ချိန်တန်တော့..ဆွယ်နေကြပြီ

၂၀၁၀ ရွေးကောက်ပွဲအကြို ဂီတသမားတွေကို စည်းရုံး07 April 2009


လာမယ့် ၂၀၁၀ ရွေးကောက်ပွဲ အပါအ၀င် စစ်အစိုးရရဲ့ လမ်းပြမြေပုံ အဆင့်ဆင့်ကို အကောင်အထည်ဖော်ရာမှာ ဂီတအနုပညာရှင်တွေ ကို အသုံးပြုဖို့ မြို့နယ်တိုင်းမှာ ဂီတအစည်းအရုံးတွေ ဖွဲ့စည်းနေပြီဖြစ်ပါတယ်။ အကြောင်းစုံကို မေးမြန်းထားတဲ့ ဗွီအိုအေ ထိုင်းအ ခြေစိုက်သတင်းထောက် ကိုကျော်ထင်က တင်ပြပေးထားပါတယ်။

မြန်မာစစ်အစိုးရရဲ့ နိုင်ငံရေးလုပ်ငန်းစဉ်တွေ အောင်မြင်ဖို့ ၀ါဒဖြန့်တဲ့နေရာမှာ ဂီတ အစည်းအရုံး(ဗဟို) ရဲ့ ညွှန်ကြားချက်နဲ့ နိုင်ငံအ၀န်း မြို့နယ်တိုင်းမှာ ဂီတအစည်းအရုံးတွေ ဖွဲ့စည်းလာခဲ့တာဟာ ခုချိန်မှာ တနိုင်ငံလုံးနီးပါး ဖွဲ့စည်းပြီးဖြစ်ပါတယ်။

မြန်မာနိုင်ငံ ဂီတအစည်းအရုံး(ဗဟို) တာဝန်ရှိသူတယောက်က မြို့နယ်ဂီတအစည်းအရုံးတွေရဲ့ ရည်ရွယ်ချက်ကို အခုလိုရှင်းပြပါတယ်။

“ဟုတ်ပါတယ်၊ ဖွဲ့စည်းပါတယ်ခင်ဗျ။ မြို့နယ်နည်းနည်းတော့ ကျန်သေးတာပေါ့နော်။ ဒါပေမယ့် ဆက်ဖွဲ့မှာပါ။ အားလုံး ပြီးအောင်ဖွဲ့မှာ ပါခင်ဗျ။ ပထမဖွဲ့စည်းတာပေါ့နော်၊ ပြီးလို့ရှိရင် ကျနော်တို့က တိုးချဲ့ဖွဲ့စည်းရေးကိစ္စ၊ နောက်တခု အဖွဲ့ဝင်အကုန်လုံးက ကျနော်တို့ ရဲ့ အမျိုးသားတေးဂီတ ထိန်းသိမ်းမြှင့်တင်ရေးပေါ့နော်၊ နောက် နိုင်ငံတော်ရဲ့ လမ်းစဉ်၊ ဦးဆောင်မှုတွေကို ဆက်လက် အကောင်ထည်ဖော်ရေးပေါ့။ ဒီလောက်ပဲ ကျနော်တို့လုပ်တာ၊ ကျန်တာတော့ အသေးစိတ် မစသေးပါဘူးခင်ဗျ။”

အခုလို မြို့နယ်ဂီတအစည်းအရုံးကို ၂၀၀၇ ခု နှစ်လယ်ပိုင်းက စပြီး ဖွဲ့စည်းလာခဲ့တာဖြစ်ပါတယ်။ မြို့နယ်ဖွဲ့စည်းပုံနဲ့ပတ်သက်လို့ ဂီတ(ဗဟို) တာဝန်ရှိသူက အခုလိုရှင်းပြ ပါသေးတယ်။

“ကျနော်တို့က အဲဒီမြို့နယ်တခုထဲမှာ၊ ဗဟိုမှာ အလွှာ ၅ လွှာရှိတယ်လေ။ အဲဒီလိုပဲ မြို့နယ်မှာလည်း အလွှာ ၅ လွှာပေါ့နော်။ ဂီတပညာရှင်တွေ ပါဝင်အောင် စုစည်းပါ တယ်။ ကာလပေါ်အလွှာ၊ မဟာဂီတအလွှာ၊ ထုတ်လုပ်ဖြန့်ချိအလွှာ၊ စက်မှုအလွှာ၊
ခေတ်ပေါ်စတူရီယိုအလွှာပေါ့နော်။ အဲဒီက ပုဂ္ဂိုလ်တွေနဲ့ ပါဝင်အောင် ကျနော်တို့ဖွဲ့စည်းပေးတာပါခင်ဗျ။”

ပြည်ပရောက် သီးလေးသီး ဆေးရောင်စုံအငြိမ့်အဖွဲ့ခေါင်းဆောင် ကိုဂေါ်ဇီလာက အခုလို လုပ်ဆောင်မှုတွေဟာ အနုပညာရှင်တွေကို အတင်းအကျပ် စေခိုင်းနေတာဖြစ်တယ်လို့ ဝေဖန်လိုက်ပါတယ်။

“ဒါက ဘာကိုရည်ရွယ်တာလဲဆိုတော့ သူတို့အာဏာတည်မြဲရေးအတွက် အနုပညာရှင် တွေကို အသုံးချတယ်လို့ပဲမြင်တယ်။ တကယ်တမ်း အနုပညာသမားဆိုတာက သူတို့အာဏာတည်မြဲရေးအတွက် အသုံးချလို့မရဘူး။ အနုပညာသမားဆိုတာက ပြည်သူက
ထမင်းကျွေးတာလေ။ ဆိုတော့ ကျေးဇူးရှင်တွေက ပြည်သူပဲ ဖြစ်သင့်ပါတယ်။

“အဲဒီပေါ်မှာမှ သူတို့က ဂီတကနေ အဖွဲ့တွေဖွဲ့၊ မြို့နယ်တွေမှာ အဖွဲ့အစည်းတွေဖွဲ့၊ သူတို့ မူဝါဒအတွက် ဆော်သြခိုင်းတဲ့လူတွေ၊ စည်းရုံးခိုင်းတဲ့လူတွေအဖြစ် ဆောင်ရွက်တာကတော့ အနုပညာသမားတယောက် အနေနဲ့ပြောရရင် အနုပညာသမားတွေကိုသက်သက် အနိုင်ကျင့်တာပဲလို့ ကျနော်တော့မြင်တယ်ဗျ။ ပြည်တွင်းမှာရှိတဲ့ အနုပညာ သမားတွေက ဘယ်သူမှတော့ လိုလိုလားလား လုပ်ပေးချင် တဲ့စိတ် မရှိကြပါဘူး။ အားလုံးကတော့ ရွံမုန်း မုန်းနေကြတာလေ။ ဒါပေမယ့် သူတို့ကလည်း အာဏာတွေ၊ပါဝါတွေနဲ့ နှိပ် စက်ထားတော့၊ အနိုင်ကျင့်ထားတော့ သူတို့ကလည်း မလုပ်ချင်ပေမယ့်လုပ်ပေးနေရတာ၊ စိတ်မပါပေမယ့် လုပ်ပေးနေရတာ။”

တကယ်လို့ အစိုးရပေါ်လစီ မူဝါဒတွေအတိုင်း မလုပ်ဆောင်တဲ့ စာပေ၊ ဂီတ၊ ရုပ်ရှင်အနုပညာသည်တွေကို အာဏာပိုင်တွေက နည်းအမျိုးမျိုးနဲ့ ကန့်သတ်ပိတ်ပင်တတ်ပါတယ်။

အလားတူ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ဖွဲ့စည်းပုံအတည်ပြုခဲ့တဲ့ ၁၉၇၄ ခုနှစ်ကလည်း အစိုးရပေါ်လစီ အကောင်အထည်ဖော်နိုင်ဖို့ သဘင်၊ ဂီတ၊ ရုပ်ရှင် အနုပညာရှင်တွေကို နိုင်ငံအနှံ့ အသုံးပြုခဲ့ပါတယ်။ VOA news မှ

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်