Monday, March 23, 2009

ဆရာမှိုင်းပြောတဲ့ ကောသလအိပ်မက်


စာ သကာ ကျမ်းလာ ထုတ်ရမှာဖြင့်၊
ကာလမှာ ဘရမ်းဘတာ လုပ်နိုင်မှ၊
(မိမိရယ်) ချမ်းသာရုပ် ပေါ်ကြတယ်။

(သြော်) ခေတ်အဆန်းတွင်ဖြင့်၊
သစ်လျှမ်းစွာ တသိန်လှိုင်ဘို့၊
ညစ်ညမ်းမသမာ အကြိမ်ကြိမ် ချိုင်တဲ့ပြင်၊
လိမ်နိုင်လျှင် သမာဓိပေမို့၊
မိမိလူ မောင်တို့ ညှိုးချိန်ပ၊
ဟံသာမှာ ဥာဏ်ရှာလို့ တိုးနိုင်ဘုကွယ် ရိုးလို့ခက်တယ်။

မကြွားသာ ကြောက်ဖွယ် ဘ၀ပေပ၊
ဘုရားမှာ အောက်ဆွယ်ကျပါလို့၊
မျောက်ငယ်က အထက်ဝယ်၊
(အို) ခက်ဘွယ်ကြီး ကာလဘဲ။

ကတိရယ်မှန်၊
အသိသန်သန်နှင့်၊
က၀ိခံကြော်ငြာတဲ့၊
ဟော်သဓာတောင် ပေါ်လာရင် မြုပ်မှာကြောင့်၊
ကျုပ်တို့မှာ ဖြေသာပါ့၊
ဒေသနာ မေမှာစောရန်ဘို့၊
ကျမ်းလာ မှန်းကာ ပြောရမှာဖြင့်၊
(အမယ်မင်း) ဇောကျကျနှင့် စောနရ တကြိမ် စက်ပျော်ဆဲတွင်မှ၊
(သြော်) လောကဟဲ့ လောက လောဘ ဒေါသ မောဟတွေနှင့်၊
(အို မိမိရဲ့) သဘောကျလောက်ပါရဲ့ ကောသလ အိပ်မက်တော် မလွဲ။

ဆရာမှိုင်း

ခေတ်ကာလရဲ့ ဖြစ်ပျက်နေတဲ့အခြေအနေကို ကောသလအိပ်မက်ခန်းလေးချိုးနဲ့ ဆရာမှိုင်းက ဓမ္မ စေတီဝတ္ထု၊ စာ (၁၁၁)မှာ ကြိုတင်ဟောကိန်းထုတ်ပြသွားတယ်။ ယနေ့ခေတ် မြန်မာနိုင်ငံရဲ့အခြေ အနေဟာ ကောသလအိပ်မက်တွေအတိုင်း တကယ်လဲဖြစ်နေပါပြီ။
ပိဋကတ်ကျမ်းစာ လာတဲ့အတိုင်း ပုံပမာထုတ်ဆောင်ပြရရင် ကောသလအိပ်မက် (၁၆)ချက်ထဲက ဟောကိန်းတွေအလား မကောင်းတာလုပ်သူမှ ဘရမ်းဘတာတွေ မဟုတ်တာတွေ မတရားတာတွေ လုပ်နိုင်မှ လူချမ်းသာဖြစ်ရမဲ့ကာလ ဖြစ်နေပြီလို့ လေချိုးပထမအပိုဒ်က ဆိုထားတယ်။ တကယ်ပါပဲ တွေးကြည့်တော့ မြန်မာပြည်မှာယနေ့ဖြစ်နေတဲ့ အခြေအနေက ဒီအတိုင်းပဲလေ။
ဒုတိယအပိုဒ်က နောက်တမျိုးဆိုပြန်တယ်။ လူမှန်နဲ့ သူတို့ချစ်မြတ်နိုးတဲ့ အမှန်တရားက ဦးဆောင် သွားရမဲ့အစား သူတို့တွေက နောက်မှာ ရောက်နေရတယ်။ အလွန်ရိုးသားသူတွေအတွက် နေရာမ ရှိတဲ့ လောကကြီးဖြစ်လို့ သိပ်ဆန်းကြယ်နေတယ်။ လူတဦးတယောက် ဂုဏ်အသရေ ရှိစေဖို့ရာမှာ ညစ်ပတ်နိုင်မှ၊ လိမ်နိုင်ညာနိုင်မှ သမာဓိရှိတဲ့ လူကြီးလူကောင်းလို့ လူအပေါင်းက နှစ်ထောင်းအားရ မြှောက်စားကြတဲ့ ကာလပျက်ကြီးဖြစ်နေပြီလို့ ဖော်ညွှန်းထားပါတယ်။

ကောလအိပ်မက် နံပါတ် (၁၅)မှာ “အဆင်းမည်းနက်၊ ကျီးငှက်ထံမှာ၊ ရွှေဟင်္သာများ၊ ခစားနေရှာ၊ ပညာသီလ၊ ပြည့်ဝသူဟာ၊ သူယုတ်အား၊ ၀တ်တွားနေရမှာ” လောကရယ် ပြောရမယ်ဆိုရင်တော့ ဆရာမှိုင်းစပ်ဆိုတဲ့ ဒုတိယပိုဒ်က ဒီမှာ သွားပြီးကိုက်ညီနေတယ်။ ဘယ်တက္ကသိုလ်ကမှ ဘွဲ့မယူခဲ့ တဲ့ ဗိုလ်သန်းရွှေက အထက်စီးက တိုင်းပြည်ကို မိန့်ခွန်းချွေလို့ ပညာရှိတဲ့ လူထုကြီးက ဟင်္သာများ အပေါင်းလိုပဲ ကျီးကန်း(လဒ)ကို ၀န်းရံခစား နားထောင်နေရသလိုဖြစ်နေပါပြီ။

ခေတ်ကာလအခြေအနေကို အမှန်တိုင်းထုတ်ဖော်ကြွားဖို့တောင် မ၀ံ့ ရဲနိုင်အောင်ဘဲလို့ တတိယစာ ပိုဒ်မှာ ပြောထားတယ်။ ဘာကြောင့်လဲဆိုတော့ ဗုဒ္ဓဘုရားရှင်လို တော်တတ်၍ ကောင်းမွန်တဲ့ပညာ ရှိ သူတော်ကောင်းကြီးတွေက ထိုက်တန်တဲ့နေရာ အထက်မှာမရှိဘဲ တိရိစ္ဆာန်ဖြစ်တဲ့ မျောက်လိုသ တ္တ၀ါတွေက အရေးကြီးတဲ့နေရာ အထက်မှာရောက်နေကြောင်းကို ထင်ရှားစေပါတယ်။

ကောသလအိပ်မက် နံပါတ် (၄)မှာ “နွားကြီးမကြိုက်၊ ၀န်တိုက်နွားငယ်၊ မရုန်းနိုင်ဘဲ၊ ၀တ်လဲနေတ ယ်၊ ကြီးသူပယ်ရှား၊ မြှောက်စားလူငယ်၊ တိုင်းပြည်ရေး ရှုပ်ထွေးပွေတော့မယ်” လို့ ဆိုထားပါတယ်။ ပညာပြည့်ဝ အတွေ့အကြုံပြည့်ဝတဲ့ ပညာရှိလူကြီးတွေကို နေရာမပေးဘဲ မနေ့တနေ့ကမှ မာစတာ ပီအိပ်ခ်ျဒီစတဲ့ ဘွဲ့ရလူငယ် အနှစ်မပြည့်သေးတဲ့ အခွံလေးတွေကို နေရာပေး ခေါင်းဆောင်တင်မယ် ဆိုရင် တိုင်းပြည်ရဲ့အနာဂတ်အရေးက မတွေးဝံ့စရာဖြစ်ပါတယ်။ လူငယ်ပေမယ့် လေးစားလောက် တဲ့ တက္ကသိုလ်ကြီးတွေက လေးစားလောက်တဲ့ ပညာအရည်အချင်းရှိသူများကို မဆိုလိုပါ။ ဒါမျိုးလူ ငယ်များက တကယ်လိုအပ်ပါတယ်။ အခုတော့ ထိုသို့မဟုတ်ပါပြီ။

မြန်မာပြည်က ပညာရေးနယ်မှာ အာဏာရူးအစိုးရက ဒီအတိုင်းကျင့်သုံးနေပါတယ်။ သို့အတွက် ဒီ တိုင်းပြည်ဟာ အရမ်းနစ်နာပါတယ်။ နိုင်ငံအုပ်ချုပ်ရေးမှာလဲ ဘာမျှမတတ်တဲ့ စစ်တပ်က အုပ်ချုပ် ရေးတွေ ကိုင်နေတော့ တိုင်းပြည်ဟာ ဖင်ထိုင်သွားရတယ်။ ပညာတတ်တွေ ကိုယ့်တိုင်းပြည်ရေးအ တွက် ဆောင်ရွက်ချင်ပါလျက် ပြည်ပနိုင်ငံများဆီ ရေကြည်ရာမျက်နုရာ ထွက်သွားရတယ်။

ဒါကြောင့်ပဲ ဘုရားကား အောက် မျောက်ကားအထက်လို့ ပြောတာပါ။

လေးချိုးနောက်ဆုံးမှာ ကတိတည်၊ ဗဟုသုတကြွယ်ဝပြီး ပညာရှိလို့ လူတိုင်းသိတဲ့ မဟောသဓာ သု ခမိန်တောင် ဒီခေတ်မှာ ပေါ်ခဲ့ရင် ပေါ်တာနဲ့ချက်ချင်း မြုပ်ကွယ်ပျက်စီးသွားရမဲ့ ကိန်းရောက်နေတဲ့ ခေတ်မျိုးဆိုတော့ ငါလိုလူမျိုးလောက်က ခံသာပါသေးတယ်လို့ သခင်ကိုယ်တော်မှိုင်းက ပညာရှင် တွေနဲ့ သူ့ကိုယ်သူ ဖြေသိမ့်သွားတဲ့ သဘောပါ။

လောဘ၊ ဒေါသ၊ မောဟတွေနဲ့ ဖွဲ့စည်းထားတဲ့ လောကအကြောင်းကို မြတ်ဗုဒ္ဓဒေသနာတော်လာ ကောသလအိပ်မက်တွေနဲ့ နှိုင်းဆိုဖွင့်ပြသွားတယ်။ အမှန်အားဖြင့် ဆရာကြီးသခင်ကိုယ်တော်မှိုင်း ဟာ ဤလေးချိုးဖြင့် ခေတ်ကာလကို သရော်သွားတာဖြစ်ပါတယ်။

ကောသလအိပ်မက် (၁၆) ချက်ထဲက အကုန်ဖော်မပြသော်လဲ ယနေ့ခေတ်မြန်မာနိုင်ငံအခြေအနေ နဲ့ လုံးဝကိုက်ညီတဲ့ အချက်တွေ မူရင်းစာထဲမှာ ကျန်ပါသေးတယ်။ ဓမ္မစာပေနဲ့မဝေးကြတဲ့ ကျနော် တို့ရဲ့ မြန်မာပရိသတ်ကြီးက ကြိုတင်သိပြီးသား ဖြစ်ဖို့များပါတယ် . . .
http://udanthit.blogspot.com/2008/01/blog-post_10.html မှ

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်