Monday, March 23, 2009

အမျိုးသား လွတ်မြောက်ရေးကြိုးပမ်းမှု ဖက်ဆစ်တော်လှန်ရေးနှင့်…. ဗိုလ်ချုပ်အောင်ဆန်း

အမျိုးသား လွတ်မြောက်ရေးကြိုးပမ်းမှု ဖက်ဆစ်တော်လှန်ရေးနှင့်…ဗိုလ်ချုပ်အောင်ဆန်း (အပိုင်း ၁)
Friday, 20 March 2009 11:51

(မတ်လ ၂၇-ရက်နေ့တွင်ကျရောက်မည့် ဖက်ဆစ်တော်လှန်ရေးနေ့သို့…….)
(က)

“ဖန်နေ၀င်းသို့ညီ ထွန်းလင်းပြောင်ပေသည်….. ဒါဒို့တိုင်း ဒို့ပြည် ဒို့ကာကွယ်မည်။ ထူးမြတ်တဲ့ ဒို့တိုင်းပြည် တိုင်းရင်းသား ငါတို့လူမျိုးပိုင်ရမည်….။ လွတ်လပ်တဲ့ဒို့တိုင်းပြည် ငါတို့ရဲ့ ခြင်္သေ့ စိတ်ထား တည်ရမည်။ သေပစေ ရဲတဲ့ဇာနည် ဇွဲနဲ့တိုက်မည် …..။ ဗမာတွေ နိုးကြားလာပြီ အမျိုးသားစစ်သည်။ သေပစေ ရဲတဲ့ဇာနည် ဇွဲနဲ့တိုက်မည်…. ခိုက်မည်...”

ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သည့် ဗမာ့လွတ်လပ်ရေးတပ်မတော်သည် နိပွန်တပ်မတော်နှင့်တွဲ၍ ယိုးဒယား နိုင်ငံမှတဆင့် နယ်စပ်ကို ဖြတ်ကျော်ကာ မြန်မာနိုင်ငံအတွင်းသို့ စစ်ကြောင်းသုံးကြောင်းခွဲ၍ ၀င်ရောက် ခဲ့ကြသည်။ ‘ရွှေတောင်’တိုက်ပွဲအပြီးတွင် မြန်မာနိုင်ငံရှိ ဗြိတိသျှ ကိုလိုနီအုပ်ချုပ်ရေးအဖွဲ့သည် အောင်မြင်စွာနှင့် ‘ဆင်းမလား’သို့ ဆုတ်ခွာသွားလေတော့သည်။ နိပွန်တပ်မတော်နှင့် ဘီအိုင်အေသည် ဧရာဝတီအားဆန်၍ မြန်မာနိုင်ငံအား တမြို့ပြီးတမြို့ သိမ်းပိုက်ခဲ့တော့သည်။ မြို့ပြအုပ်ချုပ်ရေးအား ဘီအိုင်အေ၊ ဒေသခံ သခင်များနှင့် မြို့မိမြို့ဖများမှ ၀ိုင်းဝန်၍ ထိမ်းသိမ်းနေကြရသည်။ ‘ရုပ်သေး’ အုပ်ချုပ်ရေးအဖွဲ့အား ဂျပန်တို့ က မဖွဲ့ပေးနိုင်သေး။ ‘အင်ဖာ’စစ်မျက်နှာ ထိုးစစ်အတွက်သာ အာရုံပြုနေကြရသည်။ ဗြိတိသျှ ရိုင်ဖယ်တပ်ရင်းမှ အချို့ အချို့သော တိုင်းရင်းသား လက်နက်ကိုင်တပ်သားတို့က သခင်ကြီးများနှင့်အတူ အိန္ဒိယသို့ ဆုတ်ခွာ၍ မသွားကြ။ ကိုယ့်ရပ် ကိုယ့်နယ်များသို့ လက်နက်များနှင့် အလျှို အလျှို ပြန်လာ၍ နေကြသည်။ လက်နက်များက ဟိုမှာ… ဒီမှာ… အသီးသီးရှိနေကြ၏။

အရပ်ဖက်အုပ်ချုပ်ရေးက မြို့တိုင်း နယ်တိုင်းလိုလို၌ ငြိမ်ဝပ်၍မနေ။ ‘တောကြောင်’တို့က တပူပူ….တဆူဆူ ….။ ‘အလိုတော်ရိ’ လက်သစ်တို့ကလည်း အစွမ်းပြ၍ နေကြသည်။ အလိုတော်ရိတို့က…. လူဆိုးဓါးပြများအား မွေး၏။ လက်နက်များ ထုတ်ပေး၏။ ပြီးလျှင်….. ဘီအိုင်အေအမည်ခံ၍ ဓါးပြတိုက်စေ၏။ ဂျပန်တို့ကလည်း ဘီအိုင်အေအား ဤသို့ အမည်ဆိုးနှင့် တံဆိပ်ကပ်လိုကြ၏။ ထိုမှသာ…. ဘီအိုင်အေအား ဖျက်သိမ်းနိုင်မည်။ ‘အင်ဖာ’ ထိုးစစ်ပြီးလျှင် ဂျပန်တို့အဖို့ မြန်မာပြည်တွင် ဘီအိုင်အေ မလိုတော့။ ဤအခြေအနေတွင် “ဗိုလ်ချုပ်တေဇ”သည် တိုင်းပြည်သို့ ကြေညာချက်ထုတ်ပြန်၍ ရှင်းပြရသည်။

“ဘီအိုင်အေ၏ ရည်ရွယ်ချက်သည် ဗမာ့လွတ်လပ်ရေးဖြစ်သည်”

“ဘီအိုင်အေသည် ရှမ်း၊ ကရင်၊ ကချင်၊ ချင်း၊ ဗမာစသည့် တမျိုးသားလုံး၏ တပ်ဖြစ်သည်”

“တိုင်းရင်းသား လူနည်းစုများအား ညီရင်းအကိုကဲ့သို့ သဘောထားမည်”

“လက်နက်ရှိသူများ တပ်မတော်သို့ အပ်နှံကြရမည်”

“ဘီအိုင်အေတပ်သားတို့၏ အပြုအမူကို တိုင်းကြားလိုပါက တပ်မတော်၏ တပ်ရင်း၊ တပ်ခွဲများတွင် တိုင်းကြား နိုင်သည်”

“ဘီအိုင်အေသည် ဂျပိုး၊ သူခိုး၊ ဓါးပြတပ်မဟုတ်။ မျိုးချစ်စစ်တပ်ဖြစ်သည်”

“လွတ်လပ်ရေးကို လုပ်မှရမည်။ ထိုင်နေ၍မရ”

(ခ)

ထိုစဉ်က ‘မင်းကွန်း’တွင် အနယ်နယ်အရပ်ရပ်မှ အိုင်စီအက်များ ၀န်ထောက်များတို့သည် စစ်ပြေးရင်း ခိုလှုံ၍ နေကြသည်။ ၄င်းတို့တွင် အင်္ဂလိပ်အစိုးရထံ လိုင်စင်တင်၍ ကိုင်ဆောင်ခဲ့ကြသည့် သေနတ်များနှင့် ကျည်ဆံများရှိသည်။ ဗိုလ်ချုပ်တေဇမှ ကြေညာချက်ထုတ်ပြန်ပြီး လက်နက်အပ်ရန် ညွှန်ကြားသော်လည်း ထိုသူတို့က လာရောက်၍ အပ်နှံခြင်း မပြုကြ….။

ဤတွင်…အမရပူရ၌ အခြေပြုထားသည့် ဘီအိုင်အေတပ်မှူး ရဲဘော်သုံးကျိပ်ဝင် ဗိုလ်လင်းယုန်က ဗိုလ်ထွန်းရှိန် အား တပ်စိတ်တစ်စိတ်နှင့် လွှတ်၍ မင်းကွန်းရှိ အရာရှိကြီးများထံမှ လက်နက်များအား သွားရောက်၍ သိမ်းယူစေသည်။ ဗိုလ်ထွန်းရှိန်က မင်းကွန်းသို့သွား၍ အရာရှိကြီးများနှင့် ဆွေးနွေးပြီး လက်နက်များအား ရယူခဲ့၏။ အသာတကြည်ပင်….။ သို့သော်…. ဗိုလ်ထွန်းရှိန်ပြန်သွားပြီးနောက် အိုင်စီအက်ဆိုးတို့က စစ်ကိုင်းရှိ ဂျပန်စစ်ပုလိပ်တို့ထံသွားပြီး ဘီအိုင်အေမှ သူတို့၏လက်နက်များအား တပ်စိတ် တစ်စိတ်နှင့်လာပြီး ဓါးပြတိုက်သလို သိမ်းယူသွားကြောင်း ငိုခြင်းချပြီးတိုင်၏။ တွန်း၏။ ဘီအိုင်အေအား အပြစ်ရှာနေသော ဂျပန်စစ်ပုလိပ်တို့က ဗိုလ်လင်းယုန်၏ ရုံးခန်းအတွင်းသို့ဝင်လာပြီး ဗိုလ်လင်းယုန်အား ပါးရိုက်၏။ ဂျပန်တို့က မြန်မာ့မြေပေါ်၌ ဘီအိုင်အေအရှာရှိ တစ်ဦး၏ ရုံးခန်းအတွင်းသို့ဝင်ပြီး ပါးရိုက် စော်ကားခြင်းဖြစ်သည်။ မခံမရပ်နိုင်၍ ပြန်တုန်ပြန်ပါက…. ရှုပ်ကုန်မည်။ အပြစ်ရှာနေသူအတွက် “အချက်”ရသွားပေမည်။ ဘီအိုင်အေ သန္ဓေသားက လူလားမမြောက်သေး….။ မြန်မာ့ လွတ်လပ်ရေး တိုက်ပွဲအတွက် လက်နက်ကိုင် မျိုးချစ် တပ်မတော်တစ်ရပ်က တည်ရှိနေရန် လိုအပ်၏။

(ဂ)

တနေ့…လက်သီးပုန်း သခင်ဗတင်အား ဂျပန် “ဗိုလ်မှူးဖူးကွီး”က ခေါ်တွေ့၏။ ပြီးလျှင် လက်သီးပုန်းသခင်ဗတင် အား မန္တလေးရှိ ဂျပန်စစ်ပုလိပ်က အမှုတစ်ခုနှင့် ပတ်သတ်ပြီး မေးစရာရှိ၍ လာခေါ်နေကြောင်း ပြောသည်။ ထိုစဉ်က…. ရန်ကုန်ရှိ “စိန့်ဖလိုမီနာ”ကျောင်းအတွင်း တပ်တည်ထားသည့် စက်မှု လက်မှု ပြင်ဆင်ရေးတပ်တွင် သခင်ဗတင်သည် ဒု-ဗိုလ်အဆင့်နှင့် တာဝန်ထမ်းဆောင်နေသည်။

မန္တလေး စစ်ပုလိပ်ရုံးတွင် သခင်ဗတင်အား ချုပ်ထားပြီးစစ်၏။ အမရပူရတွင် ဘီအိုင်အေထိုင်စဉ်က…. မြို့သာ မြို့အုပ် ဦးလှညွှန့်အား ဂျပန်တို့၏ ဆက်သွယ်ရေး ပြတ်တောက်သွားစေရန်အတွက် ဆက်သွယ်ရေး ကြေးနန်း လိုင်းများအား ဖြတ်တောက်ရန် ခိုင်းစေခဲ့သည်ဟု စွပ်စွဲ၏။ ပြီးလျှင်….ဤသို့ခိုင်းစေရန် ဘယ်သူက အမိန့် ပေးတာလဲဟူ၍ ဘီအိုင်အေခေါင်းဆောင်ပိုင်းအား ဦးတည်ပြန်သည်။ ဗိုလ်လကျာင်္က အမိန့်ပေးတာလား…..။ ဗိုလ်ချုပ်အောင်ဆန်းက အမိန့်ပေးတာလားဟူ၍ မေးသည်။ ဦးလှညွှန့်ကိုလည်း ဖမ်းပြီး စစ်ကြောကြ၏။ နှိပ်စက်ညှင်းပမ်းပြီး အတင်းအဓ္ဓမ၀န်ခံခိုင်း၏။ လက်မှတ်ထိုးစေ၏။ ပြီးလျှင် ….ဦးလှညွှန့်အား သတ်ပစ် လိုက် ကြ၏။ ဤနည်းအတိုင်း သခင်ဗတင်အားလည်းလုပ်၏။ မရ….။ သခင့်သွေးက ရဲ၏။ နီ၏။ သခင်ဗတင်က အညံ့ခံ၍ ၀န်ခံပါသည်ဟု ထွက်ဆိုလက်မှတ်ထိုးပေးခဲ့လျှင်…. နောက်တဆင့်….ဘီအိုင်အေ ထိပ်ပိုင်း ခေါင်းဆောင်များ ဆီသို့ ဦးတည်မည်….။ ဤသို့….. ဂျပန်တို့က… ဘီအိုင်အေအား ဖျက်သိမ်းနိုင်ရန် ရမယ် ရှာကြ၏။

ဂျပန်ဖက်ဆစ်တပ်မတော်ကြီး မြန်မာပြည်အတွင်းသို့ ၀င်ရောက်၍ မြန်မာ့ “မြေကြော”မဆုံးမှီမှာပင် ဖက်ဆစ် ဆန့်ကျင်ရေး လှုပ်ရှားမှုများက မြန်မာပြည်အတွင်း၌ ရှိနှင့်နေခဲ့ပြီး ဖြစ်သည်။ ဖက်ဆစ် စစ်ဖိနပ်သံခွာအောက်၌ မြေအောက်သဏ္ဍာန်နှင့် လှုပ်ရှားကြရခြင်း ဖြစ်ည်။ သခင်စိုး၊ သခင်တင်မြတို့၏အစု….။ သခင်ကျော်စိန်၊ ဆရာရာဂျန်တို့၏ အစု…..။ ဘီဒီအေအတွင်းရှိ ပြည်သူ့အရေးတော်ပုံ အစု …..။ ကျိုက်လတ်ဖက်တွင် ရန်ကုန်ဘဆွေကလည်း သူ့နည်းသူ့ဟန်နှင့် ဖက်ဆစ်ဆန့်ကျင်ရေးလုပ်ငန်းအား လုပ်ဆောင်၍နေသည်။ ဖက်ဆစ်ဆန့်ကျင်ရေး ဘုံရည်မှန်းချက်တူညီသော်လည်း နည်းပရိယာယ်နှင့် လမ်းစဉ်ကမူ တစ်စုနှင့် တစ်စုမတူညီကြ။ တစ်စုနှင့် တစ်စုပူးပေါင်း၍ ဆောင်ရွက်ဆောင်ခြင်းကားမရှိသေး….။

(ဃ)

၁၉၄၄ ခုနှစ် ဇူလိုင်လ…။

ဗိုလ်ချုပ်အောင်ဆန်းသည် သခင်သန်းထွန်းမှတဆင့် မြေအောက်တွင်ခိုနေသည့် သခင်စိုးအား ဆက်သွယ်၏။ နိုင်ငံတကာအခြေအနေ မြန်မာနိုင်ငံရေး စစ်ရေးအခြေအနေများအရ ဖက်ဆစ်တော်လှန်ရေးအား တပ်ပေါင်းစုးဖွဲ့၍ လုပ်ရန် ညှိနှိုင်းသည်။ သခင်စိုးမှ ဗိုလ်ချုပ်၏ ဖက်ဆစ်တော်လှန်ရေးအတွက် တပ်ပေါင်းစုဖွဲ့ရေး သဘောထားအား သဘောတူ၏။ လူချင်းတွေ့ဆုံ၍ ဆွေးနွေးနိုင်ရန် ဗိုလ်ချုပ်အောင်ဆန်းက စီစဉ်သည်။ ပဲခူးရှိ စံပြတပ်ရင်းတွင် လျှို့ဝှက်၍ တွေ့ဆုံကြမည်ဖြစ်သည်။ သခင်စိုးက ဒေးဒရဲနှင့် ဖျာပုံမြို့နယ်အကြားရှိ ‘ဂွကလေး’ရွာတွင် ရှိနေ၏။ သခင်စိုးကဲ့သို့ပင် ကိုဗဟိန်းသည်လည်း မြေအောက်၌ ရောက်နေသည်။ ကိုဗဟိန်းကမူ ‘ဖြူး’ဖက်တွင် ခိုနေသည်။ သခင်စိုးနှင့် ကိုဗဟိန်းတို့ ပဲခူးစံပြတပ်ရင်းသို့ ခေါ်ယူရေးကိစ္စအား ဗိုလ်မှူးကျော်ဇောကို တာဝန်ယူရန် ဗိုလ်ချုပ် အောင်ဆန်းက စေခိုင်း၏။

၁၉၄၄ခုနှစ် သြဂုတ်လ (၄)ရက်နေ့တွင် ပဲခူးစံပြတပ်ရင်းသို့ သခင်စိုး၊ သခင်သန်းထွန်းနှင့် ကိုဗဟိန်းတို့ လျှို့ဝှက်စွာနှင့် ရောက်လာခဲ့ကြသည်။ ဗိုလ်ချုပ်က ညနေပိုင်းတွင်မှ ပဲခူးသို့ ဒေါ်ခင်ကြည်နှင့်အတူ ရောက်လာ ခဲ့သည်။ ပဲခူးမြို့လယ်ရှိ တည်းခိုးခန်းတစ်ခု၌ တည်းသည်။ ညပိုင်းတွင် စံပြတပ်ရင်း တပ်ရင်းမှူး ဗိုလ်မှူးကျော်ဇော၏အိမ်၌ ဗိုလ်ချုပ်အောင်ဆန်း၊ သခင်စိုး၊ သခင်သန်းထွန်း၊ ကိုဗဟိန်းတို့တွေ့ဆုံ၍ ဖက်ဆစ် တော်လှန်ရေးအတွက် တပ်ပေါင်းစုဖွဲ့ရေး အစီအစဉ်များအား ဆွေးနွေးကြသည်။ လုံခြုံရေးအား ဗိုလ်မှူး ကျော်ဇောက တာဝန်ယူ၏။ ဆွေးနွေးပွဲက (၃)ရက်ကြာသည်။ တပ်ပေါင်းစု၏ အမည်ကား….. “ဖက်ဆစ် တိုက်ဖျက်ရေး ပြည်သူ့အဖွဲ့ချုပ်”ဟူ၍ ဖြစ်သည်။ အလံတော်က…. အနီရောင်အောက်ခံ၌ လက်ဝဲဘက် အထက်ထောင့်၌ ကြယ်ဖြူပွင့်ကြီး…..။

အဖွဲ့ချုပ်၏ ဥက္ကဌအဖြစ် ဗိုလ်ချုပ်အောင်ဆန်းအား ရွေးချယ်ကြသည်။ သခင်သန်းထွန်းကိုမူ အတွင်းရေးမှူးအဖြစ် ဆောင်ရွက်ရန် တာဝန်ပေးကြသည်။ ဗိုလ်ချုပ်က အစည်းအဝေးတွင် အဖွဲ့ချုပ်၏ ရည်ရွယ်ချက်နှင့် လုပ်ငန်းစဉ်များအား ရေးဆွဲ၍ တင်ပြသည်။ အားလုံးက သဘောတူကြသည်။ ပြည်သူ လူထုအတွင်းသို့ ထုတ်ပြန်ကြေညာရန် အဖွဲ့ချုပ်၏ ရည်ရွယ်ချက်နှင့် လုပ်ငန်းစဉ်အား “ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့အဖွဲ့ချုပ်”၏ ကြေညာစာတမ်းအမှတ်(၁) အဖြစ် ထုတ်ပြန်ခဲ့ကြ၏။ ကြေညာစာတမ်းအား ဤသို့ခေါင်းစဉ် တပ်ထားကြ၏။

“နယ်ချဲ့ ဖက်ဆစ်ဒမြ ဂျပန်လူရိုင်းများကို မောင်းထုတ်”

(င)

ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့အဖွဲ့ချုပ်အား ဖွဲ့စည်းစဉ်က ဗိုလ်ချုပ်အောင်ဆန်းသည် တပ်မတော်သား စစ်ခေါင်းဆောင်တစ်ဦးအနေဖြင့် ပါဝင်ခဲ့ခြင်းဖြစ်သည်။ နိုင်ငံရေးပါတီနောက်ခံမရှိ။ သခင်စိုး၊ သခင်သန်းထွန်းနှင့် ကိုဗဟိန်းတို့က ကွန်မြူနစ်ပါတီအား ကိုယ်စားပြု၍ ပါဝင်ခဲ့ကြခြင်းဖြစ်သည်။ ဗိုလ်ချုပ်သည် ဖက်ဆစ် တိုက်ဖျက်ရေး ပြည်သူ့အဖွဲ့ချုပ်ကြီးအား ကျယ်ကျယ်ပြန့်ပြန့်နှင့် တိုးချဲ့လုပ်ဆောင်နိုင်ရန် ရည်ရွယ်၍ အစီအစဉ်တစ်ခုအား စီစဉ်ပြန်သည်။ ပြည်သူ့အရေးတော်ပုံပါတီ ခေါင်းဆောင်အချို့နှင့် သခင်စိုးအား တွေ့ဆုံစေ၍ လက်ဝဲညီညွှတ်ရေးအား တည်ဆောက်ရန်နှင့် အဖွဲ့ချုပ်ကြီးအား တိုးချဲ့သွားရေးအတွက် ဆွေးနွေးနိုင်ကြရန် ဖြစ်သည်။ ပြည်သူ့ အရေးတော်ပုံခေါင်းဆောင်များဖြစ်သည့် ကိုဘဆွေနှင့် ဗိုလ်နေ၀င်းတို့အား သခင်စိုးနှင့် တွေ့ဆုံနိုင်ရန် ဗိုလ်ချုပ်အောင်ဆန်းက သခင်တင်မြအား တာဝန်ပေး၏။ သခင်စိုး၊ ကိုဘဆွေနှင့် ဗိုလ်နေ၀င်းတို့သုံးဦး ဒေးဒရဲမြို့တွင် လျှို့ဝှက်စွာတွေ့ဆုံကြပြီး ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့အဖွဲ့ချုပ်အား တိုးချဲ့သွားရန် ပြည်သူ့အရေးတော်ပုံပါတီနှင့် ကွန်မြူနစ်ပါတီတို့ တစ်ပါတီတည်းအဖြစ် ပူးပေါင်းဖွဲ့စည်းသွားရန် ဖက်ဆစ်ဂျပန်တို့အား လက်နက်ကိုင်တော်လှန်ရေးအတွက် ပြင်ဆင် စည်းရုံးမှုလုပ်ငန်းများအား ဆွေးနွေး သဘောတူခဲ့ကြသည်။

(စ)

တပ်မတော်သားများအား ဖက်ဆစ်တော်လှန်ရေးတွင် ၀ါဒသဘောထားနှင့် နိုင်ငံရေးအသိရှိသည့် တော်လှန်ရေးသမားများ ဖြစ်စေရန် ရည်ရွယ်ပြီး တပ်တွင်း နိုင်ငံရေးသင်တန်းများ ဖွင့်လှစ်သွားရန် ဗိုလ်ချုပ် သည် စီစဉ်ပြန်သည်။ တပ်တွင်း နိုင်ငံရေးမှူးများအား ခန့်ထား မည်။ သို့သော် ပြောင်ပြောင်တင်းတင်းတော့ ခန့်ထား၍မရ။ ဖက်ဆစ်ဂျပန်တို့ မယုံသင်္ကာဖြစ်လာနိုင်မည်။ ဤအတွက် နိုင်ငံရေးမှူး များအား သင့်တော်သည့် စစ်ရေးရာ ထူးများပေး၍ ခန့်ထားရန် စီစဉ်သည်။

ကိုစံညွှန့်အား ဗိုလ်မှူးဗထူး၏ အထက်ဗမာပြည် တိုင်းစစ်ဌာနချုပ်၊ ကိုချစ်လှိုင် (မဆလခေတ် နိုင်ငံရေးသိပ္ပံ ကျောင်းအုပ်ကြီး စာရေးဆ ရာ မောင်ကိုကို)အား ဗိုလ်ရန်အောင်၏ အနောက်မြောက်တိုင်း…..။ ဗိုလ်သိန်းတန်နှင့် ဗိုလ်လှမောင်တို့အား စစ်ဝန်ကြီးရုံးနှင့် ရန်ကုန်ရှိ တပ်မတော်တပ်ဖွဲ့များသို့…..။ ကိုဌေးမြိုင်နှင့် ဗိုလ်စိုးမောင် (ဗိုလ်မှူးချစ်ကောင်း)တို့အား မင်္ဂလာဒုံဗိုလ်သင်တန်းကျောင်းတို့တွင် နိုင်ငံရေးမှူး များအဖြစ် ဗိုလ်ချုပ်ကိုယ်တိုင် တာဝန်ပေး၏။

တပ်တွင်း နိုင်ငံရေးမှူးများ တာဝန်ကျရာ တပ်များသို့ မထွက်မှီ…. တစ်ရက်တွင် ဗိုလ်ချုပ်သည် သူတို့အား လုံးအား သူ၏ နေအိမ်တွင် ခေါ်တွေ့ပြီး လုပ်ဆောင်ရမည့် လုပ်ငန်းနှင့် သဘောထားတို့အား မှာကြား၏။

“တပ်ထဲမှာ မင်းတို့ကတဆင့် ဖက်ဆစ်ဆန့်ကျင်ရေးစိတ်ဓါတ်ရှိတဲ့ ရဲဘော်တွေကိုစုပြီး နိုင်ငံရေးသင်တန်းတွေ ပေးရမယ်။ တပ်သားတွေကိုသာ သင်တန်းပေးဖို့အတွက် မဟုတ်ဘူး။ မင်းတို့ သင်တန်းပေးထားတဲ့ ရဲဘော်တွေကိုလည်း ကျေးရွာတွေလွှတ်ပြီး လူထုတွေကို လျှို့ဝှက်စည်းရုံးစေရမယ်။ အခု ဒို့တိုက်ရမယ့်စစ်က ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့စစ်ပဲ။ ဖက်ဆစ်တွေကို ဒို့တပ်မတော်တခုထဲက၊ ကွန်မြူနစ်ပါတီတစ်ဖွဲ့ထဲက ထတိုက်လို့ အောင်မြင်မှာမဟုတ်ဘူး။ ပြည်သူလူထုကြီးကပါ တမျိုးလုံးကပါ လက်နက်ကိုင်ပြီး တော်လှန် တိုက်ခိုက်ကြမှ အောင်မြင်မှာ”

“လူထုနဲ့ တသားထဲဖြစ်အောင် စည်းရုံးနိုင်ဖို့ဆိုရင် ရှေ့လောမကြီးဖို့လိုတယ်။ လူထုရဲ့ စိတ်နေစိတ်ထားကို အမြဲ အကဲခတ်နေရမယ်။ ခေါင်းဆောင်မယ့်သူတွေက လူထုထက် ရှေ့ရောက်လွန်းနေရင် လူထုနဲ့ ကင်းကွာ သွားနိုင်တယ်။ လီနင်ပြောသလို လူထုထက် ရှေ့လည်းမရောက်လွန်း၊ နောက်လဲမကျေစေဘဲ လူထုကို ခေါင်း ဆောင်ပြီး ချီတက်နိုင်ရမယ် မဟုတ်လား...”

ဗိုလ်ချုပ်သည် သူ၏စကားအား အဆုံးသတ်လိုက်၏။

မိုးကုပ်ကုပ်ဝယ်၊ အို…. ရုတ်တရက်

မျဉ်းဖြူစက်၍၊ ကွဲအပ်ကြောင်းရာ

ဟ…. ဟလာသည်၊ မိုးပြာကိုဖြတ်

ပတ္တမြားရည်၊ စီးလည်းအဟုန်

နီးမြန်းကုန်သည်၊ အာရုဏ်ပေါ်စ၊ ၀ိုးတ၀ါး။

(မတ်လတော်လှန်ရေးကဗျာမှ)

(မင်းဆွေသစ်)
http://ghre.org/mm/index.php?option=com_content&view=article&id=265:2009-03-20-04-56-34&catid=35:2008-09-15-04-46-22&Itemid=67 မှ
အမျိုးသား လွတ်မြောက်ရေးကြိုးပမ်းမှု ဖက်ဆစ်တော်လှန်ရေးနှင့်…ဗိုလ်ချုပ်အောင်ဆန်း (အပိုင်း ၂)
Monday, 23 March 2009 15:35

(မတ်လ ၂၇-ရက်နေ့တွင်ကျရောက်မည့် ဖက်ဆစ်တော်လှန်ရေးနေ့သို့ …….)
(ဆ)
၁၉၄၅ခုနှစ် ၊ မတ်လ(၁)ရက်။

ကန်တော်ကြီးပတ်လမ်းနှင့် ဦးထွန်းမြတ်လမ်းထောင့်ရှိ ဗိုလ်ချုပ်အောင်ဆန်း၏ နေအိမ်တွင် “ဖက်ဆစ် တိုက်ဖျက်ရေး ပြည်သူ့အဖွဲ့ချုပ်” အစည်းဝေးအား ကျင်းပသည်။ တပ်မတော်မှ ဗိုလ်ချုပ်အောင်ဆန်း၊ ဗိုလ်မှူးကြီးလကျာ်၊ ဗိုလ်မှူးကြီးဇေယျ၊ ဗိုလ်မှူးကြီးစောကြာဒိုး၊ ဗိုလ်မှူးကြီး နေ၀င်း၊ ဗိုလ်မှူးကျော်ဇော၊ ဗိုလ်မှူးရန်အောင်၊ ဗိုလ်မှူးရဲထွတ်၊ ဗိုလ်မှူးဖိုးကွန်း၊ ဗိုလ်အောင်ကြီး၊ ဗိုလ်မောင်မောင်၊ ဗိုလ်စိန်မှန်၊ ဗိုလ်ခင်မောင်ကလေး….။ ပြည်သူ့ အရေးတော်ပုံပါတီမှ ကိုဘဆွေ၊ ကိုကျော်ငြိမ်း၊ သခင်ချစ်၊ ကိုလှမောင်….။ ကွန်မြူနစ်ပါတီမှ သခင်စိုး၊ သခင်သန်းထွန်း၊ သခင်တင်မြတို့ တက်ရောက်ကြသည်။

ထိုစဉ်က….. သခင်သိန်းဖေ (စာရေးဆရာသိန်းဖေမြင့်)သည် မဟာမိတ်ဆက်သွယ်ရေးအတွက် အိန္ဒိယတွင် ရောက်ရှိနေပြီး သခင်သိန်းဖေမှ ပေးပို့လိုက်သော စာနှစ်စောင်နှင့် ပတ်သတ်၍ အစည်းဝေးတွင် ဆွေးနွေးကြ၏။ စာနှစ်စောင်က….အိန္ဒိယရှိ မဟာမိတ်စစ်ဌာနချုပ်မှ ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့အဖွဲ့ချုပ်သို့ ပေးသောစာနှင့် သခင်သိန်းဖေမှ အဖွဲ့ချုပ်သို့ပေးသောစာတို့ဖြစ်သည်။ သခင်သန်းထွန်းသည် မဟာမိတ် စစ်ဌာနချုပ်မှ ပေးသောစာအား အစည်းအဝေးတွင် ဖတ်ပြ၏။

(၁) ဖက်ဆစ်ဆန့်ကျင်ရေးအဖွဲ့ A.F.Oသည် အရှေ့တောင်အာရှ မဟာမိတ်စစ်ဌာနချုပ် လက်အောက်ရှိ တပ်ဖွဲ့တစ်ခုဖြစ်သော အမှတ် ၁၃၆တပ်ဖွဲ့ (Force ၁၃၆) ၏ တိုက်ရိုက်အုပ်ချုပ်မှုအောက်တွင် ရှိစေရမည်။

(၂) ဖက်ဆစ်ဆန့်ကျင်ရေးအဖွဲ့၏ အုပ်ချုပ်မှုအောက်တွင်ရှိသော လက်နက်ကိုင်တပ်များသည် မဟာမိတ် တပ်များ၏ စစ်ဆင်ရေးနှင့် သီးခြားကင်းလွတ်၍ မိမိတို့သဘောအလျှောက် ဂျပန်တပ်များကို စစ်ဆင် တိုက်ခိုက်ခြင်း မပြုရ။

(၃) အမှတ် ၁၃၆ တပ်ဖွဲ့က ညွှန်ကြားသတ်မှတ်ပေးသော ဒေသများတွင်သာ ဖက်ဆစ် ဆန့်ကျင်ရေး တပ်ဖွဲ့များက ဂျပန်များကို တိုက်ခိုက်ရမည်။

(၄) ထိုသတ်မှတ်ထားသော ဒေသများကို အိန္ဒိယရှိ ဖက်ဆစ်ဆန့်ကျင်ရေး တပ်သားများကို လေထီးဖြင့် ချပေမည်။ ယင်းတို့နှင့်အတူ အမှတ် ၁၃၆တပ်ဖွဲ့မှ ဆက်သွယ်ရေးအရာရှိများ ပါလာမည်။

(၅) ဖက်ဆစ်ဆန့်ကျင်ရေး တပ်သားများအတွက် လိုအပ်သော လက်နက်ခဲယမ်းမီးကျောက် အရေအတွက်ကို ဗြိတိသျှ ဆက်သွယ်ရေးအရာရှိများ၏ ထောက်ခံချက်ဖြင့်သာ လေထီးဖြင့်ချပေးမည်။

(၆) ဂျပန်တို့အား တိုက်ခိုက်ပြီးသော ဒေသများတွင် ဖက်ဆစ်ဆန့်ကျင်ရေးအဖွဲ့သည် ကိုင်စွဲထားသော လက်နက်များကို အမှတ် ၁၃၆ တပ်ဖွဲ့သို့ ချက်ခြင်းပြန်လည်း ပေးအပ်ရမည်။

(၇) ဤစာတွင် ပါရှိသောအချက်များကို ဖက်ဆစ်ဆန့်ကျင်ရေးဌာနချုပ်က သဘောတူညီရန် သဘောထားကို အမြန်ပြန်ကြာပါ။

သခင်းသန်းထွန်းက မဟာမိတ်စစ်ဌာနချုပ်မှ ပေးသောစာအား ဖတ်ပြပြီး ဒုတိယစာဖြစ်သည့် သခင်သိန်းဖေမှ ရေးလိုက်သည့် စာအား ဆက်ဖတ်ပါသည်။

“၁၉၄၄ ခု ဒီဇင်ဘာလ နောက်ဆုံးပတ်မှစ၍ ၁၉၄၅ခုနှစ် ဖေဖော်ဝါရီလလယ်လောက်အထိ ရခိုင်ပြည်နယ်တွင် ဂျပန်ဖက်ဆစ်တို့အား ရခိုင်မျိုးချစ်များက လက်နက်ကိုင်တိုက်ခိုက်ရာတွင် မဟာမိတ်တို့နှင့် ပူးပေါင်း ဆောင်ရွက်ခဲ့သော အတွေ့အကြုံအရ မဟာမိတ်များထံမှ လက်နက်ခဲယမ်းအကူအညီရရှိရေးမှာ မလွယ်ကူ၊ လိုအပ်သလောက် အရေအတွက်ကို မရခဲ့။ ဂျပန်တို့အား တိုက်ခိုက်ရန် အခက်အခဲတွေ့နေသော ဒေသများတွင်သာ မိမိတို့ ဖက်ဆစ်တော်လှန်ရေးသမားများကို လက်နက်ခဲယမ်းအကူအညီ ပေးလိုကြသည်။ ၄င်းတို့၏ စစ်မိန့်ပေးမှုကို နာခံရမည်ဟုလည်း တောင်းဆိုကြသည်။ ထိုကြောင့် မဟာမိတ်တို့၏ထံမှ လက်နက် အကူအညီရရေးကို အဓိကအားကိုး အားထားမပြုရန် မိမိတို့လက်နက်ဖြင့်မိမိတို့ဖာသာ ဂျပန်တော်လှန် တိုက်ခိုက်ရေးကို အဓိကထားရန်၊ မိမိတို့သတ်မှတ်သော ဒေသနှင့် သင့်တော်သည်ထင်သော အချိန်တွင် ဂျပန်တို့ကို တော်လှန်တိုက်ခိုက်ကြရန် မဟာမိတ်စစ်တပ်များ၏ ထိုးစစ်မှာ လျှင်မြန်လာသဖြင့် ဖက်ဆစ် ဂျပန်တို့အား တစ်ပြည်လုံးတွင် အမြန်ထကြွတော်လှန်ကြရန်လိုအပ်ကြောင်း”

အစည်းအဝေးတွင် မဟာမိတ်စစ်ဌာနချုပ်မှစာအား ၀ိုင်း၍ဆွေးနွေးကြသည်။ ပြီးလျှင်…. အဖွဲ့ချုပ်မှ မဟာမိတ် စစ်ဌာနချုပ်သို့ စာပြန်ရန် သဘောထားပေးကြ၏။ အစည်းဝေး၏ သဘောထားအရ မဟာမိတ်စစ်ဌာနချုပ်သို့ စာရေး အကြောင်းပြန်ကြသည်။

(၁) ဖက်ဆက်တိုက်ဖျက်ရေး ပြည်သူ့အဖွဲ့ချုပ်သည် မဟာမိတ်စစ်ဌာနချုပ်၏ စာပါ သဘောထားများကို လက်မခံနိုင်။

(၂) မဟာမိတ်စစ်ဌာနချုပ်၏ ကိုယ်စားအမှတ် ၁၃၆ တပ်ဖွဲ့၏ အုပ်ချုပ်ညွှန်ကြားမှုကို လက်မခံနိုင်။ ဖတပသည် မဟာမိတ်တပ်များနှင့် နိုင်ငံရေးအရ စစ်ရေးအရ ပူးပေါင်းဆောင်ရွက်မှု သဘောကိုသာ လက်ခံမည်။

(၃) မိမိတို့ ဖက်ဆစ်တော်လှန်ရေးတပ်ဖွဲ့များသည် မိမိတို့ရွေးချယ်သတ်မှတ်ထားသည့် ဒေသများ၌သာ မိမိသဘောအလျောက် စစ်ဆင်ရေးလုပ်မည်။ သို့သော် မဟာမိတ်တပ်များနှင့် ညှိနှိုင်းဆောင်ရွက်မည်။ ပူးတွဲ တိုက်ခိုင်မည်။

(၄) မိမိတို့ လက်နက်ကိုင်တပ်ဖွဲ့ဝင်များ ပျောက်ကျားတပ်ဖွဲ့ဝင်များ အရေအတွက်ရှိသလောက်သာ လက်နက်ခဲယမ်း အကူအညီပေးမည်ဆိုသည်ကို သဘောတူသည်။

(၅) ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့အဖွဲ့ချုပ်သည် ဖက်ဆစ်ဂျပန်တို့အား ဗမာပြည်တစ်ဝှမ်းလုံးတွင် များမကြာမီ အတွင်း တပြိုင်တည်း တော်လှန်တိုက်ခိုက်ကြမည်။

(၆) မဟာမိတ်စစ်ဌာနချုပ်က အကူအညီရသည်ဖြစ်စေ မရသည်ဖြစ်စေ ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့ အဖွဲ့ချုပ်သည် ဖက်ဆစ်ဂျပန်တို့ကို လက်နက်ကိုင်၍ တစ်ပြည်လုံးတွင် စတင်တော်လှန်တိုက်ခိုက်ကြရန် ဆုံးဖြတ်လိုက်ပြီ ဖြစ်သည်။

(ဇ)

ရင့်ကြွေညောင်းသည်

ရွက်ဟောင်းစွန့်ပစ်၊ ဘ၀သစ်သို့

သနစ်ပြောင်းမည်၊ ဖူးသစ်မီသည်

အနီထဲမှ ကြယ်ဖြူပွင့်...

(မတ်လတော်လှန်ရေးကဗျာမှ)

ဗိုလ်ချုပ်အိမ် အစည်းဝေးမှပင် ဖက်ဆစ်ဂျပန်တို့အား တော်လှန်တိုက်ခိုက်ရန် စစ်တိုင်းများခွဲ၏။ နိုင်ငံရေး၊ စစ်ရေး တာဝန်ယူမည့်သူများအား တာဝန်ခွဲဝေသတ်မှတ်ကြ၏။ စတင်တော်လှန်မည့် D-Dayကိုမူ ဗိုလ်ချုပ်မှပင် သတ်မှတ်ရန် အားလုံးမှ ဗိုလ်ချုပ်အား တာဝန်ပေး၏။ ပထမတွင် မတ်လ (၂၅)ရက်နေ့ သတ်မှတ်ထားခဲ့သည်။ ဂျပန်စစ်ဌာနချုပ်သို့လည်း ဘီဒီအေမှ အင်္ဂလိပ်တို့၏ ထိုးစစ်ဆင်လာမှုအား ခုခံတိုက်ခိုက်ခွင့်ပြုရန် တင်ထား၏။ မတ်လ ဒုတိယအပါတ်တွင် ဂျပန်စစ်ဌာနချုပ်မှ ဘီဒီအေကို အင်္ဂလိပ်စစ်တပ်အား ခုခံတိုက်ခိုက်ရန် စစ်ထွက်မိန့်အား ထုတ်ပြန်ပေးလိုက်၏။ ဤတွင် ဖက်ဆစ်တော်လှန်ရေးအတွက် ပြင်ဆင်ထားသည့် စစ်တိုင်းများသို့ တပ်များ ရွှေ့ပြောင်းရေးမှာ “ရောင်တော်ပြန်နှင့် ရောလွှတ်” ဆိုသကဲ့သို့ လွယ်ကူချောမွေ့သွား၏။ ဗိုလ်ချုပ်သည် ဗမာ့တပ်မတော်အား ဖက်ဆစ်တော်လှန်ရေးအတွက်ရည်ရွယ်ပြီး ဂျပန်စစ်ဌာနချုပ်မှ ခွင့်ပြုသည့် “စစ်ထွက်အမိန့်”ကို မှီ၍ ဘီဒီအေအား စစ်ကြောင်းဖြန့်ရန် အမိန့်အား စစ်သေနာပတိအနေနှင့် လက်မှတ်ထိုး၍ ထုတ်ပြန် လိုက်၏။

အထက်ဗမာပြည် တိုင်းမှူး ဗိုလ်မှူးဗထူးသည် အထက်ဗမာပြည်တပ်များကို အုပ်ချုပ်ကာ ဂျပန်တပ်မတော်နှင့် အတူ စစ်ကြောင်းဖွင့်ရမည်။

ရှေ့တန်းစစ်ဌာနချုပ် စစ်ကြောင်းကို ဗိုလ်မှူးကြီး ဇေယျဦးစီး၍ စစ်ဌာနချုပ်ရုံးအဖွဲ့နှင့် စစ်ဝန်ကြီးရုံးအဖွဲ့အားလုံး စုပေါင်း၍ သရက်စခန်းမှ မင်းတုန်းစခန်းသို့ ချီတက်ရမည်။

တိုင်းအမှတ်(၁) ဗိုလ်မှူးမောင်မောင် ဦးစီး၍ သာယာဝတီ၊ ပေါင်းတည် စစ်ကြောင်းသို့ချီတတ်ရမည်။ ခြေလျင် တပ်ရင်း(၄)သည် တိုင်းအမှတ် (၁)နှင့်အတူ ပူးပေါင်းကာ လိုက်ပါချီတက်တိုက်ခိုက်ရမည်။

တိုင်းအမှတ်(၂) စစ်ကြောင်းကို ဗိုလ်မှူးကြီးနေ၀င်း ဦးစီး၍ ဖျာပုံမြစ်ဝကျွန်းပေါ် စစ်ကြောင်းသို့ ချီတက်ရမည်။

တိုင်းအမှတ်(၃) စစ်ကြောင်းကို ဗိုလ်မှူးကြီး စောကြာဒိုးဦးစီး၍ မအူပင် မြစ်ဝကျွန်းပေါ် ဒေသသို့ ချီတက်ရမည်။

ဗိုလ်မှူးကြီးလက်ျာသည် တိုင်းအမှတ် (၂)နှင့် (၃)ဆယ်သွယ်ရေး၊ စီမံရေး ဦးစီးဆောင်ရွက်ရမည်။

တိုင်းအမှတ်(၄) စစ်ကြောင်းကို ဗိုလ်မှူးကျော်ဇောဦးစီး၍ ပဲခူးစခန်းမှ ရန်သူကို ခုခံတိုက်ခိုက်ရန် အသင့် စီစဉ်ထားရမည်။

တိုင်းအမှတ်(၅) စစ်ကြောင်းကို ဗိုလ်ကြီးတင်ထွန်းဦးစီး၍ တနသာင်္ရီ၊ ထားဝယ် စစ်ကြောင်းသို့ ချီတက်ရမည်။

တိုင်းအမှတ်(၆) စစ်ကြောင်းကို ဗိုလ်မှူးအောင်ဦးစီး၍ သရက်မှသည် မင်းဘူးစစ်ကြောင်းတိုင်အောင် တာဝန်ခံ အုပ်ချုပ်တိုက်ခိုက်ရန် ချီတက်ရမည်။

စစ်သေနာပတိက ရှေ့တန်းစစ်ဌာနချုပ်နှင့်အတူ မင်းတုန်းဘက်သို့ လိုက်ပါချီတတ်တိုက်ခိုက်မည်။ တပ်မတော် တစ်ခုလုံးကို အထူးဆတ်သားများ စေလွှတ်၍ စစ်ဆင်ရေး ကိစ္စအ၀၀ကို စီစဉ်မည်။

(အောင်ဆန်း၊ စစ်ဝန်ကြီးနှင့် စစ်သေနာပတိ၊ ဗမာ့တပ်မတော်)

မင်းဆွေသစ်

ကိုးကား…

-သိန်းဖေမြင့်၏ စစ်အတွင်းခရီးသည် (၁)၊ (၂)

-ဦးနု၏ တာတေစနေသား

-သခင်တင်မြ၏ ဘုံဘ၀မှာဖြင့် အတွဲ (၁၊၂၊၃၊၄၊၅၊၆)

-ဒဂုန်တာရာ၏ မတ်လတော်လှန်ရေးကဗျာ

- ၁၉၉၈ခုနှစ် မေလထုတ် မိုးဂျာနယ်တွင်ပါရှိသည့် သခင်လှကွန်း၏ အနီခံကြယ်ဖြူထွန်းတောက်ချိန်။
http://ghre.org/mm/index.php?option=com_content&view=article&id=269:2009-03-23-08-39-31&catid=35:2008-09-15-

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်