Wednesday, September 9, 2009

ငြိမ်းချမ်းရေးတရား သွေးစွန်းရက်များ

မွဲတေ ဆင်းရဲခြင်း ခြုံစောင်နွမ်းပါးပါးလေးကို ခြုံရင်း
ချိန်ကိုက်ဗုံးကို ခေါင်းအုံး အိပ်တဲ့တိုင်းပြည်
နှလုံးသားတိုင်းမှာ ဒိုင်းနမိုက်တွေ အပြည့်နဲ့
စစ်မီးတောက်က ၀ါးမြိုလို့
တိုးတက် ငြိမ်းချမ်းရေးတွေ ပြာကျနေတယ်။

အမိမြေကို ချစ်တဲ့အသိတရား
သံယောဇဉ် သံမဏိ အပ်ချည်မျှင်များနဲ့
မျိုးချစ်စိတ်ကို စွန်တစ်ကောင်လို
အမြင့်မားဆုံး ကောင်းကင်ယံသို့ လွှင့်တင်ထားချိန်
စစ် လေနီကြမ်းက ဗရမ်းဗတာ တိုက်ခိုက်နေတယ်။

လိပ်လို နှေးကွေးတဲ့ အင်တာနက်လိုင်း
ခြစားနေဆဲ စီးပွားရေး ယန္တယား
ဓမ္မတာလို ဖြစ်နေတဲ့ ရေမလာ မီးမလာ ရက်စွဲများကြောင့်
ခေါင်းပုံဖြတ် ဖြတ်စား လာဘ်စားက လွဲလို့
ဘယ်သူကမှ ရင်းနှီးမြုပ်နှံမှု မလုပ်လို
ဘယ်တိုးရစ် ( စ်)မှ လာမလည်ချင်ဘူး ၊
အဓမ္မ၀ါဒီ တွေရဲ့အရှက်နည်း ရမ်းကားပြီး
လူတကာကို လိမ်ညာစွပ်စွဲချက်များ ရပ်တန့်ကရပ်တော့ ။

မွဲပြာရောင် အနာဂတ်က မတောက်ပ
မျှော်လင့်ချက်မဲ့ အရာရာဟာ ပျောက်ရှ
ကမ္ဘာ့အလယ်မှာ အောက်ကျ နောက်ကျ
ကိုယ့်ကိုကိုယ် ပြန်ကောက်ရ ဖို့ ကြိုးစားနေရ
စစ်စနစ် အမှောင်က သူ့ရဲ့သွားများနဲ့ ဘ၀များကို ၀ါးစားနေတယ် ။

လူ့အခွင့်အရေး ချိုးဖောက်မှုများကို
အိုလံပစ် စံချိန် နှစ်စဉ်ချိုးနေကြ
စစ်မျက်ကန်း မျိုးမချစ်များက
တရုတ် ရုရှား မြောက်ကိုးရီးယားကို ခြေသလုံးဖက်ပြီး
ပြည်ပအားကိုး ပုဆိန်ရိုးလို့
သူတို့ကိုယ် သူတို့ မှန်ထဲကြည့်ပြီး ကြွေးကြော်နေကြတယ် ။

အစာ ရေစာ မ၀တ၀ ၊
စားနပ်ရိက္ခာ ငတ်တလှည့် ၊ ပြတ်တလှည့်
မီးဖိုချောင်ထဲ ရင်ကွဲပက်လက်
စနစ်ရိုင်းအောက်က ခြောက်ကပ်ကပ် နေ့စဉ်ထမင်းဝိုင်း
ညှိုးနွမ်းနေတဲ့ ဘုရားပန်းများ ၊
ရိုးသားတဲ့ ဒကာ ဒကာမ ၊တိုင်းသူပြည်သားများရဲ့ ဘ၀ခံစားချက်
နေ့စဉ် ဆွမ်းခံထွက်တဲ့ ကိုရင် ဦးပဉ္ဖင်းများ အသိဆုံးမို့
ဒီလို စက်တင်ဘာရက်တွေမှာ
ရဲရဲ ရင့်ရင့် လမ်းမတွေပေါ်တက် ခဲ့ ၊ ကြွေးကြော်သံတွေပေါ်ထွက်ခဲ့
ငြိမ်းချမ်းရေးတရားတွေ ဖြန်းပက်ခဲ့ပေ မဲ့
လူမဆန်သူများက သွေးစွန်းရက်များအဖြစ် အသွင်ပြောင်းခဲ့ကြတယ် ။

အောင်ခိုင်မြင့်

( ရွှေဝါရောင် တော်လှန်ရေး ( ၂ ) နှစ်ပြည့် )

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်