Friday, September 25, 2009

ကုလသမဂ္ဂ အထွေထွေ ညီလာခံတွင် လစ်ဗျားခေါင်းဆောင် ပွဲကြမ်းခဲ့

ကမ္ဘာ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အမြဲတမ်း အဖွဲ့ဝင် (၅)နိုင်ငံအား ဖယ်ရှားပစ်ရမည်ဟု ဒေါသတကြီး ပြောကြား၍ လူကြီးလူကောင်း မပီသစွာ ပြုမူသွားသော လစ်ဗျားခေါင်းဆောင် ကဒါဖီ © ( [EPA] )
လူထုအသံ
ကုလသမဂ္ဂ အထွေထွေ ညီလာခံတွင် လစ်ဗျား ခေါင်းဆောင် ကဒါဖီမှာ လူကြီးလူကောင်း မပီသသော အပြု အမူများ ပြုလုပ်ခဲ့သဖြင့် ရုပ်ပျက် ဆင်းပျက် ဖြစ်ခဲ့ရကြောင်း သိရှိရသည်။

အထွေထွေ ညီလာခံတွင် ၎င်း၏ ပထမဆုံး ပြောကြားဖူးသော မိန့်ခွန်း အတွင်း ကဒါဖီ သည် အထိန်းအကွပ် မဲ့သော ဝေဖန်မှုများ ပြုလုပ်ခဲ့သလို အထွေထွေ ညီလာခံ ကျင်းပရေး ဥက္ကဌအား စာအုပ်ဖြင့် ပစ်ပေါက် ခဲ့သေးသလို မိန့်ခွန်းကိုလည်း (၉၆)မိနစ် ကြာအောင် ပေရှည်စွာ ပြောကြား သွားခဲ့ခြင်း ဖြစ်သည်။


အာဏာသိမ်းယူကာ လစ်ဗျားကို အုပ်ချုပ်နေသည့် ဗိုလ်မှူးကြီးသည် ကမ္ဘာ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အမြဲတမ်း အဖွဲ့ဝင် (၅)နိုင်ငံဖြစ်သည့် အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ ရုရှား၊ တရုတ် တို့ကို ပျစ်ပျစ်နှစ်နှစ် တိုက်ခိုက် ဝေဖန်ခဲ့သလို ကုလသမဂ္ဂ လုံခြုံရေး ကောင်စီကိုလည်း ကုလသမဂ္ဂ အကြမ်းဖက် ကောင်စီဟု အမည်ပြောင်း သင့်ကြောင်း ပြောကြား သွားခဲ့သည်။

ထို့အပြင် အမေရိကန်နှင့် အင်အားကြီး နိုင်ငံများသည် အခြားသော ကမ္ဘာ့နိုင်ငံများအား ခပ်နှိမ်နှိမ် ဆက်ဆံ လေ့ရှိကြောင်းလည်း ကဒါဖီက စွပ်စွဲ လိုက်သေးသည်။ ကဒါဖီသည် မိန့်ခွန်းပြောနေစဉ် တလျှောက်လုံး ဂနာမငြိမ်ဘဲ ၎င်း၏ မိန့်ခွန်းမှာလည်း လူတိုင်းကို တိုက်ခိုက်ရင်းသာ ပြီးဆုံးခဲ့သည်။

သို့သော်လည်း ကဒါဖီသည် ရှားရှားပါးပါး အနေနှင့် အမေရိကန်တွင် ဘာရက်အိုဘားမား သမ္မတ ဖြစ်လာခြင်းကို ထုတ်ဖော် ချီးကျူးလိုက်သည်။ ကဒါဖီက အိုဘားမားသည် ပြောင်းလဲမှုများကို ပြောစကားနှင့် အညီ ဆောင်ကြဉ်း ပေးနိုင်မည့်သူဟု ချီးကျူးခဲ့သည်။ ကဒါဖီသည် ကုလသမဂ္ဂ ညီလာခံတွင် (၉၆)မိနစ်ကြာ ရန်တွေ့စကား ပြောကြား သွားခြင်းသည် သမိုင်းတွင် စံချိန်တင် အကြာမြင့်ဆုံး အချိန် မဟုတ်သေးပေ။

(၁၉၆၀) က ကျူးဘား ခေါင်းဆောင် ဖီဒယ် ကက်စထရိုသည် အမေရိကန်အား အပြင်းအထန် ဝေဖန် တိုက်ခိုက်သော မိန့်ခွန်းမှာ (၄)နာရီ ကြာကြောင်း သိရှိရသည်။

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်