Friday, September 25, 2009

ဆော်ဒီတွင် ပထမဆုံးအကြိမ်အဖြစ် အမျိုးသားနှင့် အမျိုးသမီးများ တက္ကသိုလ်အတူတက်ခွင့်ရ

Planet
ဆော်ဒီအာရေဗျနိုင်ငံ၏ ပညာရေးကဏ္ဍ သမိုင်းတလျှောက် ပထမဆုံးအကြိမ်အဖြစ် အမျိုးသား၊ အမျိုးသမီး အတူတကွ တက်ရောက်ပညာသင်ယူနိုင်မည့် အဆင့်မြင့် တက္ကသိုလ်အား ဖွင့်လှစ်လိုက်ပြီဖြစ်သည်။ ဂျက်ဒက်မြောက်ပိုင်းရှိ အက်ဘဒူလ် ဘုရင်မင်းမြတ် သိပ္ပံနှင့် နည်းပညာ တက္ကသိုလ် (KAUST)တွင် ယခင်က စနစ်ဟောင်းများကို ပယ်ဖျက်ပြီး အမျိုးသမီးများကို အမျိုးသားများနှင့်တန်းတူ ပညာသင်ကြားခွင့် ပေးခဲ့ခြင်းဖြစ်သည်။ KAUSTတက္ကသိုလ် ဖွင့်လှစ်ရခြင်းသည် နိုင်ငံရေးအရရော၊ ပညာရေးအရပါ ပြောင်းလဲမှု တစ်ခုဖြစ်လာပြီး အမျိုးသမီးများအား စည်းမျဉ်းများကန့်သတ်ကာ တင်းတင်းကြပ်ကြပ် ပညတ်ထားသည့် ဘာသာရေး သတ်မှတ်ချက်များကို လျှော့ချပေးလိုက်ခြင်းဖြစ်သည်။


ဆော်ဒီတော်ဝင် မိသားစုက KAUSTတက္ကသိုလ်သည် အစွန်းရောက်ဝါဒကို လျော့နည်းကျဆင်းသွားစေလိမ့်မည်ဟု မျှော်လင့်ထားသည်။ စက်တင်ဘာ (၂၃)ရက်နေ့က စတင်ဖွင့်လှစ်လိုက်သော တက္ကသိုလ်သည် အဆင့်မြင့်နည်းပညာများကို သင်ကြားပို့ချမည်ဖြစ်ပြီး လှပဆန်းကျယ်စွာ တန်ဆာဆင်ထားသည်။ ဒေါ်လာဘီလျံပေါင်းများစွာ ကြွယ်ဝသည့် အက်ဘဒူလ် ဘုရင်မင်းမြတ်ကို ဂုဏ်ပြုသည့် တက္ကသိုလ် ဖွင့်ပွဲအခမ်းအနားသို့ ဆော်ဒီရှိ ထင်ရှားကျော်ကြားသော ပုဂ္ဂိုလ်များ၊ နိုင်ငံရပ်ခြားမှ ခေါင်းဆောင်များ၊ သုတေသီများ၊ နိုဘယ်လ်ဆုရ အသိပညာရှင်၊ အတတ်ပညာရှင်များ၊ သိပ္ပံပညာရှင်များနှင့် သတင်းထောက်များ ပါဝင်သည့် ဧည့်သည်တော် (၃၀၀၀)ကျော် တက်ရောက်ခဲ့သည်။ ယခုတက္ကသိုလ် ဖွင့်လှစ်ခြင်းသည် တိုးတက်သော အမြင်ရှိသည့် ဆော်ဒီအမျိုးသမီးထုကို အလွန်ပျော်ရွှင်စေခဲ့ကြောင်း အယ်လ်ဂျာဇီးယား သတင်းဌာနက ဖော်ပြခဲ့သည်။ တက္ကသိုလ်သစ်တွင် ဘာသာရေးအရ တင်းကြပ်သော စည်းမျဉ်းများကို လျှော့ချပေးထားပြီး အမျိုးသမီးများအနေနှင့် သူမတို့၏မျက်နှာကို ဖုံးကွယ်ထားရန် မလိုအပ်ဘဲ လေးလံသော ခြုံထည်ကြီးများကို မ၀တ်ဆင်ဘဲလည်း နေနိုင်မည်ဖြစ်သည်။ ထို့အပြင် အမျိုးသား ဒရိုင်ဗာအား ယာဉ်နောက်ခန်းတွင်ထားပြီး ကိုယ်တိုင်ကားမောင်းခြင်းသည် မိန်းကလေးများနှင့် မအပ်စပ်ဟု သတ်မှတ်ထားသော တိုင်းပြည်တွင် KAUSTတက္ကသိုလ် ကျောင်းသူများမှာမူ စိတ်ကြိုက်ကားမောင်းနိုင်ခွင့် ရရှိမည်ဖြစ်သည်။ တက္ကသိုလ် အုပ်ချုပ်ရေးအဖွဲ့က ဧက(၉၀၀၀)ကျယ်ဝန်းသော ကျောင်းပရ၀ုဏ်အတွင်း ဘာသာရေးအရ လိင်ခွဲခြားထားမှုကို ပယ်ဖျက်ထားပြီး လွတ်လပ်စွာ ပညာသင်ခွင့် ပေးထားမည်ဖြစ်ကြောင်း အတည်ပြု ပြောဆိုသွားသည်။

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်