Monday, September 28, 2009

နစက တပ်သား တဦး မိမိကိုယ်ကို အဆုံးစီရင်

9/27/2009

ဘူးသီးတောင်မြို့နယ် ဖုံညိုလိပ် အမှတ် ၂၁ နစက စခန်းမှ တပ်သားတဦးသည် ယမန်နေ့ တနင်္ဂနွေနေ့က မိမိကိုယ်ကို သေနတ်နှင့် ပစ်သတ်ပြီး အဆုံးစီရင်သွားခဲ့သည်။

မိမိကိုယ်ကို အဆုံးစီရင်သွားသူမှာ တပ်သား သက်ဖူး ဖြစ်ပြီး ၎င်းကိုင်ဆောင်ထားသော အမ်း ၁၆ သေနတ်ဖြင့် ကိုယ်ကိုကိုယ် ပစ်သတ်ကာ အဆုံးစီရင်သွားခြင်း ဖြစ်သည်။

သူ၏ လုပ်ဖေါ်ကိုင်ဘက် တဦးက “ နံနက် ၁၀ နာရီခန့်မှာ သူရဲ့ ရင်ညွန့်ကို တခါတည်း ပစ်ထည့် လိုက်တာ ပါဘဲ။ ပွဲချင်းပီး

ဆုံးပါတယ်။ အလောင်းကိုတော့ ဘူးသီးတောင် ဆေးရုံကို ခွဲစိတ်ဖို့ ယူသွားပါတယ်” ဟု ပြောသည်။

မည်သည့် အတွက်ကြောင့် သက်ဖူးမှာ မိမိကိုယ်ကို မိမိသတ်သေသွားရခြင်း မသိရသေးသော်လည်း နစက တပ်ဖွဲ့အတွင်း အထက်အောက် ကွာခြားမူ ရှိသည့်အပြင် အထက်အရာရှိများက တပ်သားများကို မဆင်မခြင် ညှဉ်းပမ်းနှိပ်စက်မူများလည်း ရှိသည်ဟု သိရသည်။

“ ကျွန်တော်တို့ နစက တပ်ဖွဲ့မှာ အရာရှိတွေက အာဏာရှိတော့ အထူး ကောင်းစားကြပြီး တပ်သား အဆင့်တွေက ဘာမှ လုပ်ပိုင်ခွင့် မရှိတော့ အများစုက ဆင်းရဲတဲ့အတွက် နစကမှာ တာဝန်ထမ်းဆောင်ရတာ မပျော်ဘူး။ ထွက်မယ်ဆိုရင်လည်း ထောင်ကျမယ်။ ထွက်ပြေးရင်လည်း ထောင်ကျမယ်ဆိုတော့ တပ်သားတွေက သည်းညဉ်းခံပြီး လုပ်နေကြရတာပါဘဲ။ နောက်ဆုံး မခံနိုင်တော့ ခုလို ကိုယ်ကိုကိုယ် လုပ်ကြံပြီး အဆုံးစီရင်သွားကြတာပါဘဲ” ဟု သူက ပြောသည်။

သက်ဖူး တာဝန်ကျရာ နစက အမှတ် ၂၁ စခန်းမှာ နစက အမှတ် (၉) နယ်မြေလက်အောက်ခံဖြစ်ပြီး ဘူးသီးတောင်မြို့နယ်တွင် အခြေစိုက်သည်။

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်