Thursday, September 24, 2009

ထီကနဲ ဟေ့ ဆိုတာနဲ့ ....ကွဲပြဲတာ မြန်မာ့ စစ်တပ်

Thursday, September 24, 2009
တပ်မတော်တွင်းက အကွဲအပြဲများ

ကိုဂျူး

( အဏ္ဏ၀ါစစ်သည်က နိုင်ငံရေးသမားတွေ ကွဲတာပဲ ရေးတာတွေ့လို့ သူ့အမြင်ကို ပြောလာတဲ့ ကိုဂျူးရဲ့ ဆောင်းပါး ဖြစ်ပါတယ်။ ကြမ်းတမ်းတဲ့ စကားလုံး တစ်ချို့ကိုတော့ ဖျက်ထားပါတယ်။ အဲဒါမသုံးလည်း လိုရင်းအဓိပ္ပါယ် မပျောက်ဘူး ထင်ပါတယ်။ )

ရေးတုန်းကတော့ Comment ဘဲ၊ ရှည်သွားလို့ Post လုပ်လိုက်ပါတယ်။

ပိတောက်မြေမှာ အဏ္ဏ၀ါစစ်သည်က နိုင်ငံရေးသမားတွေ ကွဲကြပြဲကြတဲ့ အကြောင်းကို ကာတွန်းတွေ ဘာတွေနဲ့ ဝေဝေဆာဆာ ရေးတာ ဖတ်လိုက်ရလို့ မျှမျှတတ ဖြစ်အောင် မြန်မာ့ တပ်မတော်တွင်းက အကြောင်းတွေလဲ သိသလောက် ဖြည့်စွက်ပေး လိုက်ပါတယ်။ ဘက်နှစ်ဘက်က ကြည့်ကြရအောင်ပါ။ ကျွန်တော်တို့ မြန်မာ့တပ်မတော်လဲ အချင်းချင်းအာဏာလုကြ၊ ကွဲကြပြဲကြ ဖြစ်တာ သတိထားကြည့်ရင် မကြာခဏ တွေ့ရပါတယ်။

နိုင်ငံရေး ပါတီတွေ နိုင်ငံရေး သမားတွေ ကွဲကြပြဲကြ တာတော့ အစိုးရ အဆက်ဆက်က ပုံကြီးချဲ့ ၀ါဒဖြန့် ရေးခဲ့တာ ဖတ်ရလွန်းလို့ ပြည်သူတွေ အလွတ်တောင်ရနေပါပြီ။ နိုင်ငံရေးသမား၊ နိုင်ငံရေးခေတ် မကောင်းကြောင်းဆိုလဲ တဆိတ်ရှိ သခင်တင် မီးခွက်မှုတ်တဲ့အကြောင်း၊ သတင်းစာတိုက်ဖျက်တဲ့အကြောင်း၊ ငန်းဇွန် ငါးလောင်ပြိုင် နိုင်ငံရေးလူသတ်မှုအကြောင်း၊ ဟိုးရှေးပဝေ သဏီက လန်ကြုပ် ဇတ်လမ်းတွေ ရေး၊ လူတွေကို ဖတ်ခိုင်း၊ ဂျာနယ်တွေ သတင်းစာတွေထဲ မထည့်မနေရထည့်ခိုင်း ဆိုတော့ လူတိုင်းသိပါတယ်။ မြန်မာ့တပ်မတော်ကတော့ ဘယ်တုန်းကမှမကွဲတဲ့၊ ဘယ်တော့မှလဲမကွဲနိုင်တဲ့ ကျစ်လစ် သိပ်သည်းတဲ့ အဖွဲ့ အစည်းလိုလိုနဲ့ အမြဲတန်းဂုဏ်တင် ပြေဆိုကြတယ်။ အဲဒါ ဘယ်လောက်အထိ မှန်သလဲ၊ ဘယ်အခြေအနေ အထိ မှန်နိုင်သလဲ၊ စဉ်းစားကြရအောင်။

ကျွန်တော့အမြင် နိုင်ငံရေးသမား အရပ်သားတွေ အမြင်မတူ ကွဲကြတာ တိုင်းပြည်အတွက် မနစ်နာပါဘူး။ သူ့အမြင် ကိုယ့်အမြင် လွတ်လွတ်လပ်လပ် တင်ပြကြားနာ ကြရလို့ Healthy တောင် ဖြစ်ပါသေးတယ်။ စည်းလုံးမယ်၊ မကွဲတန်း ဘာညာလို့ သစ္စာဆိုထား သူတွေမှ မဟုတ်တာ၊ ဒီလို ကွဲကြရာမှာ သူတို့ အချင်းချင်းလည်း နစ်နာအောင် ဘာမှ လုပ်လို့မရပါဘူး။ လုပ်လည်း မလုပ်ခဲ့ပါဘူး၊ ဒီနေ့ကွဲ မနက်ဖန် သဘက် ပြန်တည့်ကြတာမို့ ခုချိန်ထိ နိုင်ငံရေးသမားချင်း ခေါ်ပြော၊ ဝင်ထွက်မပျက် ခင်ခင်မင်မင် ဆက်ဆံကြတာ တွေ့နေရ သားဘဲ၊ အတုယူစရာတောင် ကောင်းပါသေးတယ်ဗျာ။ တိုင်းပြည်ခေါင်းဆောင် ဖြစ်ထိုက်တဲ့ လူကြီးလူကောင်း ဆိုတာ ဒါမျိုးပါ၊ လွန်ခဲ့တဲ့ အနှစ်ငါးဆယ်အတွင်း နိုင်ငံရေး လောကမှာ ဘယ်သူက ဘယ်လို အကျင့် စာရိတ္တ ပျက်တယ်၊ ဘယ်သူကတော့ နိုင်ငံရေးလုပ်လို့ သူဌေးဖြစ်သွားတယ် ဆိုတာလဲ မကြားမိပါဘူး။ စာရိတ္တပိုင်းမှာ သန့်ရှင်း စင်ကြယ်ကြပါတယ်။ ပါတီတွေ များတာ၊ အဖွဲ့အစည်းတွေ များတာ ဘာဖြစ်လို့လဲ အားတောင် ပေးရဦးမယ်။ ကျွန်တော်တော့ ကြိုက်တယ်။ မြန်မာ့တပ်မတော် မှာသာ လုပ်ပိုင်ခွင့်အာဏာ ယူထားတဲ့ အနှစ်ငါးဆယ် အတွင်း ဘယ်လောက် အကျင့်ပျက် ချစား သွားခဲ့သလဲ၊ အရေးယူ အပြစ်ပေး ခံခဲ့ရတဲ့ တပ်မတော်သား ဘယ်လောက် ရှိခဲ့သလဲ၊ လူ ၅၀၀၀ ထက်တော့ မအောက်ဘူး ထင်ပါတယ်။

တပ်မတော် ကွဲတာကတော့ တယောက်နဲ့ တယောက် အသေအကြေ လုပ်ကြတာမို့ တိုင်းပြည်လည်း နာပါတယ်။ သူတို့လဲ နာပါတယ်။ သစ္စာဆိုထားတဲ့ ရဲဘော်ရဲဘက် တိုက်ဖေါ်တိုက်ဖက် စစ်ဗိုလ်ကြီးတွေ နိုင်ငံရေး ဝင်လုပ်ကြခါမှ တစ်ယောက်နဲ့ တစ်ယောက် အာဏာလုကြရင်း၊ စားခွက်လုကြရင်း အလွန်အကျွံ လုပ်ခဲ့ကြတာ။ ခုပြန်တွေ့ကြရင်တောင် တစ်စားပွဲထဲ မထိုင်နိုင် မခေါ်နိုင် မပြောနိုင် ဖြစ်နေတာ မြင်ရတော့ တရား ကျမိပါတယ်။ အော် - စစ်ဗိုလ်ကြီးတွေ တရားမရှိ လူကြီးလူကောင်း မဆန်သေးဘူး၊ နိုင်ငံရေးသမား တွေကို အတုယူဖို့ ကောင်းနေပါပကော၊ မြန်မာ့ တပ်မတော်တွင်းမှာ ကွဲတာ ပြဲတာတွေကို ရေးပြရရင် အရှည်ကြီး ပါဘဲ၊ ဇတ်လမ်းတွေလည်း အများကြီးဘဲ၊ သူလဲ မြန်မာ ဗျည်း၃၃လုံးတော့ အသာလေး ကုန်တယ်၊ အခန်းဆက် ရေးလို့ရတယ်။ အစိုးရ အဆက်ဆက် တကယ်ဖြစ်ခဲ့တဲ့ အဖြစ်အပျက်တွေကို အမှန်အတိုင်း ရေးခွင့်မပေး၊ ပြောခွင့်မပေး၊ ဖတ်ရှုခွင့် မပေးလို့ လူတွေ သေချာ မသိကြဘူး။ ရွှေဝါဆပ်ပြာ တသေတ္တာ၊ ဒူးယား စီးကရက် တစ်တောင့်နဲ့ ရာထူးတွေပြုတ်၊ နှစ်ရှည် ထောင်တွေ ကျကြနဲ့ ကျော်မကောင်း ကြားမကောင်း ဇာတ်လမ်းတွေ ရှိရဲ့သားနဲ့ ဘာမှမဖြစ်ခဲ့သလို နိုင်ငံရေး သမားတွေ ကွဲပြဲတဲ့ အကြောင်းပဲ တဘက်သတ် ပြောပြောနေတော့ လူတွေက ရယ်ချင်တယ်။ ကျွန်တော်တို့ မြန်မာ့ တပ်မတော် သမိုင်းကိုလည်း နည်းနည်းလောက် ပြန် လေ့လာ ကြည့်ကြပါအုံး။ အစ ဖေါ်ပေးပါ့မယ်။

မြန်မာ့တပ်မတော် စတည်ထောင်တဲ့ ရဲဘော်သုံးကျိပ် ဂျပန်မှာ စစ်သင်တန်း တက်ကြစဉ် ကတည်းက စလို့ သခင်အောင်ဆန်း ခေါင်းဆောင်တဲ့ သခင်မြအုပ်စု (ဂျပန်ကြည်းတပ် recruit) နဲ့ သခင်ရှုမောင် (ဗိုလ်နေ၀င်း) ခေါင်းဆောင်တဲ့ သခင်ဗစိန်အုပ်စု (ဂျပန်ရေတပ် recruit) တို့ စစချင်းမှာ ကွဲတယ်၊ မတည့်ကြဘူး ဆိုတာ မမှီလိုက်ပေမဲ့ ကြားဖူးပါတယ်။ အဲဒီကတည်းက မျိုးစေ့ မမှန်ခဲ့ဘူး ပြောရမယ်။

ဂျပန်အပြေးမှာ ဗိုလ်ချုပ်နေ၀င်းနဲ့ သူ့တပည့် ဗိုလ်မှုးချုပ်အောင်ကြီးတို့ နှစ်ယောက်ထဲနဲ့ ရန်ကုန်သိမ်းပြီ သူ့ကိုယ်သူ စစ်ဦးစီးချုပ်လို့ ကမ္ဘာကို လက်မှတ်ထိုး ကြေညာတဲ့ ကိစ္စမှာ ဗိုလ်ချုပ် အောင်ဆန်းဟာ စိတ်အလွန်ဆိုးပြီး ဗိုလ်နေဝင်းကို တပ်မတော်က ထုတ်ပယ် လိုက်ပါတယ်။ ဗိုလ်နေဝင်း တပ်က ထုတ်ခံရပြီး ရွှေတောင်ကြားထဲက တောရမှာ ဘုန်းကြီးသွားဝတ်နေတယ်လို့ ဖတ်ဘူးပါတယ်။ ဗိုလ်မှုးချုပ် အောင်ကြီး ငိုပြကောင်းလို့ ဗိုလ်ချုပ်အောင်ဆန်းက သနားသွားပြီး ရာထူးပြန်ရတာပါ။ ခုခေတ်မှာဆို အုပ်စုတစ်စုလုံး စစ်စည်းကမ်း မလိုက်နာမှုတွေ တသီကြီးနဲ့ဖမ်း ထောင်ထဲထည့် လိုက်ရုံပါဘဲ၊ ဗိုလ်ချုပ်နေဝင်းသာဆို ဒီလို လုပ်မှာပါ။ ကံကောင်းတယ် ဗိုလ်ချုပ် အောင်ဆန်းဟာ လက်အောက်ငယ်သား အပေါ် ဒီလို လုပ်တတ်တဲ့ ခေါင်းဆောင် မဟုတ်ပါဘူး။ ဒါပေမယ့်- ဗိုလ်ချုပ် အောင်ဆန်းတို့ ဗိုလ်လက်ျာတို့ မရှိတဲ့ နောက်ပိုင်းမှာတော့ ဗိုလ်နေဝင်းတို့ အုပ်စုက ကျန်အုပ်စုကို ဆော်တော့တာ ပါဘဲ။ အဲဒီမှာ ကွဲတာပါဘဲ။ နောက်ပိုင်း မြန်မာ့တပ်မတော်ထဲမှာ ဗမာစစ်သားနဲ့ ကရင်စစ်သားကွဲကြ၊ ကချင်စစ်သားနဲ့ ဗမာနဲ့ကွဲ၊ ရှမ်းစစ်သားလဲ ဗမာနဲ့ကွဲ၊ ဗမာစစ်သားချင်းလဲ မိန်းမကိစ္စနဲ့ မတည့်ရင်တောင် ဦးတဲ့လူက ကွန်မြူနစ်လို့စွပ်စွဲ ထသတ်ကုန်ကြ၊ ပြိုကွဲကြ။ တောခိုကြ၊ ပြည်တွင်းစစ်ဖြစ်နဲ့ တိုင်းပြည် နစ်နာခဲ့တာ အသေးစိပ် ရေးပြရရင် အရှည်ကြီးပါ။

ကျွန်တော်တို့ မှီလိုက်တဲ့ တပ်မတော်သားတွေ နိုင်ငံရေး ဝင်လုပ်လို့ ဖြစ်ကြတဲ့ အကွဲအပြဲတွေကတော့ တော်လှန်ရေးကောင်စီ ခေတ်ကစလို့ ဗိုလ်အောင်ကြီးနဲ့ ဗိုလ်တင်ဖေ၊ ဦးဘငြိမ်တို့ အကွဲအပြဲ၊ ဗိုလ်စောမြင့် နဲ့ ဗိုလ်စန်းယု ၁၀၀တန် ငွေစက္ကူ အကွဲအပြဲ၊ ဗိုလ်ချုပ်တင်ဦး၊ ဗိုလ်လှဖေ၊ အုန်းကျော်မြင့်၊ သိန်းဝင်း တို့နဲ့ ဗိုလ်နေ၀င်း၊ မျက်မှန်တင်ဦး အာဏာသိမ်း သတ်ပစ်ဖို့ လုပ်တဲ့အကွဲ၊ သခင်သန်းထွန်း တောတွင်း ကွန်မြူနစ်လိုပဲ ပါတီသန့်စင်ရေး ဖြုတ်ထုတ်သတ်လို့ ခေါ်တဲ့ ဗိုလ်ကျော်ဇော၊ ဗိုလ်ထွန်းလင်းနဲ့ ဗိုလ်သန်းစိန် တင်ဝင်းညို အကွဲအပြဲ၊ ဗိုလ်တင်ဦး၊ ဗိုလ်ဘိုနီ၊ ဗိုလ်ကြည်ဆွေ၊ ဗိုလ်ကံညွန့်၊ ဗိုလ်တင်မြင့် အုပ်စုကို ဗိုလ်လေးမောင်တို့ အုပ်စုက ဆော်ထဲ့လိုက်တဲ့ တိုရှည်ကုလားမ အကွဲအပြဲ၊ ရူးတယ်ဆိုပြီး လုပ်ခံရလို့ ဗိုလ်စောမောင် မိန်းမကြီး လုံချည်“မ” ပြီး စစ်ရုံးပေါ် တက်လာလို့ အားလုံး ပုန်းနေရတဲ့ ဗိုလ်စောမောင်နဲ့ ဗိုလ်သန်းရွှေ အကွဲအပြဲ၊ ဗိုလ်ထွန်းကြည်၊ ဗိုလ်ကျော်ဘ၊ မြင့်အောင်၊ သိန်းဝင်း၊ အောင်ရဲကျော်၊ မျိုးညွန့် တို့ နဲ့ စူပါမင်း ဗိုလ်ခင်ညွန့်တို့ ဆယ့်သုံးယောက်နဲ့တစ်ယောက် ချကြတဲ့ အကွဲအပြဲ၊ သေတဲ့အထိ ထောင်သက်မကုန် ထောင်ထဲက မထွက်ရအောင် အနှစ် ၁၀၀-၂၀၀ချခံရတဲ့ ဗိုလ်ခင်ညွန့်၊ ဗိုလ်မြင့်ဇော်၊ ဗိုလ်သန်းထွန်း ဗိုလ်သိန်းဆွေ တို့ ကို ဗိုလ်မောင်အေးနဲ့ ရွှေမန်းတို့အဖွဲ့က သမတဲ့ တပ်မတော်ထောက်လှမ်းရေးက အရာရှိ ၂၀၀ကျော်၊ အခြားဆင့် ၂၀၀၀ကျော် စတေးလိုက်ရတဲ့ ရွှေမူဆယ် အကွဲ၊ ကဲ - ဗြည်း သုံးဆယ့်သုံးလုံး ကုန်ပလား။

နိုင်ငံရေးသမားတွေ ကွဲတယ်ဆိုတာ ဘာဟုတ်သေးလဲ ဆရာလေးတို့၊ တပ်မတော်က နိုင်ငံရေး ဝင်လုပ်မှ ရာနဲ့ထောင်နဲ့ ချီပြီး အကုန်လုံး ထုတ်ကြပြုတ်ကြ ထောင်တွေချကြနဲ့ အာဏာလုကြ အပြုတ် နှံကြတာလေ။ ဇတ်တူသားချင်း၊ တပ်မတော်သားချင်း၊ ရဲဘော်ရဲဘက် ချင်းမို့ အသားကုန် တွယ်တာ၊ စာရိတ္တ ပျက်ပြားမှု၊ ပြည်သူပိုင် ပစ္စည်းခိုးမှု၊ အလွဲသုံးစားမှု၊ လဒ်စားမှု တွေနဲ့ ကြောက်စရာ လန့်စရာ ကောင်းအောင် သေဒဏ်နဲ့ တသက်တကျွန်း ပြစ်ဒဏ်တွေချည်းဘဲ ချခံခဲ့ကြရတယ်။ တပ်မတော်သားတွေ နိုင်ငံ အုပ်ချုပ်ရေးထဲ ၀င်ပါဖို့ အရည်အချင်း မပြည့်စုံဘူး ဆိုတာ ပြတဲ့သက်သေဘဲ။

မနေ့တနေ့ကပဲ တပ်မတော်ထဲမှာ ယောက်ျားတွေ ထောင်ကျ၊ မိသားစုတွေ ထမင်းအိုးကွဲ၊ သားတကွဲ မယားတကွဲ၊ မိန်းမတွေ ဗေဒင်ဆရာဘိုးတော် နောက်လိုက်၊ ကလေးတွေ ရှက်လို့ ကျောင်းတောင် လာမတက်ရဲနဲ့ မျက်ရည်ပေါက်ကြီးငယ်ကျခဲ့ရတဲ့ နှလုံး နောက်စရာ အကွဲအပြဲတွေ တပ်မတော်ထဲမှာ ဖြစ်ခဲ့ပါတယ်။ တပ်မတော်သားချင်း လုပ်ခဲ့ပါတယ်၊ နိုင်ငံရေး သမားချင်း ဒါမျိုး လုပ်တယ်လို့ ကြားဖူးလား၊ “ဘယ်သူခွဲခွဲ တို့မကွဲ အမြဲ စည်းလုံးမည်” ဆိုတဲ့ တပ်မတော် ဆောင်ပုဒ်ကို “ဘယ်သူခွဲခွဲ တို့မကွဲ တို့ဟာတို့ ခွဲမည်“ လို့ လူတွေက အပြောင်အပျက် ပြောကုန်ကြပြီ။

ဒါ မြန်မာပြည်မှာ လူတိုင်းသိတဲ့ စိတ်ဝင်စားစရာ ပွဲကြီးပွဲကောင်း တွေပဲ ရှိသေးတယ်၊ လူမသိသူမသိတွေ၊ တစ်ယောက်ချင်း နှစ်ယောက်ချင်းတွေ အများကြီး ရှိသေးတယ်။ ဆော်ကြနှက်ကြတဲ့ အကွဲအပြဲ အသေးစိတ် တွေတော့ မရေးချင်လို့ မရေး တော့ပါဘူး။ ပြည်သူတွေက မြန်မာ့ တပ်မတော်ကို ကိုယ့် တပ်မတော်မို့ အားနာလို့၊ မပြောချင်လို့ ကြည့်နေတာ မသိဘူး မထင်ပါနဲ့၊ ကွဲပြဲကြတာ ပြည်သူတွေ သိပါတယ်၊ အားအားနေ သူများမျက်ချေး လိုက် လက်ညှိုးထိုး နေတာမျိုး မလုပ်ဘဲ တပ်မတော်သား ပီပီ ဂုဏ်သရေ ရှိအောင် နေတတ်ကြစမ်းပါ။ စည်းကမ်းပြည့်ဝ ခေတ်မှီဖွံ့ဖြိုး တိုတက်သော ဒီမိုကရေစီ နိုင်ငံတော်ကြီးကို ပြည်သူနဲ့ လက်တွဲ တည်ဆောက်ချင်ရင် xxxx စိတ်တွေ ဖျောက်ကြစမ်းပါ လို့ ပြောချင်တာပါ။

စေတနာဖြင့်၊

ကိုဂျူး
ပိတောက်မြေက ဆောင်းပါးတပုဒ်ပါ အများ သိစေရန် ကူးယူဖော်ပြပါတယ်

http://padaukmyay.blogspot.com/2009/09/blog-post_24.html

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်