Friday, September 25, 2009

အီရန်နိုင်ငံနှင့် စစ်ပွဲဆင်နွှဲရန်အသင့်ဟု အစ္စရေးနိုင်ငံခြားရေးဝန်ကြီးပြောကြား

MMIC
အစ္စရေးတို့အနေဖြင့် အီရန်နိုင်ငံကို တိုက်ခိုက် မှုများ ပြုလုပ်မည်မဟုတ်ဟု ရုရှားနိုင်ငံက ပြောကြား ထားမှုအား အစ္စရေးဘက်က ငြင်းဆို လိုက်သည်။ မိမိတို့အနေနှင့် လိုအပ်ပါက အီရန် အား စစ်ရေးအရ အရေးယူသွားရန် အသင့်ရှိ ကြောင်း အစ္စရေး ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဒင်နီအေယာလွန်က Reuters သတင်းဌာနသို့ ပြောကြားခဲ့သည်။ ရုရှားသမ္မတ ဒီမီထရီ မက်ဗီ ဒက်ဗ်က အစ္စရေးသမ္မတ ရှီမွန်ပီရက်စ်သည် အီရန်ကို တိုက်ခိုက်ရန် စိတ်ကူးမရှိပါဟု မိမိအား ပြောဆိုထားကြောင်း ပြီးခဲ့သည့် သီတင်း ပါတ် ကုန်က ထုတ်ဖော်ပြောကြား ခဲ့သော်လည်း အေယာလွန်က ပယ်ချခဲ့သည်။ “စစ်မတိုက် ဘူးဆိုတဲ့ အာမခံချက်ကို ကျွန်တော်တို့ ပေး မထားပါဘူး။ ဒီလိုကတိပေး ရမှာလည်း ကျွန်တော် သဘောမကျဘူး။ ရုရှားသမ္မတ အနေနဲ့ အစ္စရေးကို ကိုယ်စားပြုပြီး ပြောဆို တာကို လက်ခံပေမယ့် ဒီကိစ္စအတွက် ကျွန်တော် တို့တွေ အတိ အကျ ဘာမှမဆုံးဖြတ်ရသေးဘူး ဆိုတာကိုတော့ သိစေချင်ပါတယ်” ဟု အေယာ လွန်ကဆိုသည်။ အေယာလွန်၏ စကားကို ပြန်လည် ကိုးကားပြီး အစ္စရေးတပ်မတော်မှ ဗိုလ်ချုပ်ဂါဘီအက်ရှ်ကန်နက်ဇီကလည်း “အစ္စရေးဟာ ကိုယ့်နိုင်ငံ ကိုယ်ကာကွယ်ဖို့ အပြည့်အ၀ အခွင့် အရေးရှိပါတယ်။ ဒီအတွက် ဘာမဆို လုပ်သွားရပါမယ်”ဟု တပ်မတော် အသံလွှင့်ဌာနမှတဆင့် ပြောကြားခဲ့သည်။


၎င်းက အီရန်သာ နျူကလီးယား ပိုင်ဆိုင်လာခဲ့ပါက အစ္စရေးအပြင် အရှေ့အလယ်ပိုင်း ဒေသတစ်ခုလုံးရော၊ ကမ္ဘာတ၀ှမ်းရှိ ဂျူးများအတွက်ပါ ကြောက်စရာ အကောင်းဆုံး ခြိမ်းခြောက်မှုနှင့် ရင်ဆိုင်ရလိမ့်မည်ဟု သတိပေးခဲ့သည်။ “လောလောဆယ်တော့ အီရန်ကို နိုင်ငံတကာ ပိတ်ဆို့မှုတွေ လုပ်နေရုံလောက်ဟာ အကောင်းဆုံး နည်းလမ်းဆိုတာ လက်ခံထားပါတယ်။ အီရန်ကလည်း ဒါကိုသဘောပေါက်ပြီး သူတို့ရဲ့ နျူကလီး ယား စီမံကိန်းကို စွန့်လွှတ်လိုက်ဖို့ လိုပါတယ်။ အဲလိုမှ မဟုတ်ဘူးဆိုရင်တော့ အစ္စရေးအတွက် ရွေးစရာ လမ်းများများစားစား မရှိတော့ ပါဘူး။ ကိုယ့်နိုင်ငံရဲ့ ရပ်တည်ချက်အတွက် ဖြစ်နိုင်သမျှ နည်းလမ်းတိုင်းကို သုံးသွားရမှာပါပဲ။ အစ္စရေးရဲ့ လက်နက်ကိုင် တပ်ဖွဲ့တိုင်းဟာ ဖြစ်လာနိုင်တဲ့ အခြေအနေတိုင်းအတွက် အမြဲတမ်း တပ်လှန့်အသင့်ပြင်ထားတာပါ။ ကျွန်တော်တို့ လုပ်သင့်တာကို လုပ်သွားဖို့ လက်နှေး နေမှာ မဟုတ်ပါဘူး”ဟု အက်ရှ်ကန်နက်ဇီက ပြောကြားသွားသည်။ ရုရှားသမ္မတ မက်ဗီဒက်ဗ်ကမူ ကရင်မလင်နန်းတော်တွင် CNNနှင့် အင်တာဗျူးအတွင်း အစ္စရေးက အီရန်ကို တိုက်ခိုက်ခဲ့ပါက ထွက်ပေါ်လာမည့် ဘေးထွက်ဆိုးကျိုးများအတွက် စိုးရိမ်မိကြောင်း ၀န်ခံ ပြော ဆိုသွားခဲ့သည်။ “ဒါပေမယ့် ကျွန်တော့်ရဲ့ အစ္စရေးမိတ်ဆွေတွေက သူတို့ဟာ အီရန်ကိုတိုက်ဖို့ မပြင်ထားပါဘူးလို့တော့ ပြောပါတယ်။ သမ္မတ ပီရက်စ်ကလည်း အစ္စရေးဟာ ငြိမ်းချမ်းတဲ့နည်းနဲ့ အီရန်အရေးကို ဖြေရှင်းချင်တဲ့အကြောင်း၊ အီရန်ကိုဦးတည်ပြီး ဘယ်လို စစ်ဆင် ရေးမှ မလုပ်ပါဘူးဆိုတဲ့အကြောင်း ကျွန်တော့်ကို ပြောထားပါတယ်”ဟု ပြောကြားထားပြီး ယခုအခါ ယင်းကိစ္စကို အစ္စရေးက တုန့်ပြန်ငြင်း ဆန်လိုက်ခြင်းဖြစ်သည်။

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်