Tuesday, September 15, 2009

နအဖ ကို တစ်ပြည်နယ်လုံး ထောက်ခံမယ်သာပြော ဘိန်းချက်စက်ရုံပါ နိုင်ငံတော်ပိုက်ဆံနဲ့ ဆောက်ပေးအုံးမှာ

၂၀၁၀ ပွဲအား ထောက်ခံနိုင်ရန် ဒေသခံများ ဘိန်းစိုက်ခွင့် ပိုမိုရရှိလာ

ကန္တာရ၀တီတိုင်း(မ်)/ စက်တင်ဘာ ၁၄၊ ၂၀၀၉

၂၀၁၀ ရွေးကောက်ပွဲနှင့် နီးကပ်လာသည့်အတွက်ကြောင့် ရှမ်း-ကရင်နီနယ်စပ်ဒေသဘက်တွင် ဘိန်းစိုက်ပျိုးမှုကို ယခင်နှစ်များထက် ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးခွင့်များ ရရှိလာကြသည်ဟု ဘိန်းစိုက်ပျိုးသော ဒေသခံများက ပြောသည်။

ရှမ်း-ကရင်နီနယ်စပ်ဒေသဘက်တွင် အခြေစိုက်နေကြသော စစ်အစိုးရတပ်များကို ဒေသခံများမှ နှစ်စဉ်နှစ်တိုင်း လာဘ်ထိုးခြင်းဖြင့် ဘိန်းစိုက်ပျိုးခွင့်များကို အတိုင်းအတာတခုထိ ရရှိခဲ့ကြပြီး ၂၀၀၈ ခုနှစ် ဆန္ဒခံယူပွဲကို ဒေသခံများက ထောက်ခံမဲများ

ပေးခဲ့ကြသည့် အတွက်ကြောင့် ယခုနှစ် ဘိန်းတိုးချဲ့စိုက်ပျိုးနှုန်းမှာ ယခင်နှစ်ထက် နှစ်ဆတိုးစိုက်ပျိုးခွင့်များ ရရှိနေခြင်း ဖြစ်သည်။

“လာမယ့် ၂၀၁၀ မှာ ရွေးကောက်ပွဲ ရှိတဲ့အတွက် ဘိန်းစိုက်တဲ့လူများ အခွင့်သာနေတဲ့ အချိန်လည်း ဖြစ်တယ်” ဟု ကာလကြာရှည်စွာ ဘိန်းစိုက်ပျိုးနေသော ရှမ်း-ကရင်နီနယ်စပ်မှ ဒေသခံတဦးက ပြောသည်။

ရှမ်းပြည်တောင်ပိုင်း အနောက်ကယန်းဒေသနှင့် ကရင်နီမြောက်ပိုင်းနယ်စပ်ဒေသများမှ ဘိန်းစိုက်ပျိုးခွင့်များ ရရှိသော ဒေသေခံများမှာ စားဝတ်နေရေး ပြေလည်မှု ရှိသော်လည်း ဘိန်းစိုက်ပျိုးမှု၌ ပါဝင်ပါတ်သက်မှု မရှိသော ဒေသခံများမှာ စားဝတ်နေရေး ကြပ်တည်းမှုနှင့် ရင်ဆိုင်နေကြရသည်ဟု အဆိုပါဒေသသို့ သွားရောက်လေ့လာသော ကန္တာရ၀တီတိုင်း(မ်) အလွတ်သတင်းထောက်တဦးက ပြောသည်။

ဘိန်းစိုက်ပျိုးသူတို့မှာ ဒေသခံအာဏာပိုင်များကို တနှစ်လျှင် ကျပ်သိန်းပေါင်း ရာနှင့်ချီ၍ လာဘ်ထိုးပေးနေရပြီး ဘိန်းစိုက်ပျိုးခြင်းမှ ရရှိလာသော အမြတ်အစွန်းတို့ကိုလည်း ဒေသတွင်းရှိ အပစ်ရပ်အဖွဲ့အစည်းများနှင့် နီးစပ်သူများသာ အကျိုးခံစားခွင့် ရကြသည်ဟု ဆိုသည်။

နေပြည်တော်မှ ဘိန်းစိုက်ပျိုးမှု ပပျောက်ရေးနှင့် ချစားလာဘ်စားသော အရာရှိများကိုလည်း အလုပ်ဖြုတ်မည် ဆိုသည့်အမိန့်များ ဘိန်းစိုက်ဒေသအတွင်းသို့ ဖြန့်ထားသော်လည်း ဒေသတွင်းရှိ စစ်ဗိုလ်များမှာ ဘိန်းစိုက်သူများထံ ပိုက်ဆံ လိုက်ကောက်နေဆဲရှိသည်။

“နအဖစစ်တပ်အဖွဲ့များက ယခုနှစ်ပိုင်းအစောက ဒေသခံ ဘိန်းစိုက်တဲ့ လူထုများကို လိုက်လံ ပိုက်ဆံ တောင်းခံနေတယ်” ဟု ဘိန်းစိုက်သော ဒေသခံတဦးက ပြောပါသည်။

ရှမ်းပြည်တောင်ပိုင်းနှင့် ကရင်နီမြောက်ပိုင်းနယ်စပ်ဒေသများသည် မြန်မာနိုင်ငံတွင် ဘိန်းစိုက်ပျိုးမှု အများဆုံး ဒေသဖြစ်ပြီး ပြီးခဲ့သည့် ၂၀၀၈ ခုနှစ် ဆန္ဒခံယူပွဲကို ဘိန်းစိုက်ပျိုးခွင့်များ ရရှိသည့်အတွက် ထောက်ခံမဲ အများဆုံး ပေးခဲ့သော ဒေသဖြစ်သည်ဟု သိရသည်။

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်