Friday, September 4, 2009

နှလုံးသားမှာ ရေးထိုးထားရမယ့် မော်ကွန်းကျောက်စာ

        မြန်မာတွေရဲ့ ဆယ့်နှစ်လရာသီတွေထဲက “တော်သလင်းလ” ဒီလဟာ မြန်မာပြည်မှာ ရာသီဥတု ကောင်းမွန်ပြီး မြစ်အတွင်းလှိုင်းလှေ မရှိဘဲ ရေပြင်ဟာ ရှင်းသန့် ကြည်လင်နေတာကြောင့် “တော်သလင်းလ မြစ်တွင်း သင်ဖြူးခင်း” လို့တောင် မြန်မာစာဆိုရှိခဲ့ ပါရောလား။ ရှေးမြန်မာဘုရင်များ လက်ထက်ကတော့ တော်သလင်းလရောက်ပြီဆို မြစ်အတွင်း လှေလှော်၊ လှေပြိုင်ပွဲတွေကို တခမ်းတနားနဲ့ကို ဆင်ယဉ်ကျင်းပပြုလုပ်ခဲ့ကြတာ သမိုင်းရာဇ၀င်တွေမှာ အထင်အရှားတွေ့မြင်ကြရမှာပါ၊ နှစ်တနှစ်ရဲ့ ကိုးလမြောက် မြန်မာအခေါ် တော်သလင်းလဟာ မြစ်အတွင်း လှိုင်းလေကင်းစင်လို့ ရေပြင်ဟာကြည်လင်ရှင်းသန့်နေတာကြောင့် လှေပြိုင်ပွဲတွေ ကျင်းပပြုလုပ်ခဲ့တဲ့ လလို့ဘဲ သတ်မှတ်ခဲ့ပေမယ့် ပြောင်းလှဲစီးဆင်းနေတဲ့ သမိုင်းရေစီးကြောင်း အလျှောက် စက်တင်ဘာလဟာ မြန်မာတွေအတွက် မြန်မာ့သမိုင်းမှာ မေ့ပျောက်လို့ မရနိုင်လောက်အောင် သမိုင်းတွင်ခဲ့တဲ့ လတလ ကြေကွဲဝမ်းနည်းမူတွေနဲ့ ပြည့်နှက်ခဲ့တယ်လို့ ထပ်လောင်း ဖြည့်စွက်ရမယ့်လတစ်လလို့ ပြောရင်လွန်အံ့မထင်ပါ။   
               သမိုင်းကိုပြန်ကြည့်ရင် မြန်မာတွေဟာ တကောင်းအဘိရာဇာ၊ သရေခေတ္တရာ၊ ပုဂံ၊ မြင်စိုင်း၊ စစ်ကိုင်း၊ပင်းယ၊ အင်းဝ၊ ကုန်ဘောင်၊ အမရနှင့် မန္တလေးရတနာပုံ နေပြည်တော်နောက်ဆုံး မင်းဆက်ဖြစ်ခဲ့တဲ့ သီပေါမင်းဘုရင် လက်ထက်အထိ ကိုယ့်ထီးကိုယ်နန်းနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခဲ့တဲ့ သမိုင်းအစဉ်အလာရှိခဲ့ပြီး မြန်မာဆိုတာ လွပ်လပ်တဲ့ အမျိုးရယ်လို့ မြန်မာလူမျိုးတိုင်း ထင်မှတ်ထားကြသလို လွတ်လပ်မူတွေကို တားဆီးပိတ်ပင်လာရင် ဘယ်သူ့ကိုယ်မှ ခေါင်းငုံ့မခံတတ်ကြတာ၊ ရှိသမျှခွန်အားနဲ့ ပြန်လည် လက်တုံ့ပြန်တော်လှန်ခဲ့ကြတာ ခေတ်အဆက်ဆက်ကို ပြန်ကြည့်ရင် သိမြင်ကြရမှာပါ ၊ 
              ၁၈၈၆ခုနှစ်၊ ဇန်န၀ါရီလ၊၁ရက်နေ့မှစပြီး မြန်မာနိုင်ငံဟာ အင်္ဂလိပ်ကိုလိုနီ နယ်ချဲ့ရဲ့ ကျွန်ပြုခြင်းကိုခံခဲ့ရပြီး ၊ အမျိုးဘာသာ၊ သာသနာကိုပါ ကိုလိုနီနဲ့ချဲ့တွေက စော်ကားလာတာတွေကြောင့် ပြည်သူပြည်သားတွေ ဒုက္ခဆင်းရဲရောက်လာရင် ထေရ၀ါဒ ဗုဒ္ဓသာသနာ ထွန်းကားတဲ့ နိုင်ငံဖြစ်တဲ့ မြန်မာပြည်က ဘုန်းတော်ကြီးတွေ ရဟန်း သံဃာတော်တွေလည်း နိုင်ငံအတွက် ရတက်မအေး စိတ်မအေးနိုင်ကြတော့ကြတာကို ကျေးဇူးရှင် ဆီးဘန်နီ ဆရာတော်ဘုရားကြီးက "ထီးသုန်းနန်းသုဉ်း၊ မြို့သုဉ်းသုည၊ သုဉ်းသုံးဘ၀၌၊ ဖြစ်လာရပေ၊ တို့တတွေသည်၊ သေသော်မှတည့်- သြော်....ကောင်း၏” ဆိုပြီးလို့တောင် စပ်ဆိုညဉ်းတွားသွား၍ မဗာ့လွတ်လပ်ရေးကို တမ်းတတော်မူသွားခဲံ့သည်မဟုတ်ပါလား။
             မြန်မာတွေဟာ သူ့ကျွန်ဘ၀ကလွတ်မြောက်စေဖို့ နည်းမျိုးစုံနဲ့ တော်လှန်ခဲ့ကြသလို၊ မြန်မာတွေရဲ့ တော်လှန်ရေးအတွက် စည်းရုံးရေးအစဟာ ဘာသာရေးကလို့ တောင် ပြောလို့ရပါတယ်၊ အင်္ဂလန်ဘုရင်မ ၀ိတိုရိယက ၁၈၅၈ခုနှစ်မှာထုတ်ပြန်ခဲ့တဲ့ ဗြိတိသျှအင်ပါယာနိုင်ငံအတွင်းက အုပ်ချုပ်တဲ့ ပြည်သူတွေဟာ ဘာသာတရားကို လွတ်လပ်စွာ ကိုးကွယ်ခွင့်ရှိစေရမယ်ဆိုတဲ့ ကြော်ငြာစာတမ်းအရ ကိုလိုနီလက်အောက်မှာ ကျရောက်နေတဲ့ မြန်မာနိုင်ငံမှာ ၁၈၉၇ခုနှစ်မှစပြီး ဘာသာရေးအသင်းအဖွဲ့ တွေကို စတင်တင်ထောင်ခဲ့ ကြ ပြီး အဲဒီအထဲက ထင်ရှားတဲ့ အသင်းတချို့ကတော့ ၁၈၉၇ခုနှစ် မော်လမြိုင်မြို့က ရှေ့နေ ဦးသွင် ဦးစီးတည်ထောင်တဲ့ သာသနဓရအသင်း၊ ရှင်မဟာ ဗုဒ္ဓဃောသကျောင်း၊ ၁၈၉၇ခုနှစ်မှာ မန္တလေးမြို့က လက်ထောက်ပညာဝန် ဦးကျော်ရန် ဦးစီးတဲ့ ဗုဒ္ဓဘာသာကလျှာဏမိတ်တ္တအသင်း၊ ၁၉၀၂ခုနှစ်မှာ အင်္ဂလိပ်လူမျိုး ဗုဒ္ဓဘာသာရဟန်းတပါးက ဦးစီးတည်ထောင်တဲ့ အာသောကအသင်း၊ ၁၉၀၄ခုနှစ်မှာ ရန်ကုန်ကောလိပ်မှ ရန်ကုန်ကောလိပ် ဗုဒ္ဓဘာသာအသင်း၊ ၁၉၀၅ခုနှစ်မှာ မုံရွာမြို့ ကျေးဇူးရှင် လယ်တီဆရာတော်ဘုရားကြီးက ဦးစီးတည်ထောင်တဲ့ အဘိဓမ္မာသံခိပ်အသင်းတွေနဲ့ တခြားတခြားသော အသင်းတွေလည်းရှိခဲ့ကြသလို ဒီအသင်းတွေဟာ ဘာသာရေး၊ ပေါင်းသင်းဆက်ဆံရေး၊နှင့် ပညာရေးကို အဓိကအားပေးခဲ့တာဖြစ်ပြီး၊ မြန်မာနိုင်ငံဟာ အင်္ဂလိပ်ကိုလိုနီ စစ်ဖိနပ်အောက်မှာ နယ်ချဲ့ကိုလိုနီကို "သခင်"ထူးနေရတဲ့ ဘ၀မှာ လူထုစည်းရုံးရေးအတွက် နိုင်ငံရေးအဖွဲ့အစည်း မရှိလောက်အောင် ဖြစ်ခဲ့ရတဲ့ အချိန်အခါလည်း ဖြစ်နေတာကြောင့် ဘာသာရေး အသင်းအဖွဲ့တွေကသာ လူထုစည်းရုံးရေးကို စတင်လုပ်ဆောင် ခဲ့ကြရတာပါ
           အဲဒီနောက်ပိုင်းမှာတော့ မြန်မာ့သမိုင်းမှာ" နိုင်ငံရေးအစ ၀ိုင်အမ်ဘီအေ"ကလို့ သမိုင်းမှာ အထင်ကရဖြစ်ခဲ့တဲ့ အသင်းကို ၁၉၀၆ခုနှစ်မှာ တည်ထောင်ခဲ့ကြပြီး ဒီအသင်းဟာ ၀ိုင်အမ်စီအေလို့ခေါ်တဲ့ ခရစ်ယာန်ဘာသာလူငယ်များ အသင်းက ပေါင်းသင်းဆက်ဆံရေး၊ ပညာသင်ကြားရေး၊ ဘာသာတရားလေးစားမူတွေအတွက် ဟောပြောဆွေးနွေး ပွဲတွေအဆက်မပြတ် လုပ်ဆောင်နေမူကို ရန်ကုန်သက္ကသိုလ်ကျောင်းသားတွေက တွေ့မြင်ရကစလို့ မြန်မာတွေ နယ်ချဲ့လက်အောက်မှာ အောက်ကျနောက်ကျဖြစ်နေတာကို မခံစားနိုင်ကြတာမို့ ၀ိုင်အမ်စီအေကဲ့သို့ မြန်မာဗုဒ္ဓဘာသာအသင်း ဆိုတာလည်း ရှိရမယ်ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ ဖွဲ့စည်းတည်ထောင်ခဲ့ ကြတာဘဲဖြစ်ပါတယ်။
                   မြန်မာ့တော်လှန်ေ၇း ခေတ်အဆက်မှာ လှုပ်ရှားမူကိုဦးဆောင်ခဲ့ကြတာ ကျောင်းသားတွေက ဦးဆောင်လှုပ်ရှားခဲ့ကြတာ သမိုင်းရာဇ၀င်ရှိခဲ့သလို ရဟန်းတော်တွေမှာလည်း မြတ်ဗုဒ္ဓတရားရိပ်အောက်မှာ အေးချမ်းစွာ တရားဘာဝနာ ပွားများအားထုတ်ချင်ပါသော်လည်း ရဟန်းတော်တွေအတွက် သာသနာတော်မှာ အေးချမ်းစွာနေနိုင်ဖို့ အရေးဆိုတာကလည်း တိုင်းပြည်မှာနေထိုင်နေကြတဲ့ ဒကာဒကာမတွေက လူမူစီးပွားရေး အဆင်ပြေ ချောမွေ့နိုင်မှသာလျှင် ပစ္စည်းလေးပါးအတွက် ပြည့်စုံကုံလုံမူရှိအောင် လှူနိုင်တန်းနိုင်မည် ဖြစ်သလို၊ ဒကာဒကာမတွေတွေရဲ့ ဒုက္ခဆင်းရဲရောက်ရှိနေမူတွေ ပြည်သူပြည်သားတွေရဲ့ တိုင်းတပါး ကျွန်ဘ၀အောက်မှာ ဆင်းရဲမူဒဏ်ခံနေကြရတာ အမျိုး၊ ဘာသာ၊ သာသနာကိုထိပါးလာတာ ဟာလည်း ရဟန်းသံဃာတော်တွေအတွက်ပါ ရတက်မအေး စိတ်ပူပန်မူရှိလာကြ့ပီး နိုင်ငံအရေးမို့ မနေသာဘဲ အသက်တောင်စွန့်လွတ်ပေးဆပ်ခဲ့တဲ့ သာသနာ့အာဇာနည်တွေ မြန်မာသမိုင်းခေတ်အဆက်ဆက်မှာ အမြောက်အများ ပေါ်ထွက်လာခဲ့ကြ ဘူးပါတယ်၊ အဲဒီထဲမှာမှ အထင်ရှားဆုံးဖြစ်ခဲ့တဲ့ ရှင်ဥတ္တမ(စလင်း)၊ ရှင်ဥတ္တရ၊ ဦးဥတ္တမ(ရခိုင်ဆရာတော်)၊ ဦးဝိစာရ၊ ယနေ့ခေတ်ဘက်မှာတော့ အရှင်ဂမ္ဘိရတို့လို ရဟန်းတော်တွေဟာ နိုင်ငံအတွက် အမျိုး၊ဘာသာ၊ သာသနာတော်အတွက် မိမိတို့ အသက်ကိုပင်စွန့်လွတ်စွန့်စား၍ ထောင်သွင်းအကျဉ်းချခံ ရင်း ဖိနှိပ်သူ အာဏာရှင်တွေကို တော်လှန်ခဲ့ကြတဲ့ ရဟန်းအာဇာနည် ပုဂ္ဂိုလ်ထူးတွေအဖြစ် ထင်ရှားကျော်ကြားခဲ့ကြတယ်။
အဲဒီထဲမှာမှ ထူးထူးခြားခြား သတိပြုမိတာက စက်တင်ဘာလဟာသံဃာအာဇာနည်တွေ ဖြစ်တဲ့ မြန်မာနိုင်ငံ လွတ်လပ်ရေးရဲ့ မီးရှူးတန်ဆောင် (၀ါ) မြန်မာတမျိုးသားလုံး အတွက် နိုင်ငံရေး အသိအမြင်တွေ နိုးကြားလာအောင် ကျိုးစားဆောင်ရွက်တော်မူခဲ့တဲ့ ဆရာတော် ဦးဥတ္တမဟာ ဒုတိယကမ္ဘာစစ်ကြီး စတင်တဲ့ ၁၉၃၉ ခုနှစ် စက်တင်ဘာလ (၉) ရက်နေ့ သက်တော် (၆၀) ပြည့်ချိန်တွင် ပျံလွန်တော်မူခဲ့သလို။ ယခု ၂၀၀၉ခုနှစ်၊ စက်တင်ဘာလ၊ (၉)ရက်နေ့ဆိုလျှင် ဆရာတော်ပျံလွန်တော်မူခဲ့တာ အနှစ်(၇၀) တင်းတင်းပြည့်မြှောက်ခဲ့ပါပြီ။ အင်္ဂလိပ်နယ်ချဲ့လက်အောက်မှာ အမျိုး၊ ဘာသာ၊ သာသနာတော်အတွက် ထောင်အတွင်း ဆွမ်းမစားဘဲ ၁၆၆ရက်တိုင် အစာငတ်ခံ ဆန္ဒပြခဲ့တဲ့ သာသနာ့အာဇာနည် ဆရာတော်အရှင်ဦးဝိစာရ ဟာလည်း ၁၉၂၉ခုနှစ်၊ စက်တင်ဘာလ၊ (၁၉)ရက်နေ့မှာ ထောင်အတွင်း ပျံလွန်တော်မူသွားခဲ့တာဖြစ်ပြီး ၂၀၀၉ခုနှစ် စက်တင်ဘာလ (၁၉)ရက်နေ့ဆိုရင် ၈၁နှစ်မြောက်တိုင်ခဲ့ပါပြီ၊ (ဆရာတော်ဦးဥတ္တမရဲ့ သမိုင်းဖြစ်စဉ်တွေနဲ့ နှစ်ပတ်လည်အခမ်းအနားတွေကို ရခိုင်လူမျိုးတွေက ထိမ်းသိမ်းစောင့်ရှောက်ပြီး နှစ်ပတ်လည်အခမ်းအနားတွေကိုလည်း ဦးစီးပြီး နေရာဒေသတော်တော်များများမှာ ကျင်းပပြုလုပ်တာ သမိုင်းအမွေကို ထိမ်းသိမ်းရာရောက်တာမို့ ပိတီဖြစ်မိပါတယ်၊ မြန်မာသမိုင်းမှာ ရဲရဲတောက် အာဇာနည်ရဟန်းတော်တပါးဖြစ်ခဲ့တဲ့ အရှင်ဦးဝိစာရနဲ့ပတ်သက်လို့တော့ ယနေ့မျက်မှောက်ခေတ်မှာ မြန်မာတွေဘာတခုမှ လုပ်မပေးခဲ့တာ၊ အင်တာနက်စာမျက်နှာအချို့မှာ တက်နေတဲ့ ဆရာတော်သမိုင်းအချက်အလက်တွေတောင် မှားယွင်းပြီး ပြည့်စုံမူမရှိတာတွေတွေ့နေရတာ ၀မ်းနည်းစရာပါဘဲ၊ 
စက်တင်ဘာသံဃာလှုပ်ရှားမှူ 
         မြန်မာတွေဟာ အင်္ဂလိပ်ကိုလိုနီနယ်ချဲ့ ၊ ဖက်ဆစ်ဂျပန်တို့ရဲ့ ကျွန်ဘ၀အောက်မှာ ခါးသီးစွာ ကျွန်ဘ၀ကိုခံစားခဲ့ ပြီး တိုင်းတပါးကျွန်ဘ၀မှ လွတ်မြောက်လို့ လွတ်လပ်တဲ့ မြန်မာရယ်လို့ ဂုဏ်ယူဝံ့ကြွားမယ်မကျန်သေး ကိုယ့် အမျိုးသားချင်းရဲ့ ကျွန်လိုအုပ်ချုပ် တာကိုခံခဲ့ရသလို တိုင်းတပါးနယ်ချဲ့တွေ အုပ်စိုးစဉ်ကတောင် ကျွန်ဘ၀ဖြင့် အတိုင်းအတာတစ်ခုထိ လွတ်လပ်ခွင့် ရခဲ့သေးသော်လည်း မြန်မာစစ်ဝါဒီတွေက အုပ်ချုပ်မင်းလုပ်ခါမှ လွတ်လပ်ခွင့် တခါးတွေ အကုန်ပိတ် နှောင်ကြိုးအထပ်ထပ်တွေနဲ့ လူတယောက်ရဲ့ မွေးရာပါ လူအခွင့်ရေးတွေဖြစ်တဲ့ လွတ်လပ်စွာ ပြောဆိုခွင့်၊ လွတ်လပ်စွာ ရေးသားခွင့် ၊ လွတ်လပ်စွာ သွားလာခွင့်၊စည်းရုံးခွင့်တွေအကုန် ပျောက်လို့ ခေတ်သစ် ကျွန်ဘ၀အောက်မှာအနှစ် ၄၅နှစ်လုံးလုံးခံစားခဲ့ရပါတယ်၊ စစ်အာဏာရှင်တွေရဲ့ ဖခင်ကြီး ဦးနေ၀င်းက ၂၆နှစ်လုံးလုံးလူမဆန်တဲ့ အုပ်ချုပ်မူတွေနဲ့ အုပ်ချုပ်မင်းမူ။ တန်ဖိုးဖြတ်မရတဲ့ သဘာဝရတနာတွေ ထွက်တဲ့နိုင်ငံလည်း ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံရောက်လို့ တိုင်းသူပြည်သားတွေလည်း မွဲလွန်းလို့ ကုန်းကောက်စရာ မရှိအောင်ဖြစ်လို့ ၁၉၈၈ခုနှစ်မှာတော့ တတိုင်းပြည်လုံး မြန်မာနိုင်ငံရဲ့ “ဒုတိယလွတ်လပ်ရေး တိုက်ပွဲ”လို့ တင်စားခေါ်ဝေါ်ရမယ့် ၈၈အရေးတော်ပုံ ကြီး ဖြစ်ပွားခဲ့ရပါတယ်။ အဲဒီလူထုအုံကြွ မူကြီးမှာ ကျောင်းသားတွေ၊ ပြည်သူတွေနဲ့ အတူ အာဇာနည်ရဟန်းတော်တွေလည်း ပါဝင်ခဲ့ကြသလို အသက်ပေါင်းများစွာ စွန့်လွတ်ပေးဆပ်ခဲ့ ကြတဲ့ အာဇာနည်တွေထဲ ရဟန်းအာဇာနည်တွေလည်း အမြောက်အမြားပါရှိနေပါရောလား၊ ဒီနောက်၁၉၈၈ခုနှစ် စက်တင်ဘာ (၁၈)ရက်နေ့ကစလို့ တိုင်းပြည်ရဲ့အာဏာကို ပြည်သူကသဘောမတူပါဘူးဆိုနေတာတောင် အတင်းကာရော လက်နက်အားကိုးနဲ့ သိမ်းပိုက်လာခဲ့ကြတာ ယနေ့ ခေတ်အချိန်ထိပါဘဲ ပြည်သူကကျွေးတဲ့ထမင်းကိုစားပြီး ပြည်သူ့အတွက် ပြည်သူ့စစ်သားရယ်လို့ ကြွေးကျော်နေသော်လည်း ပြည်သူကိုသတ် ပြည်သူ့စည်းစိမ်မှန်သမျှ တို့ ဘဏ္လာရယ်လို့ သတ်မှတ်လို့ ဖက်ဆစ်လက်သစ်စနစ်တွေနဲ့ တိုင်းပြည်ကို မီးကုန်ယမ်းကုန် ချယ်လှယ်ပြီး ရမ်းချင်တိုင်းရမ်း ကြမ်းချင်တိုင်းကြမ်းလာခဲ့ကြတာ ပြည်သူတွေလည်း စစ်ဖိနပ်အောက်မှာ ကွန်ကရစ်လို ထုသားပေသားကိုကျလို့ ကုန်းရုံးတောင်မထနိုင်တော့ပေမယ့် အသက်ရှင်သန်ရေးအတွက် ထမင်းတောင်နပ်မှန်အောင် မစားနိုင်တဲ့ ဘ၀တွေ များသထက်များလြာ့ပီး မြန်မာပြည်မှာ လူဖြစ်လာရတဲ့ လူတွေမှာ လူပီပီသသဖြစ်ခွင့်မရခဲ့တဲ့ ဘ၀ပါဘဲ။
                  ပြီးခဲ့တဲ့ ၂၀၀၇ခုနှစ်၊ စက်တင်ဘာလမှာတော့ လောင်စာဆီဈေးနှုန်းတွေအဆမတန် မြှင့်တက်လာတာကြောင့် ပြည်သူတွေလည်း အငတ်ဒဏ်ဘေးမခံနိုင်တော့တာမို့ လမ်းမပေါ်ထွက် လောင်စာဆီဈေး ကျဆင်းဖို့နဲ့ ကုန်ဈေးနုန်း ကျဆင်းရေးအတွက် ငြိမ်းချမ်းစွာ လမ်းလျှောက်ဆန္ဒပြလာကြတယ်၊ ဒကာဒကာမတွေတောင် ဆန်ပြုတ်သောက်ရဖို့ အနိုင်နိုင်ဘ၀မှာ ရဟန်းသံဃာတော် တွေလည်း ပြည်သူတွေ (ဒကာ၊ဒကာမ)တွေရဲ့ ဒုက္ခဆင်းရဲတွေကို မကြည့်ရက်နိုင်တော့တာမို့ ပြည်သူလူထု အတွက် မေတ္တာရှေ့ထားလို့ ရဟန်းတော်တွေက မြို့တွင်း စီတန်းလှည့်လည် မေတ္တာသုတ်ရွတ်ဆိုမူတွေလုပ်လာကြတယ် မေတ္တာပို့ လှည့်လည် စီတန်းဆန္ဒပြရာမှာ ပခုက္ကူက သံဃာတော်တွေကို လုံခြုံရေးတပ်တွေနဲ့ အရပ်ဝတ် ကြံဖွတ် စွမ်းအားရှင် ဆိုသူတွေက ရိုက်နှက်တာကနေ ပြဿနာကြီးထွားလာသလို ပခုက္ကူ မှာသံဃာတော်တွေကိုရိုက်နှက်တဲ့ ပြဿနာကို ဖြေရှင်းပေးဖို့၊ တောင်းပန်ဖို့၊ တာဝန်ရှိသူတွေကို အရေးယူဖို့၊ ဖမ်းဆီးထားတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးဖို့၊ အမျိုးသား ပြန်လည် သင့်မြတ်ရေးအတွက် နိုင်ငံရေးအရ တွေ့ဆုံ ဆွေးနွေးကြဖို့ဆိုပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့ တပ်ပေါင်းစုကြီးက ကြေညာ တောင်းဆိုခဲ့ကြပါတယ်။ စက်တင်ဘာလ(၁၈)ရက်နေ့ နောက်ဆုံးထား မလိုက်လျောရင်တော့ သံဃာတော်တွေဘက်က စစ်အာဏာပိုင်တွေကို ပတ္တနိက္ကုဇန ကံဆောင် သပိတ်မှောက်မယ်လို့ ထုတ်ပြန်ကြော်ငြာချက်အတိုင်း မြန်မာနိုင်ငံတ၀ှမ်း မြို့ကြီးတွေ အတော်များများမှာ သံဃာတော်တွေက ဖက်ဆစ်စစ်အာဏာပိုင်တွေကို ကံဆောင် သပိတ်မှောက်လာကြပါတယ်။ စက်တင်ဘာ ၂၅ ရက်နေ့မှာတော့ စစ်တပ်နဲ့ လုံခြုံရေး အာဏာပိုင်တွေကနေ ဆန္ဒပြ ရဟန်းသံဃာတွေကို ပစ်ခတ် နှိမ်နင်းတာကြောင့် သေဆုံးမှုတွေ၊ ထိခိုက် ဒဏ်ရာရမှုတွေ အမြောက်အမြား ရှိခဲ့သလို ဘုန်းတော်ကြီးကျောင်းတွေကိုလည်း လုံခြုံရေး အာဏာပိုင်တွေက အင်အားသုံး စီးနင်းတာတွေ ကျောင်းတိုက်ထဲအထိ ရိုက်နှက် ပစ်ခတ်တာတွေ အထိလုပ်ဆောင်လာခဲ့တယ်။
              ထေရ၀ါဒ ဗုဒ္ဓဘာသာထွန်းကားတဲ့ မြန်မာနိုင်ငံမှာ သံဃာတော်တွေကို လက်နဲ့ မပြောနဲ့ သံဃာတော်တွေရဲ့ အ၇ိပ်တောင်မနင်းဝံ့ရဲကြပေမယ့် တိုင်းပြည်အုပ်ချုပ် မင်းလုပ်ပါတဲ့ မြန်မာပြည်သား စစ်အာဏာပိုင်တွေရဲ့ ရက်စက်မူကတော့ ကမ္ဘာက သြချလောက်အောင်ကို အဆုံးစွန်ထိ မိုက်ကန်းပြလိုက်တော့တာပါဘဲ၊ စက်တင်ဘာလရဲ့ ရာသီဥတုကောင်းမွန်လှတဲ့ မြစ်တွေချောင်းတွေရဲ့ ရေပြင်ဟာ လှိုင်းလေကင်းစင်လို့ ကြေးမုံပြင်ကဲ့သို့ ကြည်လင်တဲ့ ရေပြင်မှာ သွေးရောင်တွေဖုံးလွှမ်းလို့ သံဃာတော်တွေရဲ့ အလောင်းတွေ မျောပါနေကြသလို၊ မည်းနက်နေတဲ့ ကတ္တရာလမ်းတွေဟာလည်း သွေးစီးချောင်းတွေတွေနဲ့ ၊ ဘုရားဝတ်တက်သံတွေနဲ့ ကြေးစည်သံတညံညံ၊ စာအံ့သံတွေလည်း ဘုန်းကြီးကျောင်းတိုက်တွေမှာ ဆိတ်သုန်းပျောက်ကွယ်ခဲ့ရတယ်။
               စက်တင်ဘာလမှာ ရဟန်းအာဇာနည် ဦးဥတ္တမ ပျံလွန်တော်မူခဲ့တယ်၊ အရှင်ဦးဝိစာရဟာလည်း အင်္ဂလိပ်နယ်ချဲ့ကို ထောင်တွင်း အစာငတ်ခံဆန္ဒပြရင်း ပျံလွန်တော်မူခဲ့ရရှာတယ်၊ ခေတ်သစ်သမိုင်းမှာ သံဃာတော်တွေက ပြည်သူတွေအငတ်ဘေးအတွက် မြို့တွင်းလှည့်လို့ မေတ္တာသုတ်ရွတ်ရင်း အာဏာရှင်တွေနဲ့ သူတို့ရဲ့ လက်ပါးစေငမိုက်သား စွမ်းအားရှင်တွေရဲ့ လက်ချက်နဲ့ ပျံလွန်တော်မူခဲ့ကြတယ်။ ထောင်သွင်းအကျဉ်းချခံခဲ့ကြရတယ်၊ ဒါကြောင့်မို့ စက်တင်ဘာလဟာ ခေတ်အဆက်ဆက်သမိုင်းတလျှောက် အမျိုး၊ ဘာသာ၊ သာသနာကို စောင့်ရှောက်ကာကွယ်ရင်း ရဲရင့်တဲ့ သံဃာအာဇာနည်တွေရဲ့ သွေးနဲ့ရေးခဲ့ ရင်းနှီးပေးဆပ်ခဲ့ရကြရတဲ့ သမိုင်းတွင်ခဲ့တဲ့လအဖြစ် မြန်မာနိုင်ငံသား အယောက်စီတိုင်းရဲ့ နှလုံးသားတွေထဲ မော်ကွန်းကျောက်စာ ရေးထိုးရင်း ၀မ်းနည်းမှတ်တမ်း တင်လိုက်ကြပါစို့။  
ကမာနီလာ


Rest of your post

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်