Wednesday, July 8, 2009

နိုင်ငံရေးဘေးလွယ်အိတ်များ သတိထား

ကျော်ဗလ
၈ ဇူလိုင် ၂၀၀၉

၆၀ ခုနှစ်များ ၀န်းကျင်မှာ စာအုပ်အဟောင်းဆိုင်တဆိုင်ကရခဲ့တဲ့ ဆရာကြီး မှော်ဘီဆရာသိန်းရဲ့ ‘အရူးလွယ်အိတ်’ ဆိုတဲ့ စာအုပ်တအုပ် ဖတ်ခဲ့ရဖူးပါတယ်။ ‘အရူးလွယ်အိတ်’ ဆိုတဲ့ နာမည်က ဆန်းနေတာနဲ့ သိချင်လို့ ဖတ်ကြည့်မိတာပါ။ ‘အရူးလွယ်အိတ်’ လို့ ဆရာသိန်းက နှိမ့်နှိမ့်ချချ ခေါင်းစီးတပ်ထားပေမယ့် တကယ်က ဗြုတ်စဗျင်းတောင်း သောင်းပြောင်း အကြောင်းအရာတွေ မဟုတ်ပါဘူး။ ဆရာသိန်းရဲ့ ‘ပါးစပ်ရာဇ၀င်’ စာအုပ်ထဲကလို လူထုကြားထဲက ဒဏ္ဍာရီဆန်ဆန် ဇာတ်လမ်းတွေ လူထုစကားလုံး၊ လူထုအသုံးအနှုန်း စကားပုံတွေရဲ့ အဓိပ္ပာယ်နဲ့ နောက်ခံကားတွေကို ရှင်းပြထားတဲ့ ဗဟုသုတဟင်းလေးအိုး စာအုပ်မျိုးပါ။ ဒါကြောင့် ‘အရူးလွယ်အိတ်’ ဆိုပေမယ့် စာဖတ်သူတွေအတွက် ပညာလည်းရ၊ အကျိုးလည်းရှိတဲ့ စာအုပ်တအုပ်ပါ။

ဒီနေ့မြန်မာပြည် နိုင်ငံရေးလောကမှာ ‘အရူးလွယ်အိတ်’ လို့ ပြောရလောက်တဲ့ ဗြုတ်စဗျင်းတောင်းသမားတွေတော့ သိပ်မရှိလှပါဘူး။ ဒါပေမယ့် ‘နိုင်ငံရေးဘေးလွယ်အိတ်’ သမားတွေတော့ အတော်သတိထားစရာကောင်းအောင်ကိုပဲ များပြားနေပါပြီ။ တကယ်တော့ လွယ်အိတ်ဆိုတာ ကိုယ့်ရှေ့မှာ ထားလို့လည်းမရ၊ နောက်ကျောဘက်ပို့လို့လည်း မဖြစ်တော့ ဘေးတိုက်ပဲ လွယ်ပိုးထားကြရတတ်ပါတယ်။ ဒီလို ‘ဘေးလွယ်အိတ်’ မျိုး ပိုးပြီး ခရီးသွားကြရပြီဆိုရင် တခါတရံမှာ သွားလာလှုပ်ရှားရတာ မလွတ်လပ်၊ ရံဖန်ရံခါ ကန့်လန့်ဖြတ်ခံနေတတ်လို့ အချိန်နှောင့်နှေးကြန့်ကြာမှုတွေ အတားအဆီးဖြစ်မှုတွေ ကြုံရလေ့ရှိပါတယ်။
ဒါကြောင့်လည်း ‘ဘေးလွယ်အိတ်’ ဆိုတဲ့ အသုံးအနှုန်းဟာ လူထုကြားထဲမှာ နာမည်ပျက်နေရတာပါ။ ရှေ့ကလည်း မသွားရဲ၊ နောက်မှာလည်း မနေချင်၊ ဘေးတိုက်ကနေ ပေကပ်လိုက်ကာ အနှောင့်အယှက်ပေး အဟန့်အတားပြုတတ်ကြသူမျိုးတွေကို ‘ဘေးလွယ်အိတ်’ လို့ ခေါ်တတ်ကြပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သာမန်လူမှုရေးကိစ္စတွေမှာ ‘ဘေးလွယ်အိတ်’ လုပ်နေတာ ထိခိုက်နစ်နာမှု သိပ်မကြီးမားလှပါဘူး။ ဒါပေမယ့် ‘နိုင်ငံရေးဘေးလွယ်အိတ်’ တွေ လုပ်နေကြပြီဆိုရင်တော့ တိုင်းပြည်နဲ့ လူထုသာမက အရေးတော်ပါ ထိခိုက်နစ်နာမှုကြီးမားတတ်တာဖြစ်လို့ သတိထားဖို့ လိုပါလိမ့်မယ်။ ဒီလိုအဖြစ်မျိုးတွေ သမိုင်းမှာ အကြိမ်ကြိမ် ကြုံတွေ့ခဲ့ရပြီး ဖြစ်ပါတယ်။

၁၉၄၇ ခု နှစ်ဦးက မြန်မာ့လွတ်လပ်ရေးအတွက် ဗြိတိသျှအစိုးရနှင့် အရေးဆိုဆွေးနွေးဖို့ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်တဲ့ ဖဆပလကိုယ်စားလှယ်အဖွဲ့ လန်ဒန်ကိုသွားကြတော့ ‘နိုင်ငံရေးဘေးလွယ်အိတ်’ နှစ်လုံး ပါသွားခဲ့ပါတယ်။ သခင်ဗစိန်နဲ့ ဦးစောတို့ နှစ်ဦးပါပဲ။

သူတို့နှစ်ယောက်ကို ဖဆပလ ဗဟိုဦးစီးအဖွဲ့က ရွေးချယ်ခဲ့တာမဟုတ်ပါဘူး။ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှဘုရင်ခံ ဆာဟူးဘတ်ရန့်စ်က ရည်ရွယ်ချက်ရှိရှိ သူတို့နှစ်ဦးကို ကိုယ်စားလှယ်အဖွဲ့ထဲမှာ ရွေးချယ်ထည့်သွင်းခဲ့တာပါ။ ဘုရင်ခံရဲ့ အဓိကရည်ရွယ်ချက်က မြန်မာကိုယ်စားလှယ်အဖွဲ့ထဲမှာ ဖဆပလခေါင်းဆောင်တွေသာမက ဖဆပလကို ဆန့်ကျင်တဲ့ နိုင်ငံရေးသမား ဘုရင်ခံအလိုတော်ရိ နိုင်ငံရေးသမားတွေကိုပါ ထည့်သွင်းပြီး မြန်မာနိုင်ငံကို လုံးဝလွတ်လပ်ရေးအထိ မပေးရအောင် ကြိုးပမ်းဖို့ပါပဲ။ ဒီလိုရည်ရွယ်ချက်တွေရှိခဲ့လို့လည်း ပြည်ပက ပြန်ရောက်လာခဲ့တဲ့ သခင်ဗစိန်နှင့် ဦးစောတို့ကို ဖဆပလတွေကြီးစိုးနေတဲ့ ဘုရင်ခံကောင်စီထဲမှာ ၀န်ကြီးနေရာပေးပြီး ဘုရင်ခံက လူမွေးခဲ့တာဖြစ်ပါတယ်။ နယ်ချဲ့ဆန့်ကျင်ရေး အမျိုးသားလွတ်လပ်ရေးလှုပ်ရှားမှုကို ဦးဆောင်မှုပေးခဲ့တဲ့ ဒို့ဗမာအစည်းအရုံးကြီး ပြိုကွဲအောင် ဂိုဏ်းခွဲထောင်ခဲ့တဲ့ သခင်ဗစိန်နဲ့ ကိုလိုနီနန်းရင်းဝန်ဟောင်း ဦးစောတို့ နှစ်ယောက်ကို ‘ဘေးလွယ်အိတ်’ အဖြစ်သုံးဖို့ ဘုရင်ခံက ရွေးချယ်ခဲ့တာ အလွန်မှန်တယ်လို့ ဆိုရမှာပါပဲ။

ဇန်န၀ါရီလ (၂၇) ရက်နေ့ လန်ဒန်မှာ ‘အောင်ဆန်း-အက်တလီ’ စာချုပ် လက်မှတ်ရေးထိုးကြတဲ့အခါ ပုဂ္ဂိုလ်နှစ်ယောက်ကလွဲလို့ ကိုယ်စားလှယ်အားလုံးကပဲ သဘောတူထောက်ခံကြောင်း ပါဝင်လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ ဒီစာချုပ်မှာ ပါဝင်လက်မှတ်ရေးထိုးခြင်းမပြုခဲ့တဲ့ ပုဂ္ဂိုလ်နှစ်ဦးကတော့ ‘ဘေးလွယ်အိတ်’ အဖြစ် တလျှောက်လုံး ကန့်လန့်တိုက်လိုက်ပါခဲ့တဲ့ သခင်ဗစိန်နဲ့ ဦးစောတို့ပါပဲ။
သူတို့နှစ်ဦးရဲ့ ‘ဘေးလွယ်အိတ်’ အစွမ်းအစ သတ္တိပြမှုက လန်ဒန်မှာတင် ပြီးဆုံးရပ်တန့်သွားကြတာ မဟုတ်ပါဘူး။ ဗမာပြည် ပြန်ရောက်လို့ အောင်ဆန်း-အက်တလီစာချုပ်အရ ဘုရင်ခံကောင်စီဝန်ကြီးအဖွဲ့ ပြန်လည်ဖွဲ့စည်းတဲ့အခါ သခင်ဗစိန်နဲ့ ဦးစောတို့ နှစ်ယောက်လုံး ၀န်ကြီးအဖြစ်မှ နုတ်ထွက်သွားခဲ့ကြပါတယ်။ ဒါတင်မဟုတ်သေးပါဘူး။ ဖွဲ့စည်းပုံရေးဆွဲဖို့ တိုင်းပြုပြည်ပြု လွှတ်တော် ရွေးကောက်ပွဲကျင်းပတဲ့အခါမှာလည်း သခင်ဗစိန်နဲ့ ဦးစောတို့ နှစ်ယောက်စလုံးက သတ္တိပြောင်ပြောင်နဲ့ ဆန္ဒပြ သပိတ်မှောက်ခဲ့ကြပါတယ်။ နောက်ဆုံး နှိုင်းယှဉ်ချိန်ထိုးကြည့်ကြမယ်ဆိုရင်တော့ ရူးသွပ်မိုက်မဲတဲ့နေရာမှာ ဦးစောက သခင်ဗစိန်ထက် ပိုမိုသာလွန်တယ် ဆိုရပါလိမ့်မယ်။ ဇူလိုင်လ (၁၉) ရက်နေ့မှာ အစည်းအဝေးထိုင်နေတဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ၀န်ကြီးအဖွဲ့တဖွဲ့လုံးကို ဦးစောရဲ့ လက်မရွံ့ တပည့်ငမိုက်သားများက ရက်စက်အတင့်ရဲစွာ လုပ်ကြံသတ်ဖြတ်ခဲ့ကြပါတယ်။ ခါးသီးနာကြည်း နောင်ကြဉ်စရာကောင်းလှတဲ့ သမိုင်းသခင်ခန်းစာများက ‘နိုင်ငံရေးဘေးလွယ်အိတ်’ များရဲ့ အန္တရာယ်ကို သက်သေထူ ညွှန်ပြခဲ့ပါပြီ။

ပြီးခဲ့တဲ့ ဧပြီလကုန်ပိုင်းက ရွှေဂုံတိုင်ကြေညာစာတမ်းထွက်လာတော့ အတိုက်အခံ နိုင်ငံရေးအင်အားစုတွေနဲ့ ပြည်သူတွေ နှစ်ထောင်းအားရများစွာ ၀မ်းသာကြရပါတယ်။ ဌာနချုပ်မှာ ရွေးကောက်တင်မြှောက်ခံခဲ့ရတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ တိုင်းစည်း၊ မြို့နယ်စည်းတွေကိုယ်တိုင် ကွန်ဖရင့်လက္ခဏာဆောင်တဲ့ အစည်းအဝေးကြီးမှာ တက်ရောက်ပါဝင်ဆွေးနွေးကြ၊ ဆုံးဖြတ်ချက်တွေချကြနဲ့ဆိုတော့ (၆) နှစ်ကျော် နိုင်ငံရေးအရ သေနေခဲ့တဲ့ ပါတီဟာ ပြန်လည်သက်ဝင်လှုပ်ရှားလာခဲ့ပြီဆိုပြီး ကျေနပ်အားရ ကြည်နူးဝမ်းမြောက်ခဲ့ကြရပါတယ်။ ရှေ့ဆက်ပြီး ပါတီဟာ မှန်ကန်တဲ့ ပေါ်လစီမူဝါဒတွေကို ဆုပ်ကိုင်ပြီး လူထုကို စည်းရုံးခေါင်းဆောင်သွားလိမ့်မယ်။ ပါတီဝင်တွေကို ပြန်လည်စုစည်းပြီး အရေးတော်အတွက် အဖွဲ့စည်းအဆင့်ဆင့်တို့ တိုးမြှင့်တည်ဆောက် လှုပ်ရှားကြတော့မယ်လို့ များစွာ အားထားမျှော်လင့်ခဲ့ကြပါတယ်။

ဒါပေမယ့် မျှော်ပင်မျှော်လည်း မထူးဆိုတာမျိုးလိုပါပဲ။ ရွှေဂုံတိုင်ဌာနချုပ်ဟာ တလကြာလည်း မလှုပ်၊ နှစ်လကြာလည်း ငုတ်တုတ်ဆိုတာလို အရင်အတိုင်း နိုင်ငံရေးအရ ပြန်သေသွားတာတွေ့လာပြန်တော့ အားမလို၊ အားမရနဲ့ တဖန် စိတ်မကောင်း ပြန်ဖြစ်ကြရပါတယ်။ ဒီဌာနချုပ်ဟာ အခမ်းအနားလုပ်တာနဲ့ ကြေညာချက်ထုတ်တာကလွဲရင် ဘာနိုင်ငံရေးလှုပ်ရှားမှုကိုမှ စိတ်မ၀င်စားသလို ခံစားနေခဲ့ကြရပါတယ်။ အရင်အတိုင်းပဲ ပွဲပြီးမီးသေ အေးအေးဆေးဆေး ပြန်ဖြစ်နေကြပြီလို့ ထင်စရာတွေ ဖြစ်လာခဲ့ပါတယ်။ ဒါကြောင့် ထုံးစံအတိုင်း ကျင်းပနေကျ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့နှစ်ပတ်လည်အခမ်းအနားမှာ ပါတီအခြေအနေ လှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ မနေနိုင်မထိုင်နိုင် စူးစမ်းမေးမြန်းမိပါတယ်။ ဌာနချုပ်ခေါင်းဆောင်တယောက်က တော့ အခြေအနေကို အခုလို ရှင်းပြပါတယ်။
ရွှေဂုံတိုင်ကြေညာစာတမ်းနောက်ပိုင်းမှာ ဌာနချုပ်အနေနဲ့ လုပ်သင့်လုပ်ထိုက်တဲ့ကိစ္စတွေ မြင်သလောက်တော့ ခေါင်းဆောင်ပိုင်းကို ဆွေးနွေးတင်ပြကြည့်ပါတယ်ဗျာ။ ဒါပေမယ့် ထောက်ခံတယ်လို့လည်း မကြိုဆို၊ ကန့်ကွက်တယ်လို့လည်း ပယ်မချ၊ ဘာဆွေးနွေး ဆုံးဖြတ်ချက်မှလည်း မရှိနဲ့ ဒီအတိုင်း ပေထိုင်နေကြတာပဲဗျ။ ကျနော်တို့က အခြေအနေတောင်းဆိုမှု ထက် အများကြီးနောက်ကျနေပြီ။ ဒီလိုနဲ့ပဲ ပါတီလည်း ရေစုန်မျောတော့မလား မသိပါဘူး။ ဒီလိုရှင်းပြတော့လည်း အခြေအနေမှန်ကို ပိုမိုသဘောပေါက်ရ ပိုမိုစိတ်ပျက်စရာ ကောင်းရပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ် စိတ်ပျက်နေလို့ မဖြစ်သလို ပါတီလည်း ရေစုန်မျောလို့ မဖြစ်ပါဘူး။ ပါတီမျောရင် ဒီမိုကရေစီရေးလည်း မျောမှာဖြစ်သလို ပြည်သူတွေလည်း ဒုက္ခပင်လယ်ဝေနေကြရဦးမှာ အသေအချာပါပဲ။
- ဒီလိုမဖြစ်စေချင်ရင် ဘာလုပ်သင့်တယ် ထင်ပါသလဲ။
* ရိုးရိုးလေးပါပဲ ပါတီကို နိုင်ငံရေးအရ နိုးကြားရှင်သန်လာအောင် လုပ်ပေးကြရမှာပါ။
- နိုင်ငံရေးအရ ပါတီရှင်သန်နိုးကြားလာအောင် ဘယ်လိုလုပ်ကြမလဲ။
* ရှင်းရှင်းလေးပါပဲ။ အရင်ဆုံး ခေါင်းဆောင်မှုကို ထကြွလှုပ်ရှားလာအောင် နိုင်ငံရေးအရ လှုပ်နှိုးပေးကြရမှာပါ။ ခေါင်းက မလှုပ်ရင် ကိုယ်ကလည်း လှုပ်မှာမဟုတ်ပါဘူး။ ခေါင်းတွဲက ဘာကြောင့် မလှုပ်ရှားသေးတာလဲ။ ကြည့်ရတာ ရုံပိုင်က ခရာမတုတ် အလံမလှုပ်သေးလို့နဲ့ တူပါတယ်။

တချို့ခေါင်းဆောင်တွေမှာ ‘ပါတီတရားဝင် ရပ်တည်ခွင့်ရရေးဟာ အရေးကြီးဆုံးဖြစ်တယ်’ ဆိုတဲ့ အစွဲမျိုးရှိနေကြပုံပါပဲ။ ဒါကြောင့် ‘ပါတီတရားဝင် ရပ်တည်ခွင့်’ အတွက် နအဖရဲ့ ဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်တွေအတိုင်း လိုက်နာဆောင်ရွက်ဖို့ကလွဲပြီး တခြားနည်းလမ်းမရှိဘူးလို့ ယုံကြည်ယူဆနေခဲ့ကြပုံရပါတယ်။ တကယ်တော့ ဒါဟာ စိတ်ကူးယဉ်တာပါ။ နအဖက NLD ပါတီကို သေဒဏ်ချမှတ်ထားပြီးသားပါ။ အခြေအနေ အချိန်အခါကောင်းကို စောင့်နေတာပါ။
ဒီလို စိတ်ရှည်သည်းခံစွာ စောင့်ဆိုင်းပေးနေရတာလည်း အဓိက အကြောင်း (၂) ချက်ကြောင့်ပါ။ တချက်က NLD ပါတီဟာ မြန်မာပြည်သူတရပ်လုံးရဲ့ ဒီမိုကရေစီလစ်ဘာတီရုပ်တု ဖြစ်နေလို့ပါ။ နောက်တချက်က နိုင်ငံတကာ ဒီမိုကရေစီအင်အားစု အားလုံးက NLD ပါတီရဲ့ တည်ရှိခွင့်ကို ထောက်ခံအကာအကွယ်ပေးနေကြလို့ပါ။ ဒီလိုအနေအထားတွေသာမရှိခဲ့ရင် NLD ပါတီဟာ ရေဝေးက မီးသင်္ဂြိုဟ်စက်ထဲမှာ ပြာဖြစ်သွားတာကြာပါပြီ။ ဒါကြောင့်လည်း နအဖက NLD ပါတီကို နိုင်ငံရေးအရ နည်းမျိုးစုံနဲ့ ဖိအားပေး ညှဉ်းပန်းနှိပ်စက်ကာ မျှဉ်းသတ်နေတာပါ။ ဒါတောင်မှ နအဖရဲ့ ဥပဒေအမိန့် စီရင်ချက်တွေ စောင့်စားရင်း လည်စင်းပေးကြဦးမယ်ဆိုရင်တော့ အဲဒီလိုခေါင်းဆောင်မှုမျိုးကို စင်ပေါ်က ဆွဲချကြရုံပဲ ရှိပါလိမ့်မယ်။

ဒါကြောင့်လည်း ပြီးခဲ့တဲ့ ဧပြီလ ရွှေဂုံတိုင်အစည်းအဝေးမှာ ကိုယ်စားလှယ်တချို့ဆီက လက်ရှိ CEC ကို ဖြုတ်ချပေးဖို့ တောင်းဆိုသံတချို့ သဲ့သဲ့မျှ ထွက်လာတာ ကြားလိုက်ရပါတယ်။ ဒီလေသံမျိုးကို နအဖကပဲ ကြိုက်မှာပဲ။ လူထုတွေက ကြိုက်မှာ မဟုတ်ပါဘူး။ ဒီနေ့လို အချိန်အခါမျိုးမှာ ပြည်တွင်းမှာဖြစ်ဖြစ် ပြည်ပမှာဖြစ်ဖြစ် ကွဲသံခွဲသံတွေ ထွက်လာတာဟာ ဒီမိုကရေစီအင်အားစုတွေအတွက် အားပျက်စရာချည်းပါပဲ။ အခုချိန်မှာ ပါတီကို ကွဲအောင် ခွဲရမှာ မဟုတ်ပါဘူး။ စည်းစည်းလုံးလုံးဖြစ်အောင် အားဖြည့်တည်ဆောက်ကြရမှာပါ။ အကြောင်းအမျိုးမျိုးနဲ့ ပါတီပြင်ပရောက်နေတဲ့ ပုဂ္ဂိုလ်တွေကို နည်းမျိုးစုံနဲ့ ပြန်လည်စုစည်း သိမ်းသွင်းဖို့လိုပါတယ်။ ပါတီစည်းကမ်းအရ အရေးယူမှုမျိုး ရှိရမှာဖြစ်ပေမယ့် ပါတီက ထုတ်ပစ်တဲ့အထိ ပြင်းထန်တဲ့ အရေးယူမှုမျိုးတွေ ဆင်ခြင်သင့်ပါတယ်။
တချိန်တည်းမှာ ရပ်ကျေးစည်း၊ မြို့နယ်စည်း၊ တိုင်းစည်းတွေကို ပြန်လည်အားဖြည့်တည်ဆောက်ဖို့လိုပါတယ်။ အရေးကြီးဆုံးက ခေါင်းဆောင်အဖွဲ့ကို ကြိတ်ဝိုင်းလောက် လူစုနဲ့ လက်သင့်ရာ စုစည်းထားမှုမျိုးကနေ အရည်အချင်းပြည့်မီသူတွေကို အားဖြည့်ပါဝင်စေခြင်းဖြင့် ကျယ်ပြန့်တဲ့ အလုပ်အမှုဆောင်အဖွဲ့ကြီး ဖြစ်စေချင်ပါတယ်။ အရေးကြီးတဲ့ အယူအဆ သဘောထား ပေါ်လစီပြဿနာတွေနဲ့ လုပ်ငန်းအစီအစဉ်တွေကို ဒီမိုကရေစီနည်းကျ ဆွေးနွေးဆုံးဖြတ်၊ အလျင်အမြန် အကောင်အထည်ဖော် နိုင်ဖို့ အထူးလိုအပ်နေချိန်ဖြစ်ပါတယ်။

တကယ်တမ်း ပါတီလိုလားတဲ့စိတ်နဲ့ အားမနာစတမ်း ပြောကြကြေးဆိုရင် ပါတီဟာ ကိုယ်တခြမ်းသေနေတဲ့ နိုင်ငံရေးလူမမာကြီး အဖြစ် လဲနေတာ (၆) နှစ်လောက် ရှိနေခဲ့ပါပြီ။ ဒီလို ဆိုးဝါးတဲ့အနေအထားမျိုးအောက်မှာ နအဖကျွေးတဲ့ ဆေးကိုစား၊ ပေးတဲ့ ဆေးညွှန်းအတိုင်းသာ ဆက်စခန်းသွားနေကြဦးမယ်ဆိုရင်တော့ မကြာခင် ‘ကိုးမား’ (COMA) ၀င်တော့မှာ သေချာသလောက် ပါပဲ။ ကိုးမားဝေဒနာသည်ဘ၀ ရောက်ပြီဆိုရင်တော့ ပါတီဆိုင်းဘုတ် ချိတ်ထားတာကလွဲရင် နိုင်ငံရေးအရ ဘ၀ဆုံးပြီလို့ပဲ ပြောကြရတော့မှာပါ။ ဒီအခြေအနေ မဆိုက်ချင်ဘူးဆိုရင်တော့ သင့်လျော်တဲ့ လုပ်ငန်းစဉ်နဲ့ လှုပ်ရှားမှုအစီအစဉ်တွေ ချမှတ်၊ လိုအပ်တဲ့ စည်းရုံးဖွဲ့စည်းမှုတွေ ပြင်ဆင်၊ တိုက်ပွဲဝင်ဖို့ အသင့်အနေအထားဖြစ်အောင် အလျင်အမြန် ပြုပြင်တည်ဆောက်ထားဖို့ လိုနေပါပြီ။
ဒီလိုလုပ်နိုင်ဖို့ ထားရှိသင့်တဲ့ စိတ်ဓာတ်သဘောထားကတော့ ပါတီအကျိုးစီးပွားအတွက် အခွင့်အာဏာ၊ အဆင့်နေရာ၊ ဂိုဏ်းအုပ်စုအကျိုး၊ ကိုယ်ကျိုးအားလုံးကို လိုအပ်သလို စတေးရဲတယ်ဆိုတဲ့ ပိုင်းဖြတ်ချက်မျိုး ချထားနိုင်ဖို့ အရေးကြီးပါတယ်။ သေကောင်ပေါင်းလဲ ဖြစ်နတဲ့ လူမမာကို အသက်ကယ်ဖို့ ခြေမ မကောင်းရင် ခြေမ၊ လက်မ မကောင်းရင် လက်မ၊ လိုအပ်သလို ခွဲစိတ်ဖြတ်တောက်ရဲဖို့ လိုပါတယ်။ လူမှုစနစ်တရပ်ကို တော်လှန်ပြောင်းလဲပစ်ဖို့ တိုက်ပွဲဝင်တယ်ဆိုတာ ဆင်စွယ်နန်းမြင့်ပေါ်က ဇာခန်းဆီးနောက်ကွယ်မှာ စန္ဒရားတီးနေတာမျိုး မဟုတ်ပါဘူး။ စိတ်ကူးယဉ်လို့မရ တိုင်ပွဲဝင်ဖို့ အလျင်အမြန် အသင့်ပြင်ကြရမယ့် အချိန်မျိုးဖြစ်ပါတယ်။

ပါတီအဖွဲ့အစည်းတိုင်းမှာ လူအမျိုးမျိုး ပါဝင်တတ်သလို စိတ်အထွေထွေလည်း ရှိတတ်ကြပါတယ်။ တချိန်မှာ တက်ကြွရှေ့တန်းရောက်ခဲ့သူတဦးဟာ အခြားအချိန်တခုမှာ နောက်တန်းကိုလည်း ရောက်နေနိုင်ပါတယ်။ ရှေ့ရောက်နေသူက နောက်ကျသူကို တွဲခေါ်၊ နောက်ရောက်နေသူက ရှေ့ကို ကြိုးစားအမီလိုက်ကြရမှာပါ။ ဒီလိုမဟုတ်ဘဲ အဖွဲ့အစည်းထဲမှာ ရှေ့ကလည်းမသွား နောက်ပါးကလည်းမလိုက် ဘေးကနေ ကန့်လန့်တိုက်နေလို့ မဖြစ်ပါဘူး။ လူမှုစီးပွားရေးဘ၀ထဲမှာ ထော်လော်ကန့်လန့်လုပ်တယ်ဆိုတာ သိပ်ပြီးထိခိုက်နစ်နာမှု မကြီးလှပါဘူး။ ဒါပေမယ့် နိုင်ငံရေးပါတီထဲမှာ အထူးသဖြင့် ခေါင်းဆောင်ပိုင်းထဲမှာ ဘေးလွယ်အိတ်တွေ ပါလာပြီဆိုရင်တော့ နိုင်ငံနဲ့လူထုအတွက် ထိခိုက်နစ်နာမှုကြီးမားနိုင်လို့ သတိထားဖို့ လိုအပ်ပါတယ်။ မြန်မြန်ဆန်ဆန် နိုင်ငံရေးအရ ပြုပြင်ပြောင်းလဲ ဖြေရှင်းနိုင်ရေးဟာ အရေးကြီးပါတယ်။
နိုင်ငံရေးအရ ဖြေရှင်းတယ်ဆိုတာ ဘေးလွယ်အိတ်တွေကို ခေါင်းဆောင်အဖွဲ့ထဲက ဖယ်ထုတ်ပစ်လိုက်ရုံနှင့် ပြေလည်သွားတာမျိုး မဟုတ်ပါဘူး။ ဒါ့အပြင် ‘ဘေးလွယ်အိတ်’ ဆိုတာမျိုးကလည်း လိုအပ်တဲ့ ပစ္စည်းပစ္စယတွေ ထည့်ထားရတတ်တာမျိုးမို့ အသုံးတည့်မှုတွေ ရှိတတ်လို့ အလွယ်တကူ ဖျက်ဆီးလွှင့်ပစ်ဖို့ဆိုတာလည်း မဖြစ်ပါဘူး။ ဒါကြောင့် အကောင်းဆုံး ဖြေရှင်းနည်းကတော့ ‘ဘေးလွယ်အိတ်တွေကို ကျောပိုးအိတ်အဖြစ် ပြောင်းလဲပစ်လိုက်ပါ’ ။ ကျောပိုးအိတ်ဆိုတာလည်း ဘေးလွယ်အိတ်လိုပဲ ထမ်းပိုးထားရတာပေါ့။ ဒါပေမယ့် ကျောပိုးအိတ်ဆိုတော့ ရှေ့မှာထားစရာမလို၊ နောက်ကျောကို ပို့ထားရင်ပဲ ရပါပြီ။ နောက်ပြီး ကျောပိုးအိတ်ဆိုတာ ဘေးကလိုက်ပြီး ကန့်လန့်တိုက်လို့လည်း မရတော့ပါဘူး။ ဒါကြောင့် နိုင်ငံရေးကျောပိုးအိတ်တွေကို ကျောပေးပြီး ကိုယ်ဦးတည်ရာ ရှေးရှုကာ နောက်ဆံကင်းကင်း၊ ရဲရဲတင်းတင်း နင်းဖြတ်ထိုးဖောက် ဆက်လျှောက်သွားကြပါလို့ တိုက်တွန်းအကြံပေးပါရစေ။ ဘယ်လိုပဲဖြစ်ဖြစ် ဒီနေ့၊ ဒီအချိန်မျိုးမှာ ‘နိုင်ငံရေးဘေးလွယ်အိတ်’ တွေ ပြဿနာကို အလျင်အမြန် ‘သတိထား’ ဖြေရှင်းဖို့ အထူးလိုအပ်နေပါပြီ။
http://www.khitpyaing.org/articles/july09/080709.php ကပါ

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်