Tuesday, July 21, 2009

ဒေါ်အောင်ဆန်းစုကြည်ကို မဟတ္တမ ဂန္ဒီဆုချီးမြှင့်



ီဒေါ်အောင်ဆန်းစုကြည်ဒါဘန်၊ တောင်အာဖရိက (ဇူလိုင် ၂၀) - အိန္ဒိယခေါင်းဆောင်ကြီး မဟတ္တမဂန္ဒီ၏ အမည်ဖြင့် ချီးမြှင့်သော “မဟတ္တမဂန္ဒီ နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် သင့်မြတ်ရေး” ဆုကို ၂၀၀၉ ခုနှစ်အတွက် ဒေါ်အောင်ဆန်းစုကြည်အား ပေးအပ်ချီးမြှင့်သည့် အခမ်းအနားကို တနင်္လာနေ့က တောင်အာဖရိကနိုင်ငံတွင် ကျင်းပခဲ့သည်။

ထို မဟတ္တမဂန္ဒီဆုကို Gandhi Development Trust အဖွဲ့မှ နိုင်ငံရေး ယုံကြည်ချက် ခိုင်မာသူ၊ စိတ်ဓာတ်ပြင်းထန်သူများကို ဂုဏ်ပြုချီးမြှင့်လေ့ရှိရာ ယခုအကြိမ်အတွက် ဒေါ်အောင်ဆန်းစုကြည်ကို ရွေးချယ်ထားခြင်းဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် နေအိမ်အကျယ်ချုပ်အမိန့်ကို ချိုးဖောက်သည့် တရားစွဲမှုကို ရင်ဆိုင်နေရသဖြင့် ကိုယ်တိုင်တက်ရောက် လက်ခံယူနိုင်ခြင်းမရှိဘဲ သူမ၏ကိုယ်စား ထိုင်းနိုင်ငံအခြေစိုက် အဝေးရောက် ညွန့်ပေါင်းအစိုးရ ဝန်ကြီးချုပ် ဒေါက်တာစိန်ဝင်းက တက်ရောက်လက်ခံယူခဲ့သည်။ ဒေါက်တာစိန်ဝင်းသည့် ဒေါ်အောင်ဆန်းစုကြည်၏ အစ်ကိုဝမ်းကွဲလည်းဖြစ်သည်။

အခမ်းအနားတွင် ဒေါက်တာစိန်ဝင်းက “အားလုံးက ဒီဆုကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကိုယ်ကျ လက်ခံယူတာကို မြင်ချင်ကြမှာပါ။


ဒီလိုယူနိုင်ရင်တော့ အကောင်းဆုံးပါပဲ။ ဒါပေမယ့် ခုချိန်မှာ ဒေါ်အောင်ဆန်းစုကြည်က အမှုကိုရင်ဆိုင်နေရပါတယ်။ ကျွန်တော့်အနေနဲ့ သူတို့ ပြစ်မှုထင်ရှားတယ်လို့ အမိန့်ချလိုက်မှာကို စိုးရိမ်ပူပန်မိပါတယ်” ဟု ပြောကြားသွားသည်။ ဒေါ်အောင်ဆန်းစုကြည် ရင်ဆိုင်နေရသည့်အမှုကို လာမည့် သောကြာနေ့တွင် နှစ်ဘက်ရှေ့နေများ အပြီးသတ် လျှောက်လှဲကြရမည်ဖြစ်သည်။

မဟတ္တမဂန္ဒီဆုကို ခေါင်းဆောင်ကြီးဂန္ဒီ ရှေ့နေအဖြစ် တောင်အာဖရိကနိုင်ငံတွင် တာဝန်ထမ်းဆောင်စဉ်က တည်ထောင်ခဲ့သည့် Indian Opinion သတင်းစာ နှစ် ၁၀၀ ပြည့် အထိမ်းအမှတ်အဖြစ် ၂၀၀၃ ခုနှစ်မှ စတင်ချီးမြှင့်လာခြင်းဖြစ်သည်။ ယခုဆုကို တောင်အာဖရိက ခေါင်းဆောင်ကြီး နယ်လ်ဆင်မင်ဒဲလား ယမန်နှစ်က ချီးမြှင့်ခဲ့သေးသည်။ ဒေါ်အောင်ဆန်းစုကြည်ကို ယခုရရှိသည့်ဆုအပြင် နိုဘယ်လ်ဆု၊ ဂျဝါဟာလာနေရူးဆု အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းအသီးသီးမှ ချီးမြှင့်သည့်ဆုများ၊ အစိုးရအဖွဲ့များနှင့် မြို့တော်ဝန်များမှ ချီးမြှင့်သည့် အမြင့်ဆုံးဆုတံဆိပ်များ စုစုပေါင်း ၉၀ နီးပါးချီးမြှင့်ခဲ့ပြီးဖြစ်သည်။

Source : AFP, Sakkal Times

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်