Tuesday, July 14, 2009

မြန်မာပြည်တွင်းမှ လူငယ်များ ပေးပို့ လာသော စာ။

လေးစားအပ်ပါသော မိဘပြည်သူအပေါင်းတို့ ခင်ဗျာ . . .

ကျနော်တို့ သည် မြန်မာပြည်တွင်းမှ မြန်မာပြည်အနာဂါတ် တိုးတက်ကောင်းမွန်စေရန် ကြိုးစားဆောင်ရွက်နေကြသောလူငယ်များ ဖြစ်ပါသည်။

မိဘပြည်သူများအား ယခုတင်ပြမည့် အကြောင်းအရာများမှာ မိမိတို့ လူငယ်များ၏ သဘောထားနှင့် စစ်အာဏာရှင်တို့ မှ မိမိတို့ လူငယ်များအား ကောက်ကျစ်ယုတ်မာစွာဖြင့် မတရားအမှုဆင် ဖမ်းဆီးကာ၊ သားသမီးခြင်း ကိုယ်ခြင်းမစာနာပဲ ယုတ်မာသော နည်းလမ်းမျိုးစုံသုံးကာ ညင်းပန်း နှိပ်စက်နေကြပုံများကို မိဘပြည်သူများ သိရှိနိုင်စေရန် တင်ပြလိုက်ခြင်း ဖြစ်ပါသည်။

ပထမဦးစွာအနေဖြင့် မည်သည့်လူငယ်မဆို လူငယ်များသည် အနာဂါတ်တွင် တိုင်းပြည်ကို ပုံဖော်ရာ၌ အဓိက အခန်းကဏ္ဍမှ ပါဝင် ဆောင်ရွက်လာမည့်လူငယ်များ ဖြစ်သည်။ မိမိတို့ ၏ မျိုးချစ်စိတ်၊ ယုံကြည်ချက်၊ မတရားမှု့ ကို ခေါင်းငုံမခံတတ်သည့် လူငယ်တို့ ၏ မဟုတ်မခံစိတ်တို့ ကြောင့် မိမိတို့  သည် အာဏာရှင်စနစ်ကို တော်လှန်နေကြခြင်းသာ ဖြစ်သည်။ ယခုလက်ရှိ စစ်အာဏာရှင်ကို တော်လှန် နေကြသော လူငယ်များ၏ အသက်အရွယ်အနေအထားမှာ အများအားဖြင့် အသက် (၁၆) နှစ်မှ (၂၀) ၀န်းကျင်အရွယ်များသာ ဖြစ်သည်။

ဤလူငယ်များသည် မိဘရင်ငွေ့  နှင့် ကင်းလွတ်ကာစ အရွယ်များ၊ ပညာသင်နေဆဲလူငယ်များသာ ဖြစ်သည်။ သို့ သော် ရဲရင့် သည့် စိတ်ဓါတ်နှင့် မတရားမှုကို ခေါင်းငုံမခံတတ်သော စိတ်ဓါတ်တို့  ကြောင့် ပါတီများ ၊ လူငယ်များ ဖွဲ့စည်းထားသော တော် လှန်ရေးအဖွဲ့များသို့  ၀င်ရောက် လာကြခြင်းဖြစ်သည်။ ဤသည်မှာ တိုင်းပြည်အာဏာကို လက်နက်အားကိုးဖြင့်သိမ်းပိုက်ကာ ရဟန်းသံဃာပါ မချန် သတ်ဖြတ်နေသော ဘီလူးစိတ်ဝင်နေသည့် စစ်အာဏာရှင်တို့ ကို တော်လှန်ရန် ဖြစ်သည်။

စစ်အာဏာရှင်တို့ က ၎င်းတို့ အာဏာတည်မြဲရေးအတွက် “တပ်မတော်သာ အမိ၊ တပ်မတော်သာ အဖ” ဟုဆိုကာ အာဏာ လက်မလွတ်ရေး ဆောင်ရွက်နေချိန်တွင် မိမိတို့လူငယ်များသည်လည်း “ပြည်သူသာ အမိ၊ ပြည်သူသာ အဖ” ဟု ရည်ရွယ်ကာ မိမိတို့ မိဘများသဖွယ် ခင်တွယ်ချစ်မြတ်နိုးရသော အဖေအမေ ၊ အဘိုးအဘွား ပြည်သူများအတွက် အာဏာရှင်ကို တော်လှန်ခဲ့ ကြခြင်း ဖြစ်သည်။

ယခုလက်ရှိ တော်လှန်နေကြသော မိမိတို့ လူငယ်များသည် အာဏာရှင်လက်ပါးစေတို့ ၏ အထက်အာဏာရှင်များ အကြိုက်လိုက် ကာ ၀ါဒ ဖြန့်ချီနေသော အရိုင်းအစိုင်း ပေတေ လေလွင့်နေသော ၊ စိတ်ရိုင်းဝင်နေသော လူငယ်များ မဟုတ်ကြပါ ။မိဘပြည်သူ တို့အတွက် အာဏာရှင်တို့ ၏ ဖိနှိပ်ညင်းပန်းခြင်း ခံနေရသောဘ၀တို့ မှ လွတ်မြောက်ရန် မခံမရပ်နိုင်ဖြစ်ကာ အာဏာရှင် တို့ ကို တော်လှန်နေကြခြင်းသာဖြစ်သည်။

ယခုဆိုလျှင် မြန်မာနိုင်ငံ အကျဉ်းထောင်များအသီးသီးတွင် ကြီးလေးသော ပြစ်ဒါဏ်များဖြင့် အကျဉ်းကျခံနေကြရသောလူငယ်များ ဦးရေမှာအရေအတွက်အားဖြင့် ( ၁၀၀ ) ကျော်ခန့် ရှိနေပြီး၊ လက်ရှိအမှုရင်ဆိုင်နေရသော လူငယ်များသည်လည်းရှိနေသေးသည်။

အချို့ ဆိုလျှင်အရွယ်နှင့် မလိုက်ဖက်သော ကြမ်းတမ်းသည့် ရဲဘက်စခန်းများအထိ ရောက်ရှိနေကြသောလူငယ်များပင် ရှိနေသည်။ ဤကဲ့သို့ လောကငရဲသို့ ရောက်ရှိနေကြသော လူငယ်များသည်သူတို့သည် မတုန်လှုပ်ကြောင်း ၊ မိဘပြည်သူတို့ လွတ်မြောက်ရေး အတွက် ကြိုးစားရင်း အာဏာရှင်လက်ပါးစေတို့ မတရားအမှုဆင် ဖမ်းဆီးခံရခြင်းအတွက် ဘယ်သောအခါမှ နောင်တရလိမ့် မည် မဟုတ်ကြောင်းနှင့် ကျန်ရှိနေသော တော်လှန်ရေးမျိုးချစ်လူငယ်များအားလည်း ဆက်လက်တော်လှန် သွားကြရန်ကိုအကျဉ်းထောင် များနှင့် ရဲဘက်စခန်းများမှနေ၍ ဆက်သွယ်ရေးသားလာသောစာများတွင် ဖေါ်ပြ ထားသဖြင့် ဖတ်ရှု့ပြီး မိမိတို့ သည် မျက်ရည် စို့မိကြရပါသည်။

အဆိုပါ မိမိတို့၏ သူငယ်ချင်းများသည် သူတို့ ၏ ငယ်ရွယ်နုပျိုသော အချိန်များတွင် သံခြေကျင်း တချွင်ချွင်ဖြင့် ကြမ်းတမ်းသော အလုပ်ကြမ်းများ လုပ်ဆောင်နေကြရသော်လည်း ဘယ်သောအခါမှ နောင်တရမည့်သူများ မဟုတ်ပေ။

ဤသည်မှာ သူတို့ ၏ ခံစားနေရသော ဆင်းရဲဒုက္ခအပေါင်းတို့သည် သူတို့ ကောင်းစားရေးအတွက် မဟုတ်ပဲ၊ မိဘပြည်သူတို့ အ တွက် ကြိုးစားဆောင်ရွက်ရင်း၊ ဘီလူးစိတ် သရဲစိတ်ဝင်နေကြသော အာဏာရှင်လက်ပါးစေတို့၏ လက်အတွင်း ကျဆင်းခဲ့ရသောကြောင့်သာ ဖြစ်ပေသည်။

အကယ်၍ စာဖတ်သူအနေဖြင့် မိမိ၏ သားသမီးတစ်ဦး၊ ညီအကိုမောင်နှစ်မတစ်ဦး၊ သူငယ်ချင်းတစ်ဦး၊သည် ယခုကဲ့သို့ အဖြစ်အပျက်မျိုး ကြုံတွေ့ခဲ့ရသည် ရှိသော် မည်ကဲ့သို့ ခံစားရမည်နည်း။

သို့သော် မိမိတို့ လူငယ်များသည် အမိအဖသဖွယ် သဘောထားသော ပြည်သူ တို့ စိတ်ချမ်းသာ ကိုယ်ချမ်းသာနေနိုင်ရေးအတွက် မိမိတို့ဘ၀များကို ဆက်လက်ပေးဆပ်နေဦးမည် ဖြစ်သည်။

ကျွန်တော်တို့  လူငယ်တွေရဲ့  မြင့်မြတ်တဲ့ သမိုင်းပေးတာဝန်ကို အသိစိတ်ဓါတ်ရှိရှိနဲ့  ကြိုးစားဆောင်ရွက်နေကြတာကို မိဘပြည် သူ တွေအနေနဲ့  အသိအမှတ်ပြုစေချင်ပြီး၊ ကျွန်တော်တို့  လူငယ်တွေအနေနဲ့  အသက်ကို ပဓါနမထားဘဲ ကြုံလာသမျှ အခက် အခဲမှန်သမျှကို ရင်ဆိုင်နေကြချိန်မှာ မိဘပြည်သူတွေအနေနဲ့ လည်း ကျွန်တော်တို့ နဲ့  အတူ ၀ိုင်းဝန်ကူညီ ပါဝင် အားဖြည့်ကြပြီး အားလုံးရင်ဆိုင်နေရတဲ့ လူမှုဘ၀နိမ့်ပါးမှုတွေကနေ လွတ်မြောက်နိုင်ဖို့ အတွက် အတူတကွ ဆောင်ရွက်ပေးကြပါလို့  ပြောကြား လိုပါတယ်။

အာဏာရှင်တွေကို ကျွန်တော်တို့  လူငယ်တွေ အသက်ပေးပြီး အခက်အခဲတွေ ရင်ဆိုင်နေရင်းနဲ့  ဆက်လက်တော်လှန်နေပါမယ်။ မိဘပြည်သူတွေကိုလည်း ပါဝင် ဦးဆောင်ပေးကြပါလို့  အနူးအညွတ် ပြောကြားလိုပါတယ်။

မြန်မာပြည်တွင်းမှ လူငယ်များ။

p.s - ကျွန်တော်တို့ ရဲ့  မေတ္တာရပ်ခံစာလေးကို ပြည်တွင်းပြည်ပ မိဘပြည်သူများလက်ဝယ်သို့  ရောက်ရှိအောင် ၀ိုင်းဝန်းကူညီ ပေးကြစေလိုပါတယ်။

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်