Saturday, July 11, 2009

စစ်ကား တိမ်းမှောက်၍ စစ်သား ၂ ဦးသေ ၄ ဦး ဒဏ်ရာရ

11 July 2009
မင်းအောင်(နိရဉ္စရာ) ရခိုင်ပြည်နယ် မင်းပြားမြို့နယ်တွင် စစ်ကား တစီး တိမ်းမှောက် သွားသဖြင့် စစ်သား နှစ်ဦး ပွဲချင်းပီး သေဆုံး၍ ၄ ဦး ဒဏ်ရာ ရရှိသွားခဲ့သည်။


မင်းပြားမြို့ ဆေးရုံမှ တာဝန်ရှိသူ တဦးက အဆိုပါ သေဆုံးမူကို အတည်ပြု ပြောကြားပြီး မင်းပြားမြို့နယ်ရှိ တိုင်းဗဟိုလေ့ကျင့် ရေးကျောင်းသို့ စစ်သားများ တင်ဆောင်၍ မောင်နှင်းနေစဉ် ကားတိမ်းမှောက်သွားခြင်း ဖြစ်သည်ဟု ပြောသည်။

“ကားက စစ်တွေကနေ မင်းပြားမြို့နယ် တိုင်းဗဟို လေ့ကျင့်ရေး သင်တန်းကျောင်းသို့အသွားမှာ ကမ်းနီကျေးရွာ အနီးမှာ လမ်းလျော်ပြီးတိမ်းမှောက် သွားတာ ဖြစ်ပါတယ်။ ညနေ ၇ နာရီ ခန့်မှာ ဖြစ်တာပါ။ လူနာတွေက ဆေးရုံကို ရောက်တာ ညနေ ၉ နာရီမှာ ရောက်ရှိလာပါတယ်။”

သေဆုံးသွားသူ စစ်သား နှစ်ဦးမှာ စစ်တွေ အခြေစိုက် ခမရ ၃၄၄ မှ ဒုတပ်ကြပ် အောင်အောင်နှင့် တပ်သား ကျော်လွင်ဦးတို့ ဖြစ်သည်။

“ဒဏ်ရာ ရသွားသူတွေ အထဲက တပ်သား မျိုးမင်းဝင်းနဲ့ ဇော်ဝင်းသန်းက ဒဏ်ရာ ပြင်းထန်ပါတယ်။ မျိုးမင်းဝင်းမှာ ဘယ်ခြေထောက်နဲ့ နံရိုးကျိုးသွားပြီး ဇော်ဝင်းသန်းက ညာဘက် လက်နှင့် ဘယ်ဘက်ပေါင်တွင် ဒဏ်ရာရရှိသွားပါတယ်။ စိုးရိမ်ရတဲ့ အနေထားမှာ ရှိပါတယ်။ တပ်သား ခင်မောင်သန်းနဲ့ အောင်အောင်ထွန်း တို့နှစ်ဦးလည်း ဒဏ်ရာ အနည်းငယ်စီ ရရှိသွားပါတယ်။ ခုသူတို့ထဲက ဒဏ်ရာပြင်းထန်သူ နှစ်ဦးကိုတော့ စစ်တွေကို ယူသွားပြီး ကျန်နှစ်ဦးကတော့ မင်းပြား ဆေးရုံမှာဘဲ ရှိနေပါသေးတယ်။” ဟု သူက ပြောသည်။

ယခုတိမ်းမှောက်သွားသည့်ကားမှာ စစ်ကားအမှတ် (ဗ- ၁၇၈၉) ဖြစ်ပြီး ယခုအခါ မင်းပြား ရဲစခန်းရှေ့တွင် ရပ်ထားသည်ဟု မျက်မြင် တဦးက ပြောသည်။

ဒဏ်ရာရရှိသွားသည့် စစ်သားများကို ယမန်နေ့က တိုင်းဗဟို လေ့ကျင့်ရေးကျောင်းမှ ကျောင်းအုပ်ကြီး ဗိုလ်မှူးကြီး စိုးထွေးနှင့် စစ်အရာရှိများ လာရောက် ကြည့်ရှုခဲ့သည်ဟု သိရ သည်။ စစ်တွေ - ရန်ကုန် ကားလမ်းမတွင် ယခုနှစ်အတွင်း ကားတိမ်းမှောက်မူ (၄) ကြိမ် ဖြစ်ပွားခဲ့ပြီး ဧပြီလ ၂ ရက်နေ့က အမ်းမြို့နယ်တွင် တိမ်းမှောက်ခဲ့မူတွင် ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ်မှ ဘုရားဖူးလာသူ လူပေါင်း ၂၀ ကျော်သေဆုံးခဲ့သည်။ မေလ ၃ ရက်နေ့က မန္တလေးမှ စစ်တွေသို့ မောင်နှင်လာသည့် ရွှေပြည်ရခိုင်ကား တိမ်းမှောက်မူတွင် ခရီးသည် ၅ ဦးသေဆုံးခဲ့သည်

Rest of your post

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်