Thursday, July 9, 2009

လွှတ်တော်အမတ်လုပ်ဖို့ ကြံစည်နေသူ ဦးကျော်ဆန်း(အငြိမ်းစား)

မဇ္ဈိမ / မန္တလေးတိုင်း မြင်းခြံမြို့တွင် မြန်မာစစ်အစိုးရ ဝန်ကြီးတဦးနှင့် ညွှန်ကြားရေးမှူးချုပ် (အငြိမ်းစား) တဦး ဦးဆောင်သည့် မဂ္ဂဇင်းတအုပ်ကို ပြီးခဲ့သည့်တပတ်မှ စတင်ကာ ထုတ်ဝေလိုက်သည်။

အမှတ် (၁) စက်မှုဝန်ကြီး ဦးအောင်သောင်းနှင့် ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီးဌာနမှ ညွန်ကြားရေးမှူးချုပ် (အငြိမ်းစား) ဦးကျော်ဆန်းက ၂ဝဝ၈-၂ဝဝ၉ ခုနှစ် မြင်းခြံမြို့နယ်အမည်ရှိ မဂ္ဂဇင်းကို ထုတ်ဝေခြင်းဖြစ်သည်။

စာအုပ်ထဲတွင် သူတို့၏ ဓာတ်ပုံများ၊ မြင်းခြံမြို့အကြောင်း၊ ဦးအောင်သောင်းမှ မြင်းခြံမြို့တွင် ပညာရည်ချွန် ဆုပေးပွဲ ပြုလုပ်ခြင်းနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ကိုင်နေသည်တို့ကို အသားပေး ဖော်ပြထားသည်။

မြင်းခြံမြို့သားဖြစ်သည့် ဦးကျော်ဆန်းသည် ၂ဝ၁ဝ ခုနှစ် ရွေးကောက်ပွဲ ဝင်ပြိုင်ရန်အတွက် ယခုကတည်းက ကြိုပြင်ခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

''မြင်းခြံမှာက ဒီလိုမဂ္ဂဇင်းမျိုးတခါမှ မထုတ်ဖူးဘူးလေ။ ဒါ ရွေးကောက်ပွဲအနီးမှာ ရည်ရွယ်ချက်ရှိရှိနဲ့ ထုတ်တာပဲ။ သူ့တို့ကို မြင်းခြံက လူတွေက သိပ်မသိဘူးလေ။ အခု ဒီမဂ္ဂဇင်း ထုတ်တော့ ဦးကျော်ဆန်းဆိုတာ လူသိ များသွားအောင် လုပ်တဲ့ ပုံပဲ” ဟု မြို့သားတဦးက ပြောသည်။

နောက်ထပ် ဒေသခံတဦးက “ရွေးကောက်ပွဲအတွက် ထုတ်တယ်လို့ပဲ ထင်တယ်။ ဦးကျော်ဆန်းက ဒီနယ်မှာ လွှတ်တော်အမတ် ရွေးကောက်ပွဲ ဝင်မှာလေ။ ဦးကျော်ဆန်းဆိုတာက ဘယ်သူမှန်း မသိဘူးလေ။ သူတို့ ဒီနယ်က ထွက်သွားတာ နှစ်ပေါင်းကြာပြီ။ သူ့ကို ဘယ်သူမှန်း ဘာမှန်း မသိဘူး။ ဒီကိုလည်း ဘယ်တော့မှ ပြန်မလာဘူး။ သူက ဒီမဂ္ဂဇင်းကို ဦးဆောင်ထုတ်တာက နာမည်သိလာအောင် ထုတ်တယ်လို့ပဲ ယူဆတယ်” ဟု ပြောသည်။

Aung Thaung ရန်ကုန်-မြင်းခြံမြို့နယ်အသင်း ရန်ကုန် နာယကနှင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (ဗဟို) အတွင်းရေးမှူး အမှတ် (၁) စက်မှုဝန်ကြီးဌာနဝန်ကြီး ဦးအောင်သောင်းနှင့် မြင်းခြံမြို့နယ် ဥက္ကဋ္ဌ ဦးကျော်ဆန်းဟု စာအုပ်ထဲတွင် ရေးသားဖော်ပြထားသည်။

မဂ္ဂဇင်း ကော်မတီဝင်အဖြစ် ဥက္ကဋ္ဌ ဦးကျော်ဆန်း၊ ဒုဥက္ကဋ္ဌ ဦးစိန်ဝင်း၊ အတွင်းရေးမှူး ဦးထိန်လင်း၊ တွဲဘက် အတွင်းရေးမှူး ဝင်းနိုင်အေး၊ စာတည်းမှူးချုပ် ဒုဗိုလ်မှူးကြီး ဦးကျော်ရင် (ငြိမ်း) အပါအဝင် ကော်မတီဝင် ၁၂ ဦးက ဦးစီးထုတ်ဝေသည်ဟု ဆိုထားသည်။

မဂ္ဂဇင်းကို ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းက မြင်းခြံမြို့ရှိ ငြိမ်းချမ်းရေး စာပေတိုက်၊ ဖေတင် စာအုပ်ဆိုင်နှင့် ကုန်စည်ဒိုင်များတွင် စတင်ရောင်းချနေပြီး ကော်မတီဝင်များကလည်း တအုပ်လျှင် ကျပ် ၂ဝဝဝ ဖြင့် မြို့တွင်း၌ လိုက်လံရောင်းချနေသည်။

ဝန်ကြီး ဦးအောင်သောင်းကလည်း စာအုပ်ထုတ်ရန် စက္ကူတန်ချိန် ၃ တန် (ပိဿာ ၁၇၁၄ ခန့်) လှူခဲ့သည်ဟု မဂ္ဂဇင်း ကော်မတီဝင်များနှင့် နီးစပ်သူတဦးက ဆိုသည်။

မဂ္ဂဇင်းမှာ စာမျက်နှာပေါင်း ၂ဝ၉ မျက်နှာရှိပြီး စာရေးဆရာများသည် မြန်မာစစ်အစိုးရ သတင်းစာတွင် ရေးသားလေ့ရှိသည့် မြင်းခြံ မျိုးထွန်း၏ “မိဘနှစ်ပါးသို့ ပန်ကြားလွှာ” ၊ တက္ကသိုလ် မြတ်သူ၏ “တသက်မမေ့ရ ဇာတိချက်ကြွေ မွေးရပ်မြေသို့” အမည်ရ ဆောင်းပါးများလည်း ပါရှိသည်။

Kyaw San“လူတွေက မကျေနပ်ကြဘူး။ အဲလိုဆိုတာက စာအုပ်မှာပါတဲ့ စာရေးဆရာတွေက အစိုးရမှာရေးတဲ့ ဆောင်းပါးရှင်တွေလေ။ မြင်းခြံစာအုပ် ထုတ်ခြင်းအားဖြင့် သိက္ခာချတဲ့ လူတွေပေါ့ဗျာ။ ကဗျာဆရာ မောင်စွမ်းရည်၊ တင်မိုးတို့ မပါဘဲ၊ တကယ့်မြို့ဂုဏ်ဆောင်တဲ့ လူတွေ မပါဘူးဆိုပြီး၊ အဲဒီ မြတ်သူတို့ကို တနိုင်ငံလုံးက မုန်းနေတဲ့ လူတွေ ဆိုပြီးတော့ မကြိုက်ကြဘူးလေ” ဟု ပထမ ဒေသခံက ပြောသည်။

စာရေးဆရာ မြင်းခြံ မျိုးထွန်းသည် ယခင်က သစ်တောဝန်ကြီးဌာနမှ ဒုဝန်ကြီးဟောင်းဖြစ်သည့် ဗိုလ်မှူး သိုက်ထွန်း ဖြစ်သည်။

ဦးကျော်ဆန်းသည် ပြီးခဲ့သည့်လက ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီးဌာနမှ အရပ်သား ညွှန်ကြားရေးမှူးချုပ် ရာထူးမှ အငြိမ်းစားယူခဲ့ကာ၊ သမီး ၅ ဦးအနက် သမီးကြီးမှာ စစ်ဗိုလ်တဦးနှင့် အိမ်ထောက်ကျပြီး၊ သမီး ၂ ဦးမှာလည်း အင်္ဂလန်တွင် ကျောင်းတက်နေသည်ဟု ဒုတိယ ဒေသခံက ဆိုသည်။

“သူက ကြံ့ဖွံ့ကလည်း မဟုတ်ဘူး။ တကယ်လို့ သူ ပင်စင်မယူလို့ အလုပ်ဆက်လုပ်လို့ ရသေးတယ်။ ၅ နှစ် သက်တမ်း ကျန်သေးတာ။ ဒါပေမဲ့ သူ့ကို ဌာနက ထုတ်လိုက်တာ။ ဒီလွှတ်တော်အမတ်လုပ်ဖို့ သူ့ကို အငြိမ်းစားပေးလိုက်တယ်လို့ ပြောတယ်” ဟု သူက ပြောသည်။

ဝန်ကြီး ဦးအောင်သောင်းမှာမူ ပြီးခဲ့သည်လအတွင်းက မြင်းခြံမြို့နယ် ကျေးရွာများသို့ ၂ဝ၁ဝ ရွေးကောက်ပွဲနှင့် ဖွဲ့စည်းပုံ ဥပဒေဆိုင်ရာများ လိုက်လံဟောပြောခဲ့သေးသည်။
From : www.mizzimaburmese.com/special/2010-election/2660-2009-03-26-11-10-11.html

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်