Monday, July 6, 2009

ဗူးသီးကို ထောက်ထားသော ဆူးများ.

ဖိုးသံချောင်းက တပ်လန်ပြီးဆုတ်သွားရတယ်လို့ ခိုင်းနှိုင်းထားပါတယ် ကျနော်ကတော့ ရှေ့ တိုးမဲ့ဆင် နောက်တလှမ်းဆုတ်တယ်လို့  မြင်ပါတယ်။ ကိုရီးယားကြီး မျက်နှာမည်းကြီးနဲ့ ပြန်သွားတဲ့ဥစ္စာ ကမ္ဘာ အနှံ့ က နိုင်ငံ ပေါင်းစုံနဲ့ ဖွဲ့စည်းထားတဲ့ UN အဖွဲ့အစည်းရဲ့အရေးပါသော လူကြီး (VIP) ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ကို ဒီလိုဘဲ ကလော်ထုတ်လို့ ရမလားဗျာ..
သူတို့ တပ်တဲ့ ပုဒ်မနဲ့တောင် ဘင်ကီမွန်းက မြန်မာ့တရားဥပဒေပုဒ်မနဲ့ တောင်ပြန်ဆွဲလို့ ရပါတယ်.
ဘာတဲ့ အကြည်ညိုပျက်စေမှု ပုဒ်မ အဟာ့ အဟာ့

အလွန်ကောင်းတဲ့ဆောင်းပါးမို့  မျှဝေလိုက်ပါတယ်။
ဖိအားပေါင်းစုံအကြားမှာ နအဖအစိုးရဟာလည်း ဆူးကြား ဘူးသီးသလို ဖြစ်နေတယ်
ရဲဘော်ဖိုးသံချောင်း
၆ ဇူလိုင် ၂၀၀၉

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်း တပ်ခေါက်သွားပြီ။ တပ်လန်ပြီးဆုတ်သွားရတယ်ဆိုရင် ပိုမှန်မလားပဲ။
သူတပ်လန်သွားတယ်ဆိုတဲ့အတွက် နအဖဗိုလ်ချုပ်တွေ နိုင်လိုက်တယ်လို့ဆိုနိုင်မလား။ စစ်ဆိုတာ တဖက်ကလန်ထွက် သွားတာနဲ့ ကိုယ်က နိုင်လိုက်ရောလို့ မပြောနိုင်ပါဘူး။ ကိုယ့်ဘက်မှာ သေကျေကျန်ရစ်တာ၊ နောက်တပွဲတိုက်စရာ အင်အား မကျန်တာ စတဲ့အချက်တွေဟာ နိုင်တဲ့လက္ခဏာမဟုတ်ပါဘူး။ အလွန်ဆုံးအားဖြင့် တကွေ့တော့ ကျော်သွားပါပကောလို့သာ ပြောနိုင်ပါတယ်။

အခုလည်း မစ္စတာဘန်ကီမွန်းပြောသွားတဲ့ နောက်ဆုံးမှတ်ချက်စကားကို နားထောင်ကြည့်ပါ။ “သိပ်စိတ်ပျက်ရတယ်” တဲ့။ နောက်ပြီး “သူတို့ (နအဖအစိုးရ) နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ အဆက်အသွယ်ရဖို့အတွက် အခွင့်အရေးကောင်းတခု လွတ်သွားပြီ” တဲ့။ ငယ်တုန်းကသမိုင်းစာအုပ်ထဲမှာပါတဲ့ ကျန်စစ်သားက စောလူးမင်းကိုပြောတဲ့ “ခွေးသေဝက်သေ သေရစ်” ဆိုတဲ့စကားကို သတိရစရာ ပါပဲ။ ဒီတပွဲမှာ နအဖလည်း မနိုင်လိုက်တာ သေချာပါတယ်။ ဒါဟာ နအဖအဖို့ နောက်ဆုံးရထားကို လွတ်သွားတာလားဆိုတာကတော့ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

မစ္စတာဘန်ကီးမွန်း ရောက်လာတာ၊ နအဖဗိုလ်ချုပ်တွေနဲ့ စကားပြောတာ၊ ပြန်သွားတာ စတဲ့ကမ္ဘာကအာရုံစိုက်တဲ့ ဖြစ်စဉ်ကြီး ဖြစ်ပေါ် နေတာနဲ့ တချိန်တည်းမှာပဲ ဗမာပြည်မှာ လူအများအာရုံစိုက်ရတဲ့ အဖြစ်အပျက်တခုဟာလည်း တရွေ့ရွေ့လှုပ်ရှားပြီး ပုံပီပြင်လာ နေပါတယ်။ အဲဒါကတော့ ဒေါ်အောင်ဆန်းစုကြည်ကို မတရားဖမ်းချုပ်ပြီး ရုံးတင်တရားစွဲနေတဲ့အမှုပါပဲ။ စကာစတုန်းက ဖုတ်ပူမီးတိုက် နောက်ကကျားလိုက်နေသလို စစ်ဆေးခဲ့တဲ့အမှုဟာ အခုတလောမှာ ရုံးချိန်တွေ ရွှေ့ပြီးရင်းရွှေ့ နေတာကို သတိပြုမိကြမယ်ထင်ပါတယ်။ သေချာနေတာကတော့ နအဖစစ်ဗိုလ်တွေဟာ အကြံပုပ်ဉာဏ်ယုတ်တွေ ထုတ်နေကြပြန်ပါပြီ။ သူတို့အချိန်ဆွဲတဲ့ နည်းပရိယာယ်ကို ပြန်သုံးနေပါတယ်။ ဒီအမှုကို အချိန်ဆွဲချင်နေကြပါတယ်။ ဒါ ဘာကြောင့်ဖြစ်နိုင်ပါသလဲ။

သေချာနေတဲ့ အချက်နှစ်ချက်ရှိပါတယ်။ တချက်က နအဖစစ်အစိုးရ ဖန်တီးလိုက်တဲ့ဒီအမှုဟာ ဆင်ကွက်မှန်း၊ လိမ်ဆင်မှန်း အထင်းသား ပေါ်လွင်သွားတာပါပဲ။ ဒေါ်အောင်ဆန်းစုကြည်ကို အကျယ်ချုပ်ထားတဲ့ရက် အချိန်စေ့တာနဲ့ တိုက်တိုက်ဆိုင်ဆိုင် ပေါ်လာတဲ့အမှုမို့ အမှုစ က တည်းက ပြည်တွင်းပြည်ပ လူတိုင်းက သံသယရှိကြပါတယ်။ အဲဒီနောက် ဂျွန်ယက်တောက ရုံးမှာထွက်ဆိုလိုက်တဲ့အခါကျတော့ ကိစ္စ အားလုံးဟာ ဗူးပေါ်သလိုပေါ်ကုန်ပါတယ်။ ဒါ့အပြင် ကြာလေပိုပေါ်လာလေလိုလည်း ဖြစ်လာနေပါတယ်။ ဒါကြောင့်လက်ရှိရုံးပေါ်က ထွက် ချက်တွေအတိုင်းသာ ဒေါ်အောင်ဆန်းစုကြည်ကို အပြစ်ဒဏ်ချရရင် သူတို့မတရားတာဟာ သိပ်ကို ပေါ်လွင်နေတော့မှာ ဖြစ်နေပါ တယ်။

နောက်အကြောင်းတချက်က ဒီအမှုနဲ့ပတ်သက်လို့ ပြည်တွင်းပြည်ပရဲ့ တုံ့ပြန်မှုပါ။ တုံ့ပြန်ကြတာဟာ နအဖမျှော်လင့်မထားတဲ့ အတိုင်းအတာ ဖြစ်ပါတယ်။ ဒါကို ခေတ်စကားနဲ့ ရှင်းအောင်ပြောရရင် နအဖဗိုလ်ချုပ်တွေ အရမ်းဖျားသွားပါတယ်။ လုံးဝမကျေနပ်နိုင်တဲ့ လူတွေဟာ အင်းစိန်ထောင်ဘူးဝမှာသာမကပဲ မြို့ပေါင်းများစွာမှာ လမ်းပေါင်းများစွာမှာ သူတို့ရဲ့ဆန္ဒတွေကို နည်းလမ်းပေါင်းများစွာနဲ့ ဖော်ပြခဲ့ကြပါတယ်။ ဆက်ချမယ်လို့ တာစူနေတာတွေလည်း အမြောက်အမြားပေါ်လာခဲ့ပါတယ်။ ဒီအခါမှာ နအဖစစ်ဗိုလ်တွေအဖို့ သူတို့ဘက်က နောက်တဆင့်လှမ်းလိုက်ရင် ဘာဖြစ်မယ်ဆိုတာကို တွက်ဆလို့ မရနိုင်အောင် ဖြစ်သွားပါတယ်။ တဖန်တပ်တွင်းမှာလည်း ဒီကိစ္စအပေါ် မကျေနပ်သံတွေဟာ မကြားချင်အဆုံး ကြားလာရပါတယ်။ ၂ဝ၁ဝ ရွေးကောက်ပွဲအတွက် ဥပဒေတောင်မှ ထုတ်ပြန်နိုင် သေးဘဲ ခေါင်းခြောက်နေရတဲ့အချိန်၊ ငြိမ်းအဖွဲ့တွေကလည်း သူတို့နဲ့ ကီးမကိုက်ဖြစ်နေလို့ စိတ်ညစ်နေရတဲ့အချိန်မှာ နအဖစစ်ဗိုလ်တွေ မြို့ပေါ်၊ လမ်းမပေါ်က ပြဿနာတွေ မပေါ်စေချင်ပါဘူး။ ဒါကပြည်တွင်းမှာပါ။

ပြည်ပမှာ နိုင်ငံတကာအဝန်းအဝိုင်းက တုံ့ပြန်မှုတွေဟာလည်း နအဖဗိုလ်ချုပ်တွေကို ဗမာပြည်သမိုင်းမှာ ဘယ်အစိုးရမှ မကြုံတွေ့ဖူး သေးတဲ့ ဆန့်ကျင်သဘောထားတွေနဲ့ ရင်ဆိုင်ရပါတယ်။ ဒါသာမက သူတို့က နအဖရဲ့ခြေလှမ်းကို စောင့်ကြည့်နေ ဦးမယ်၊ ဆက်အရေးယူတန်တာ ယူဦးမယ်ဆိုတာကို အသံပြုလို့တမျိုး၊ အသံမပြုဘဲတနည်း အမျိုးမျိုးဖော်ပြခဲ့ကြပါတယ်။ တင်းတင်းမာမာ သတိပေးခဲ့တဲ့ အစိုးရတွေရှိသလို ဘာကြိတ်ပြောလိုက်မှန်းမသိရတဲ့ တရုတ်လိုအစိုးရတွေလည်း ရှိနေပါတယ်။

ကုလသမဂ္ဂခန်းမထဲမှာ ဗမာပြည်ရဲ့အရေး ရောက်သွားတယ်ဆိုတာဟာ သမိုင်းမှာ အရင်က တခါတည်းရှိခဲ့ဖူးပါတယ်။ အဲဒါက ၅ဝ စုနှစ်များ အစောပိုင်းတုန်းက ဗမာပြည်ကို တရုတ်ဖြူ (ကေအမ်တီ) တွေ ကျူးကျော်တဲ့ကိစ္စတုန်းကပါ။ သတိထားသင့်တာက အဲဒီတုန်းက ဗမာပြည်အစိုးရဟာ တရားလိုပါ။ အခုတော့ နအဖဗိုလ်သန်းရွှေတို့လက်ချက်ကြောင့် ဗမာပြည်ဟာ တရားခံ အဖြစ်နဲ့ ဝက်ခြံထဲမှာ ရောက်နေရပါတယ်။ နောက်ပြီး သူတကာလက်ညှိုးငေါက်ငေါက်ထိုးတာလည်း ခံနေရပါတယ်။ တိုင်းပြည်ရဲ့ဂုဏ်သိက္ခာ ဘယ်တုန်းကမှ အခုကာလလောက် မကျဆင်းခဲ့ဖူးပါဘူး။

နောက် ထောက်ပြသင့်တဲ့တချက်က ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းကို ဗိုလ်သန်းရွှေတယောက် လက်ခံ တွေ့ဆုံတယ် ဆိုတာဟာ တခြားတနိုင်ငံက နားချလို့ဖြစ်တယ်ဆိုတဲ့ကိစ္စပါ။ ဒီအချက်ကိုထောက်ရင် ပြည်တွင်းမှာမောက်မာလှတဲ့ စစ်ဗိုလ်ချုပ်တွေဟာ ပြည်ပမှာကျတော့ အမြီးကုပ်ခေါင်းငုံ့နေရတာကို ဖော်ပြနေပါတယ်။ ဗမာပြည်ကို နိုင်ငံတကာအသိုင်း အဝိုင်းက ပုံမှန်ချဉ်းကပ်လို့၊ ဆက်ဆံလို့မရတဲ့ နိုင်ငံတခုအဖြစ် သဘောထားခံရတာကို ဒင်းတို့တတွေ ဂုဏ်ယူစရာလို့ အောက်မေ့နေသလားလည်း မပြောတတ်ပါ။

အခု နအဖစစ်အစိုးရဟာ ဒေါ်အောင်ဆန်းစုကြည်ကို ရုံးတင်လိုက်တဲ့အတွက် ဒီလိုပြည်တွင်းပြည်ပက ဆန့်ကျင်မှုတွေ အုံကြွ ပေါ်ပေါက်လာတာကို အာရုံလွှဲဖို့၊ အေးသွား၊ ငြိမ်သွားအောင်လုပ်ဖို့ နည်းနာပေါင်းစုံရှာနေပါတယ်။ ဘော့လုံးပွဲတွေထဲ၊ ချဲထီတွေ၊ နှစ်လုံးထီ၊ သုံးလုံးထီတွေထဲ အာရုံပြောင်းသွားအောင် လုပ်နေပါတယ်။ အဲဒီလို တနပ်စားနည်းပရိယာယ်တွေထဲမှာ အမှုကို အချိန်ဆွဲပြီး အကြာကြီးစစ်ဆေးတာလည်း ပါတယ်လို့ ပြောလို့ရပါပြီ။ ဒီအချက်ကိုကြည့်လိုက်ရင်ပဲ ဒီအမှုဟာ အစကနေ အဆုံး ရာဇဝတ်မှုမဟုတ်ဘဲ နိုင်ငံရေး လုပ်ကြံမှုတရပ် ဖြစ်တယ်ဆိုတာ ထင်ရှားသထက်၊ ထင်ရှားလာနေပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို အပြစ်ပေးတာကို ပြည်တွင်းပြည်ပက အပြင်းအထန်တုံ့ပြန်လာမှာစိုးလို့ အချိန်ဆွဲနေတာဆိုရင် သူတို့က ဘယ်လိုပြစ်ဒဏ်ချမှာမို့လဲလို့ မေးစရာဖြစ်လာပါတယ်။ ပြစ်ဒဏ်အကြီးကြီးပေးဖို့ ကြံစည်ထားတာမို့ ဒီလိုအကြီးအကျယ် စိုးရိမ်ကြောင့်ကြနေတာလား၊ လွှတ်ပေးမှာဆိုရင် ဘာမှကြောက်နေစရာမလိုဘူးမဟုတ်လားလို့ စောဒက တက်စရာရှိပါတယ်။ ဒီမေးခွန်းကို ဖြေရမယ်ဆိုရင် ဒီအမှုဟာ နိုင်ငံရေးအမှုဖြစ်တဲ့အတွက် ပြည်တွင်းပြည်ပ နိုင်ငံရေးဖြစ်ပေါ်မှုတွေနဲ့ ဆက်နေမယ်လို့ ဆိုရပါမယ်။ သူတို့ဟာ ပြစ်ဒဏ်မချခင် ပြည်တွင်းပြည်ပ အနေအထားတွေကို ထည့်သွင်းသုံးသပ်တာ မလုပ်ဘဲနေလို့မရပါဘူး။

ဒီလိုဆိုတဲ့အတွက် ပြည်သူလူထုအနေနဲ့ ဒီအမှုကိုနအဖက အမြန်စစ်ပါ၊ တရားစီရင်ပါလို့ တောင်းဆိုလို့မဖြစ်ပါဘူး။ ဒီအမှုဟာ မတရားဆင်ထားတဲ့ အမှုဖြစ်တဲ့အတွက် “ရုံးတင်စစ်ဆေးနေတာတွေကို ချက်ချင်းရပ်ဆိုင်းပြီး ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ချက်ချင်းလွှတ်ပေးရမယ်” ဆိုတာကနေ တပြားမှလျှော့လို့ မဖြစ်ပါဘူး။ ဒီအတိုင်းပဲ အစအဆုံးရပ်တည်ရမှာပါ။ ဒီအတောအတွင်းမှာ နအဖက အချိန်ဆွဲနေတာဟာ ကိုယ့်ဘက်က ပြင်ဆင်ရမှာတွေကို ပြင်ဆင်ဖို့အတွက် အချိန်ရတာပဲလို့ သဘောထားပြီး ပြင်ဆင်မှုတွေ လုပ်ကြရပါမယ်။ ၂ဝ၁ဝ ရွေးကောက်ပွဲမှာ ဘီလူးစည်း လူစည်း ကွဲတော့မှာဖြစ်တဲ့အတွက် အဲဒီအတွက် ပြင်ဆင်တာလည်း တပါတည်း ဖြစ်သွားနိုင်ပါတယ်။
http://www.khitpyaing.org/articles/july09/060709.php

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်