Monday, July 20, 2009

အမှုတောင် စစ်မပြီးသေး..သူက လုပ်မယ့် အစီအစဉ်ကို အစအဆုံးသိနေပြန်ပြီ။

ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်မည်မဟုတ်ဟု ဦးဉာဏ်ဝင်းပြော
Monday, 20 July 2009 20:18 ဇာနည်ဝင်း .ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူး မစ္စတာ ဘန်ကီမွန်း တောင်းဆိုထားသည့် ဒေါ်အောင်ဆန်းစုကြည် နှင့် နိုင်ငံရေး အကျဉ်းသားများအား လွှတ်ပေးရန် ဟူသောအချက်မှာ လက်ခံနိုင်ဖွယ်ရာမရှိကြောင်း မြန်မာနိုင်ငံခြား ရေး ဝန်ကြီး ဦးဉာဏ်ဝင်းက ယမန်နေ့ကပြုလုပ်သည့် အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများ ညစာစားပွဲတွင် ပြော လိုက်သည်။

“ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူး ဘန်ကီမွန်းရဲ့ မြန်မာပြည် ခရီးစဉ်နဲ့ ပတ်သက်ပြီး(ဦးဉာဏ်ဝင်းက) ကျနော်တို့ကို ရှင်းပြပါတယ်။ လက်မခံနိုင်သေးဘူး၊ အချိန်ယူရဦးမယ်တဲ့”ဟု အာဆီယံ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဆူရင်ပစ်ဆူဝမ်က သတင်းထောက်များကို ရှင်းပြသည်။

ညစာစားပွဲတွင် ဦးဉာဏ်ဝင်း၏ ပြောပြချက်များအရ ဒေါ်အောင်ဆန်းစုကြည်သည် အနာဂတ်တွင် လွတ်မြောက် လာမည်ဖြစ်သော်လည်း ယခုအခါ ဆက်လက် အကျဉ်းကျနေဦးမည်ဖြစ်ကြောင်းသိရသည်။

ဒေါ်အောင်ဆန်းစုကြည် အထိန်းသိမ်းခံနေရခြင်း နှင့် ပတ်သက်ပြီး ထိုင်းနိုင်ငံခြားရေး ဝန်ကြီး ကဆစ်ဖိရုမ်းက လည်း ထိုင်းနိုင်ငံ၊ ဖူးကက်ကျွန်း အပန်းဖြေစခန်းတခုတွင် ပြုလုပ်သည့် အာဆီယံ ဆွေးနွေးပွဲရောက် သတင်း ထောက်များကို ပြောပြခဲ့သည်။

“မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေး အခြေအနေတွေကို ကျနော်တို့ ဝင်ပြီး ပတ်သက်လို့ မရဘူး။ ဒါပေမယ့် မြန်မာပြည် ဟာ အာဆီယံရဲ့ တစိတ်တပိုင်း ဖြစ်နေတယ်” ဟု ကဆစ်ဖိရုမ်းက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ယခုအခါ အင်းစိန်ထောင်တွင် ရောက်ရှိနေသည်။ မေလက သူ၏ အိမ်အတွင်းသို့ အမေရိကန် နိုင်ငံသားတဦး လျှို့ဝှက် ဝင်ရောက်ခဲ့ခြင်းကြောင့် အကျယ်ချုပ် ကန့်သတ် တားဆီးမိန့် ချိုးဖောက်မှုဖြင့် ထောင်တွင်း တရားရုံးတွင် အမှုရင်ဆိုင်နေရသည်။ အဆိုပါ အမှုသည် ငွေဒဏ် ၅ဝဝဝ သို့မဟုတ် ထောင်ဒဏ် ၃ နှစ်မှ ၅ နှစ်ထိ ချခံရနိုင်သည့် အမှု ဖြစ်သည်။

ထိုသို့ တရားစွဲဆိုပြီး ရက်အနည်းငယ် အကြာမှာပင် အာဆီယံအဖွဲ့ ဥက္ကဌ တာဝန်ကို ယူထားသော ထိုင်းနိုင်ငံက ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် တောင်းဆိုလိုက်သည်။ ထိုစာကို ထိုင်းဝန်ကြီးချုပ် အဖိဆစ် ဝေ့ချာချီဝက လက်မှတ်ထိုးပြီး ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

အာဆီယံ အထွေထွေ အတွင်းရေးမှူးချုပ် ဆူရင်ပစ်ဆူဝမ်ကလည်း ထိုအမှုသည် အာဆီယံအသင်းကြီး၏ ဂုဏ်သိက္ခာ ထိခိုက်စေသည့်အမှုဖြစ်သည်ဟု ပြောကြားခဲ့ဖူးသည်။

စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လည် လွှတ်ပေးရန် ဝန်လေးသဖြင့် ဤအမှုကို ဖန်တီးခြင်း ဖြစ်သည်ဟု အကဲခတ်များ ယူဆနေကြသည်။

ဤ သတင်းကို ဧရာဝတီ သတင်းထောက် ဇာနည်ဝင်းက ထိုင်းနိုင်ငံ ဖူးကက် ဒေသမှ ရေးသားပေးပို့ ခြင်းဖြစ်သည်။

Rest of your post

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်