Thursday, July 9, 2009

ပထမဆုံး A/H1N1 တုပ်ကွေးကူးစက်ခံရသူ မိန်းကလေးငယ် ဆေးရုံမှဆင်းခွင့်ရ


Planet စင်္ကာပူနိုင်ငံသို့ သွားရောက်လည်ပတ်ရာမှ A/H1N1တုပ်ကွေး ကူးစက်ခြင်း ခံခဲ့ရသည့် (၁၃)နှစ်အရွယ် မိန်းကလေးငယ်၏ ရောဂါအခြေအနေ သက်သာပျောက်ကင်းသွားသဖြင့် ဆေးရုံမှ ဆင်းသွားပြီဟု သိရသည်။ မြန်မာ့အလင်း သတင်းစာတွင် ရေးသားဖော်ပြချက်အရ ဇူလိုင်လ (၈)ရက်နေ့၊ မွန်းလွဲ (၁)နာရီခွဲက မိန်းကလေး၏ ကျန်းမာရေး အခြေအနေ ကောင်းမွန်လာသဖြင့် ရန်ကုန်ပြည်သူ့ ဆေးရုံကြီးမှ နေအိမ်သို့ ပြန်သွားပြီဖြစ်သည်။ မိန်းကလေးသည် ဇွန်လ (၂၆)ရက်နေ့က စင်္ကာပူတွင် (၅)ရက်နေထိုင်ပြီး ပြန်ရောက်လာခဲ့ပြီးနောက် သူငယ်ချင်းများနှင့်အတူ Tutorial၀ိုင်းတွင် အတူရှိနေစဉ် ဆရာမက သူမ၏ ချောင်းဆိုးသံ ပုံမှန်မဟုတ်သည်ကို သတိထားမိသဖြင့် မိဘများနှင့်တိုင်ပင်ပြီး ရန်ကုန်ဆေးရုံကြီးသို့ သွားရောက်ပြသရာမှ ထိုရောဂါ ကူးစက်ခံထားရကြောင်း ဖော်ထုတ်နိုင်ခဲ့သည်။

ထို့နောက် မိန်းကလေးအား ရန်ကုန်ဆေးရုံကြီးရှိ အထူးသီးသန့် လူနာခန်းတွင် ထားရှိကာ ပါရဂူသမားတော်ကြီးများ ပါဝင်သော ကျန်းမာရေးအဖွဲ့၏ ဂရုတစိုက် စောင့်ရှောက်မှုဖြင့် ပြုစုကုသခဲ့ပြီးနောက် ကျန်းမာရေး အခြေအနေ တိုးတက်ကောင်းမွန်လာသဖြင့် ယခုလို ဆေးရုံမှဆင်းခွင့် ပေးလိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။ မိန်းကလေးနှင့်အတူ လေယာဉ်ပေါ်တွင် ပါရှိသော ခရီးသည် (၉၁)ဦးကိုလည်း ရောဂါထိန်းချုပ်ရေး ရည်ရွယ်ချက်ဖြင့် စောင့်ကြည့်နေခဲ့ရာ (၁၀)ရက်ကျော် ကြာမြင့်သည်အထိ တစ်ဦးတစ်ယောက်မျှ ရောဂါကူးစက်ခံရသည့် လက္ခဏာမျိုး မတွေ့ရသောကြောင့် ဇူလိုင်လ (၁၀)ရက်နေ့မှစပြီး စောင့်ကြည့်ရေး လုပ်ငန်းများကို ရုပ်သိမ်းလိုက်ပြီဖြစ်ကြောင်း သိရသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)မှ ကပ်ရောဂါအဆင့် သတ်မှတ်ထားသည့် အဆိုပါ တုပ်ကွေးရောဂါကို မြန်မာနိုင်ငံအတွင်း ဆက်လက်မပြန့်နှံ့စေရန် ကာကွယ်နှိမ်နင်းရေး လုပ်ငန်းများအား ပြည်သူများပါ ပူးပေါင်းဆောင်ရွက်ကြရန် ကျန်းမာရေး ၀န်ကြီးဌာနက နှိုးဆော်တိုက်တွန်းထားသည်။ 7 Day Newsဂျာနယ်၏ ဖော်ပြချက်အရ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ရောဂါကူးစက်ခံရကြောင်း မသင်္ကာဖွယ် အနေအထားရှိသူတိုင်းကို မြောက်ဥက္ကလာမြို့နယ်ရှိ ဝေဘာဂီဆေးရုံကြီးသို့ တန်းပို့ကာ စစ်ဆေးစမ်းသပ်နေကြောင်း သိရသည်။ ဇူလိုင်လ (၈)ရက်နေ့အထိ ကောက်ခံရရှိသော စာရင်းများအရ ကမ္ဘာတ၀ှမ်း A/H1N1 တုပ်ကွေးကူးစက်ခံရသူ (၁၀၅၂၄၆)ဦးနှင့်အထက် ရှိနေပြီး (၅၄၅)ဦးမျှ အနည်းဆုံး သေဆုံးခဲ့ကြောင်း သိရသည်။

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်