Saturday, March 21, 2009

အာဇာနည်မျိုးမည်သည် ဤ သို့ ..စွန့်လွှတ်ရဲ စွန့် လွှတ်မြဲ

သခင်မကြီးဒေါ်လှကြည် သို့ မဟုတ် ယုဝတီ ကြည်ဦး (၁၉၂၅ - ၂ဝဝ၉)


စာရေး ဆရာမကြီး "ကြည်ဦး (၁၉၂၅ - ၂ဝဝ၉)" ရဲ့ အတ္ထုပ္ပတ္တိ အကျဉ်း ကို ဇွန်ပွင့် စာအုပ်တိုက်က ၂ဝဝ၅ ခု၊ ဇန်နဝါရီလမှာ ပထမ အကြိမ် ထုတ်ဝေ ဖြန့်ချိခဲ့တဲ့ 'စာပေမောင်နှံတို့ရဲ့ ရွှေလက်ရာများ' စာအုပ်ကနေ ပြန်လည် ကူးယူ ဖော်ပြတာ ဖြစ်ပါတယ်။

အမည်အရင်း ဒေါ်လှကြည်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်၊ တောင်စွန်း ဇာတိ ဖြစ်သည်။ အဖ ဗိန္ဒောဆရာကြီး ဦးသက်နှံနှင့် အမိ ဒေါ်ငွေယုန်တို့မှ ၁၂၈၇ ခုနှစ်၊ ဝါဆို လဆန်း ၅ရက်၊ (၂၃ - ၆ - ၁၉၂၅) တွင် ဖွားမြင်သည်။ မွေးချင်း ခြောက်ယောက်တွင် ငါးယောက်မြောက် ဖြစ်သည်။ အစ်ကိုနှစ်ယောက်၊ အစ်မနှစ်ယောက်နှင့် ညီမတယောက် ရှိသည်။
တောင်စွန်း ဆရာကြီး ဦးထွန်းလှ၏ မူလတန်းကျောင်းတွင် ငယ်စဉ်က ပညာ သင်ယူခဲ့သည်။ စစ်ပြီးခေတ်တွင် မိသားစုနှင့် အတူ ရန်ကုန်သို့ ပြောင်းလာသည်။ ပြည်ဆရာကြီး ဦးလေ၊ ဆရာကြီး မွန်းဓာတု ပညာရိပ်သာတို့မှာ ပညာ ဆက်လက် သင်ယူ၍ ၁၉၅၁ ခုနှစ်တွင် တက္ဗသိုလ်ဝင်တန်း ဖြေဆိုသည်။
ဗလစ လူငယ် အစည်းအရုံးမှ ဖွင့်လှစ် သင်ကြားပေးသည့် သိုင်းသင်တန်းသို့ တက်ရောက်ရင်း သိုင်းပညာ ပြန့်ပွားရေး အတွက် ဝတ္ထုဆောင်းပါး၊ ကဗျာပြိုင်ပွဲ ပြုလုပ်ရာတွင် သက်လုံ ဝတ္ထုဖြင့် ရွေးချယ်ခံရသည်။ ဤဝတ္ထုကို ဆရာ ဦးချစ်သန်းက တိုင်းရင်းမေ ဂျာနယ်သို့ ပို့ပေးရာမှ စာပေနယ်သို့ စတင် ရောက်ရှိသည်။
၁၉၅၂ ခုနှစ်၊ မြဝတီ မဂ္ဂဇင်း ထုတ်ဝေသော အခါ မဂ္ဂဇင်းနှင့် ပတ်သက်၍ အကြံပြု ဝေဖန်စာ ပြိုင်ပွဲ ပြုလုပ်ရာ၌ ဝေဖန်စာ ပေးပို့လျှင် ဆုရသဖြင့် အယ်ဒီတာချုပ် ဗိုလ်မှူး ဘသောင်း (မောင်သုတ) က သူရေးသားသည့် 'တစ်က္ဆွန်းသို့' စာအုပ်နှင့် ငွေ နှစ်ဆယ့်ငါးကျပ်၊ ပတ်ကားငါးဆယ့်တစ် ဖောင်တိန် တချောင်း ချီးမြှင့်သည်။
၁၉၅၃ ခုနှစ်တွင် လူထု ပညာရေး ကောင်စီမှ ထုတ်ဝေသည့် လူထုပညာ စာစောင်တွင် လက်ထောက် အယ်ဒီတာ ဖြစ်လာသည်။ ယဉ်ကျေးမှု၊ နော်ရထာ၊ သမဝါယမ၊ စာပေဗိမာန်၊ အထောက်တော်၊ မြတ်ရတနာ စသည့် မဂ္ဂဇင်းများ၌ ဝတ္ထု ဆောင်းပါးများ ရေးသားခဲ့သည်။ တေးပဒေသာ မဂ္ဂဇင်းတွင် ပင်တိုင်အဖြစ် လစဉ်ဝတ္ထု တပုဒ် ရေးရသည်။ ငွေတာရီ၊ မြဝတီ၊ ရှုမဝ၊ မိုးဝေတို့တွင် ဆောင်းပါးများစွာ ရေးခဲ့သည်။
၁၉၅၉ ခုနှစ်တွင် ဖွဲ့စည်းသည့် 'မြန်မာနိုင်ငံ စာပေ ပြန့်ပွားရေး အသင်း' တွင် စတင် တည်ထောင်သူ အဖြစ် ပါဝင်ခဲ့သည်။ ယုဝတီဂျာနယ်တွင် ဆရာမကြီး ဒဂုန်ခင်ခင်လေး လက်ထက်မှ စ၍ ဆရာမကြီး ကွယ်လွန်ပြီးသည် အထိ အယ်ဒီတာ အဖြစ် ၆ နှစ်ခန့် ဆောင်ရွက်ခဲ့သည်။
ရေးသား ထုတ်ဝေခဲ့သည့် စာအုပ်များမှာ မြန်မာ့ရိုးရာ စကားထာ၊ ကလေးကြေးမုံ ငှက်မျိုးစုံ၊ ကလေးကြေးမုံ ပင်မျိုးစုံ၊ ရှေးထုံးစဉ်လာ မြန်မာမှုများ၊ ကိုကိုတို့ အရွယ်၊ မေ့ကွက်ကိုရှာ၊ အလောင်းတော်ကဿပ တောလား၊ လူဝင်စားများနှင့် တွေ့ဆုံခြင်း၊ ဗုဒ္ဓဂယာ ဓမ္မခရီး၊ ထူးဆန်းအံ့ဘွယ် ပရလောကနယ် စသည့် စာအုပ်များ ဖြစ်သည်။
သခင်မကြီး ဒေါ်ကြည်ဦး (ခ) စာရေး ဆရာမကြီး ယုဝတီကြည်ဦးသည် ၂ဝဝ၉ ခုနှစ်၊ မတ်လ ၂ဝ ရက် သောကြာနေ့ ည ၈ နာရီ ၁၅ မိနစ်ခန့်တွင် ရန်ကုန်မြို့ နေအိမ်၌ ကွယ်လွန် အနိစ္စ ရောက်ခဲ့ရသည်။


၁၉၈ဝ ခုနှစ်များက ဆရာမကြီး ကြည်ဦး၊ ဆရာကြီး နန်းညွန့်ဆွေ၊ သား ဇာဂနာနှင့် အခြား လူရွှင်တော် ၂ ဦးတို့ကို အတူ တွေ့ရစဉ်။ (ဓာတ်ပုံ - မိုးမခ)

မြန်မာ့ သတင်းဆက်သွယ်ရေး နည်းပညာအဖွဲ့/နည်းပညာနှင့် မြန်မာ့ ကွန်ရက် မော်ကွန်းတိုက်/စာပေ၊ သတင်းနည်းပညာနှင့် လွတ်လပ်ငြိမ်းချမ်းသော နိုင်ငံတော် မှတင်ဆက်သည်။

ရဲရင့်ငယ် blog မှ

မဇ္ဈိမသတင်းဌာန
သောကြာနေ့၊ မတ်လ 20 2009 21:56 - မြန်မာစံတော်ချိန်
ချင်းမိုင် (မဇ္ဈိမ) ။ ။ နာဂစ်မုန်တိုင်းဒဏ်ခံ ဒုက္ခသည်များကို ကူညီမှုပြုရင်း အဖမ်းခံရသူ နိုင်ငံကျော် လူရွှင်တော် ကိုဇာဂနာ၏ မိခင် ဒေါ်ကြည်ဦးမှာ ယနေ့ညတွင် ကွယ်လွန်အနိစ္စ ရောက်သွားသည်။သည်းခြေပြွန်လမ်းကြောင်းတွင် ကင်ဆာဖြစ်ပွား၍ ဝေဒနာခံစားနေရသူ အသက် ၈၃ နှစ်အရွယ် စာရေးဆရာမကြီးသည် သောကြာနေ့ည ၈ နာရီ ၁၅ မိနစ်တွင် ရန်ကုန်မြို့ နေအိမ်တွင် ကွယ်လွန်သွားခြင်း ဖြစ်သည်။သူမ အသည်းအသန် နာမကျန်း ဖြစ်နေသော်လည်း မြစ်ကြီးနား အကျဉ်းထောင်ရှိ သားဖြစ်သူ စိတ်မကောင်းမှာစိုး၍ အသိမပေးဘဲ ထားစေခဲ့သည်။”ကိုဇာဂနာသိရင်တော့ အရမ်း ဝမ်းနည်းသွားမှာပဲ၊ ကျမတော့ ထောင်အာဏာပိုင်တွေကနေတဆင့် သူ့ဆီရောက်အောင် အကြောင်းကြားခိုင်းလိုက်ပြီ” ဟု ကိုဇာဂနာ၏ ခယ်မဖြစ်သူ မငြိမ်းက မဇ္ဈိမ သို့ ပြောသည်။
ဘီလင်းမြို့ ဇာတိဖြစ်သော ဆရာမကြီးသည် စာပေလောကသို့ ငယ်ရွယ်စဉ်ကပင် ဝင်ရောက်ခဲ့ပြီး ”မေ့ရက်တဲ့ မောင်”၊ ” ရှေးရိုးစဉ်လာ မြန်မာမှုများ”၊ အလောင်းတော်ကဿပသွား တောလား”၊ ” ဗုဒ္ဓဂါယာ ၂၁ ရက် ခရီးစဉ်”၊ ” ဝိသာခါ ဒေဝီ” တို့အပါအဝင် စာအုပ်များနှင့် ဆောင်းပါးများစွာ ရေးသားခဲ့သည်။၁၉၈၈ ခုနှစ် ရှစ်လေးလုံး လူထုအုံကြွရာတွင် ဟောပြောမှု ကိုယ်တိုင်ပြုလုပ်ခဲ့ရာ အာဏာပိုင်များ၏ စစ်ဆေးမေးမြန်းမှု ခံခဲ့ရဖူးသည်။ကွယ်လွန်ခါနီးအထိ ထောင်ကျနေသော သားဖြစ်သူကို တွေ့လိုဇောပြင်းပြခဲ့ပြီး ”သား (ကိုဇာဂနာ) စိတ်နဲ့ပဲ ဆုံးသွားတာဟု” သားဖြစ်သူ ကိုတေဇက ပြောသည်။ရေပန်းစားသော ဟာသများကို ပြောင်မြောက်စွာ ဖန်တီးခဲ့သော ကိုဇာဂနာမှာ အီလက်ထရောနစ်အက်ဥပဒေ၊ နိုင်ငံတော် လုံခြုံရေးနှင့် ဗီဒီယို အက်ဥပဒေများဖြင့် ထောင်ဒဏ် ၃၅ နှစ် ကျခံနေရသည်။
နိုင်ငံရေးစိတ်ပြင်းထန်သော သားဖြစ်သူကို စစ်အစိုးရက အကြိမ်ကြိမ် ထောင်ချခဲ့သော်လည်း ဆရာမကြီးသည် တွန့်ဆုတ်ခြင်းမရှိဘဲ သတင်း မီဒီယာများကို မေးသည်ကို ရဲဝံ့စွာ အစဉ်အမြဲ ဖြေကြားခဲ့သူ ဖြစ်သည်။ဆရာမကြီး၏ ဆန္ဒအရ ရုပ်အလောင်းကို မနက်ဖြန် စနေနေ့တွင် သဂြိုလ်မည်ဟု မိသားစုဝင်များက ပြောသည်။
ကွယ်လွန်ချိန်တွင် ခင်ပွန်းဖြစ်သူ ဦးအောင်သိန်း ခေါ် စာရေးဆရာကြီး နန်းညွန့်ဆွေ၊ သားများဖြစ်သော ကိုတေဇ နှင် ကိုဇာဂနာတို့ ကျန်ရစ်သည်။

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်