Tuesday, February 10, 2009

မန္တလေးမြို့သစ်တွင် မီးလောင်

ယမန်နေ့က မန္တလေးမြို့သစ် မြရည်နန္ဒာတွင် မီးလောင်နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ - အောင်ချမ်းလင်း)
မန္တလေးမြို့သစ် မြရည်နန္ဒာ ရပ်ကွက်တွင် ယမန်နေ့ ညနေ ၃ နာရီဝန်းကျင်က မီးလောင်ကျွမ်းရာ အိမ်ခြေပေါင်း ၃၀၀ ကျော် ပျက်စီးဆုံးရှုံး သွားကြောင်း မန္တလေး မီးသတ်ဌာနနှင့် ဒေသခံများက ပြောသည်။

အဆိုပါ မီးလောင်မှုသည် ပုဂ္ဂလိက ဓာတ်ဆီ အရောင်းဆိုင်မှ စတင်လောင်ကျွမ်းခြင်းဖြစ်ပြီး လူအသေအပျောက် မရှိကြောင်း သိရသည်။

“အိမ်ခြေ ၃၀၀ ၀န်းကျင်လောက်ပါ၊ လူအသေ အပျောက်လည်း မရှိပါဘူး၊ လောင်ရင်း အကြောင်းကတော့ ဓာတ်ဆီ အရောင်းဆိုင်က ဆိုင်ကယ် ဆီဖြည့်ရင်း စလောင်တာလို့ သိရပါတယ်၊ အသေးစိတ်ကတော့ ပြောလို့ မရပါဘူး”ဟု မန္တလေး ဗဟိုမီးသတ်ဌာနမှ ၀န်ထမ်းတဦးက ဧရာဝတီသို့ ပြောပြသည်။

ယမန်နေ့ညနေ ၃ နာရီခန့် မှ ၅ နာရီ ၀န်းကျင်အထိ ၂ နာရီခန့်မီးလောင်ခဲ့ပြီး ယနေ့နံနက် စစ်ဆေးမှုအရ အိမ်ခြေ ၅၀၀ ကျော် လောင်ကျွမ်းကြောင်း၊ မီးဘေး ဒုက္ခသည်များကို ဓမ္မာရုံနှင့် စာသင်ကျောင်း ဘောလုံးကွင်းများတွင် စုစည်းထားရှိကြောင်း မန္တလေးမြို့သစ် ဒေသခံ တဦးက ပြောသည်။

“မနေ့ညက အိမ်ခြေ ၃၀၀ ကျော်လောက်လို့ သိရပေမယ့် ဒီနေ့မှာ ၅၀၀ တောင် ကျော်မယ်လို့သိရတယ်၊ ဒီနေ့ မနက် ပြန်ပြီးစစ်တော့လေ၊ လူအရေ အတွက်ဆိုရင်တော့ များမှာပေါ့၊ လူအသေ အပျောက်တော့ အသေအချာ မသိရ သေးဘူး”ဟု ၎င်းက ပြောဆိုသည်။

မီးလောင်ရာသို့ မီးငြှိမ်းသတ်ရန် လာသည့်မီးသတ်ကားများမှာ မန္တလေးမြို့ထဲမှ လာရသောကြောင့် အချိန် နောက်ကျ၍ ရောက်ရှိလာရာ ယခုကဲ့သို့ လောင်ကျွမ်းမှု များပြားရခြင်း ဖြစ်ကြောင်းလည်း သိရသည်။

“မီးသတ်က မီးလောင်လို့ မိနစ် ၂၀ လောက်ကြာမှ ရောက်လာတော့ တော်တော်တော့ ကုန်သွားတာပေါ့၊ မီးသတ်နဲ့က ဝေးတယ်၊ မြို့သစ်ဆိုတော့ အစွန်အဖျားမှာ၊ ကျမတို့ရှေ့မှာ အောင်သာယာပဲ ရှိတော့တယ်၊ ဒါတောင် မှ လမ်းကောင်းလို့ မီးသတ်က အမြန်ရောက်လာတာ၊ အခုလမ်းတွေက ခင်းထားလို့ အရင်လိုသာဆို မလွယ်ဘူး၊ ဒီမြရည်နန္ဒာက မီးသတ်က ဘာမှလုပ်လို့ မရဘူး၊ ပျက်နေတာ များတယ်၊ မြို့ထဲက မီးသတ်လာလို့ နိုင်သွားတာ” ဟု အထက်ပါ မန္တလေးမြို့သစ် ဒေသခံ က ပြောဆိုသည်။

ယနေ့တွင် ယင်းမီးလောင်ရာ နေရာသို့ မန္တလေးတိုင်းမှူး ဗိုလ်ချုပ်တင်ငွေနှင့် ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ စည်ပင် သာယာအဖွဲ့များနှင့် သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့များက လာရောက် ကြည့်ရှုသွား ကြောင်းလည်း သိရသည်။ http://www.irrawaddy.org/bur/index.php?option=com_content&view=article&id=697:2009-02-10-10-40-41&catid=1:news&Itemid=2

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်