Wednesday, February 25, 2009

ကြံဖွတ် နဲ့ သူငယ်ချင်း မလုပ်ချင်..

နိုင်ငံခြားဘာသာတက္ကသိုလ်တွင် အမှတ်မမှီသည့် ကြံ့ဖွံ့များ တက်ရောက်နေသည့်အတွက် အခြားကျောင်းသားများ မကျေမနပ်ဖြစ်နေ
Wednesday, 25 February 2009 14:47 ဖြိုးကြီး

နိုင်ငံခြားဘာသာတက္ကသိုလ်တွင် အမှတ်မပြည့်မှီဘဲ တက်ရောက်နေသည့် ကြံ့ဖွံ့အဖွဲ့ဝင်များ ရှိနေသည့်အတွက် အခြားကျောင်းသားကျောင်းသူများက မကျေမနပ်ဖြစ်နေကြသည်။

အဆိုပါတက္ကသိုလ်တွင် အင်္ဂလိပ်၊ ဂျပန်နှင့် တရုတ် မေဂျာများတွင် တက်ရောက်ရန် သတ်မှတ်ထားသည့် အမှတ်စာရင်းမပြည့်မှီဘဲ ကြံ့ဖွံ့အဖွဲ့ဝင်များက တက်ရောက်ခွင့်ရနေသဖြင့် မေဂျာတူ ကျောင်းသားကျောင်းသူများက မကျေနပ်ကြခြင်းဖြစ်သည်။

“ဒီနှစ်ထဲမှာ ကျမတို့ ဂျာမန်မေဂျာက လဝန်းသော်တာက ပထမနှစ် နှစ်ဝက်လောက်မှာ အင်္ဂလိပ်မေဂျာကို ပြောင်းသွားတယ်၊ အဲဒါကို လိုက်စုံစမ်းကြည့်တော့ အမှတ်လဲမမှီဘူး၊ ဒါပေမဲ့ ကြံ့ဖွံ့အဖွဲ့ဝင်ဖြစ်လို့ ပြောင်းလို့ရတာလို့ ပြောတယ်၊ တခြားမေဂျာက ကြံ့ဖွံ့တွေလဲ အင်္ဂလိပ်မေဂျာကို ပြောင်းတာအများကြီးပဲ၊ ကျောင်းသားတွေက အဲဒါကို မကျေနပ်ဖြစ်နေတာ” ဟု ဂျာမန်မေဂျာကျောင်းသူတဦးက ပြောသည်။

ယခုလက်ရှိ အင်္ဂလိပ်မေဂျာတွင် တက်ရောက်နေလျှက်ရှိသည့် ကျောင်းသားကျောင်းသူများမှာ ယင်းကိစ္စနှင့်ပတ်၍ မကျေမနပ်ဖြစ်ပြီး ကျောင်းထွက်သွားကြသူများလည်း ရှိကြောင်း အဆိုပါကျောင်းသူက ဆက်ပြောသည်။

“တချို့ကျောင်းသားတွေ ကျောင်းထွက်သွားကြတာ ရှိတယ်၊ အဲဒီကိစ္စကြောင့်ပဲ၊ သက်ဆိုင်ရာကို တင်ပြတော့လဲ ဘာမှာ ထိထိရောက် ရောက် မလုပ်ဘူး၊ အခုဆို အဲဒီကြံ့ဖွံ့တွေက အင်္ဂလိပ်မေဂျာမှာ အယောက် ၂၀ လောက်ရှိတယ်၊ အမှတ်မှီလို့ တက်နေရတဲ့သူတွေက တော်တော်မကျေနပ်ပေမဲ့ ဘာမှမတတ်နိုင်ဘူး” ဟု ၎င်းက ဆက်ပြောသည်။

အင်္ဂလိပ်မေဂျာမှ ကျောင်းသားကျောင်းသူများက ပါမောက္ခချုပ် ဦးမျိုးမြင့်ထံသို့ ၎င်းကြံ့ဖွံ့များနှင့် ရောနှော၍ မသင်ကြားလိုကြောင်း တင်ပြသော်လည်း အထက်အမိန့်ကို မလွန်ဆန်နိုင်ကြောင်း ပြောဆိုလိုက်သည်ဟု ပြောသည်။

“ဦးမျိုးမြင့်က စည်းကမ်းအကြောင်း ပါးစပ်က တဖွဖွပြောနေပြီး အခုကိစ္စကိုတင်ပြတော့ အထက်ကအမိန့်ကို လွန်ဆန်လို့မရဘူးလို့ ပြောလိုက်တယ်” ဟု ပြောသည်။

စစ်အစိုးရအာဏာပိုင်များက ကြံ့ဖွံ့အဖွဲဝင်များကို ယခုကဲ့သို့ ပြည်သူလူထု၊ ကျောင်းသားကျောင်းသူများနှင့် ဝန်ထမ်းများအကြားတွင် အခွင့်ထူးများပေးထားသည့်အတွက် မကျေနပ်မှုများ နေရာအနှံ့ ဖြစ်ပေါ်နေလျှက်ရှိသည်။

ကျန်းမာရေးဝန်ကြီးဌာန၊ ဒု-ဝန်ကြီး ဒေါက်တာပိုင်စိုးရဲ့ ဥပဒေမဲ့ လုပ်ရပ်။
သားဖြစ်သူအတွက်၊ ဥပဒေမဲ့လုပ်ရပ်ကျူးလွန်ထားတဲ့၊ ကျန်းမာရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါက်တာပိုင်စိုးကြောင့်၊ ဆေး တက္ကသိုလ် လောကအတွင်း၊ ဆူဆူညံညံဝေဖန်သံတွေ၊ ကြားနေရပါ တယ်။

စစ်အာဏာရှင်ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ဆွေမျိုးတော်စပ်မှုကို၊ အခွင့်အရေးယူခါ၊ ဌာနမှထုတ်ပြန်ထား သောဥပဒေကို၊ ဘေးဖယ်ထားပြီး၊ မိမိ၏သားဘွဲ့ရရှိရေးအတွက်၊ အတင်းအကျပ်အမိန့်ပေးဆောင်ရွက် စေခဲ့မှုအပေါ်၊ ဆေးတက္ကသိုလ်ဝန်ထမ်းများမှ၊ မကြေမနပ်ဖြစ် နေကြကြောင်း၊ ကြားသိရပါတယ်။

ဆေးတက္ကသိုလ်နောက်ဆုံးနှစ်၊ အပိုင်း(ခ) အောင်မြင်ပြီးသောအခါ၊ သက်ဆိုင်ရာဆေးရုံများတွင်၊ အလုပ်သင်ဆရာဝန် (House Surgeon) အဖြစ်၊ တနှစ်ခန့်တာဝန်ထမ်းဆောင်ရင်း၊ ဆေးပညာ (Medicine)၊ ခွဲစိတ်ပညာ (Surgery)၊ မီးယပ်သားဖွားပညာ (O.G) နှင့် ကလေးဆေးပညာ (Paediatrics) တို့ကို၊ (ဘာသာရပ်တခုစီအတွက်၊ သုံးလခန့်)ဆက်လက်သင်ကြားလေ့လာရပါတယ်။

အလုပ်သင်ဆရာဝန်အဖြစ်၊ တနှစ်ပြည့်ပြီးသည့်အခါ၊ သက်ဆိုင်ရာပါမောက္ခများမှ၊ ကျေနပ်ဖွယ်ရှိ ကြောင်း၊ လက်မှတ်ရေးထိုးပေးမှသာ၊ ဘွဲ့နှင်းသဘင်တက်ရောက်ခွင့်ရရှိပြီး၊ M.B,B.S ဘွဲ့ကိုပေးအပ် တာပါ။

ဒုတိယဝန်ကြီး၊ဒေါက်တာပိုင်စိုးရဲ့သားဖြစ်သူ၊ “သက်စိုးပိုင်” နဲ့ အပေါင်းအပါ၊ ခုနှစ်ဦးဟာ၊ အလုပ်သင် ဆရာဝန်အဖြစ်၊ (၆လခန့်)တာဝန်ထမ်းဆောင်ရန် ပျက်ကွက်ခဲ့သော်လည်း၊ ဆေးတက္ကသိုလ်(၁)ရဲ့ (၄၅)ကြိမ် မြောက်ဘွဲ့နှင်းသဘင်ကို၊ အပြုံးဝေဝေဆာဆာနဲ့၊ တက်ရောက်ခဲ့တာတွေ့ကြရပါတယ်။

သက်စိုးပိုင်ဟာ၊ Medicine နဲ့ O.G ဘာသာရပ်တို့အတွက်၊ (၆)လခန့်၊ ဆေးရုံဆင်းရန်ပျက်ကွက်ခဲ့ ပါတယ်။ ဒါကြောင့် သက်ဆိုင်ရာ ပါမောက္ခတွေက၊ လက်မှတ်ရေးထိုးပေးခြင်း၊ မရှိတာကြောင့်၊ ဘွဲ့နှင်း သဘင်တက်ရောက်ခွင့်မရှိကြောင်း၊ စာထွက်လာခဲ့ပါတယ်။ ဒီအခါမှာတော့၊ဒုဝန်ကြီးဒေါက်တာပိုင်စိုး တယောက်ဒေါသပုန်ထပြီး၊ လက်မှတ်ရေးထိုးပေးခြင်းမရှိတဲ့၊ ပါမောက္ခများကို၊ အာဏာပြ ဟိန်းဟောက် ခြိမ်းခြောက်ပါတော့တယ်။

သားဖွားမီးယပ်ပါမောက္ခ၊ဒေါက်တာချယ်ရီသန်းသန်းတင်မှာ၊ အငြိမ်းစားယူရန်၊ တလခန့်သာလိုတော့ တာကြောင့်၊ အလျော့ပေးကာ၊ လက်မှတ်ရေးထိုးပေးလိုက်ပါတယ်။ ဆေးပညာပါမောက္ခဒေါက်တာ ညွှန့်သိန်းကတော့၊ အဆူအဆဲဒဏ်ကြံကြံခံ၍၊ လက်မှတ်မရေး ထိုးဘဲ၊နေခဲ့ပါတယ်။ နောက်ဆုံးမှာ တော့၊ အထက်အာဏာပိုင်အဖွဲ့ရဲ့၊ အထူးညွှန်ကြားချက်အမိန့်နဲ့၊ သက်စိုးပိုင် နှင့် အပေါင်းအပါ(၇)ဥိး ကို၊ ဘွဲ့နှင်းသဘင် တက်ရောက်ခွင့်ပြုလိုက်ရပါတယ်။

ဒီကိစ္စကြောင့် ဆေးတက္ကသိုလ်(၁)၊ ပါမောက္ခချုပ်၊ ဒေါက်တာအေးမောင်ဟန်က၊ နှုတ်ထွက်ခွင့်တောင်းခံခဲ့ ပါတယ်။ ယခင်ကလည်း၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့မြေး၊ “နေရွှေသွေးအောင်(ခ)ဖိုးလပြည့်” ရဲ့ချစ်သူ နေခြည်လင်းလဲ့ နှင့် သူ့အပေါင်းအသင်းတွေ၊ ကျောင်းခေါ်ချိန် မပြည့်လို့၊ စာမေးပွဲဖြေဆိုခွင့်မပြုခဲ့တဲ့ ကိစ္စနဲ့ပါတ်သက်ပြီး၊ အာဏာပိုင်အဖွဲ့အစည်း၊ ဖိအားပေးစဉ်က၊ တကြိမ် နှုတ်ထွက်ခွင့် တောင်းခံခဲ့ဘူး ပါတယ်။ ဆရာကြီးအား Extension ပေးထားတာ၊ (၂)နှစ်ခန့်ရှိပြီဖြစ်သော်လည်း၊ နှုတ်ထွက်ခွင့်လုံးဝမ ပြုပါ။

မြန်မာနိုင်ငံ ဆေးပညာလောကရဲ့၊ ဂုဏ်သိက္ခာကို၊ ဆွေမျိုးသားချင်းတွေအတွက်၊ အမိန့်အာဏာတွေ ပေးပြီး၊ ဖျက်ဆီးနေတာကြောင့်၊ အရည်အချင်းမပြည့်မှီတဲ့၊ ဆရာဝန်တွေမွေးထုတ်ရာ၊ နေရာတခု အဖြစ်၊ ရောက်ရှိတော့မှာကို၊ တွေးပြီးရင်လေးမိရပါတယ်။

--
လွတ်လပ်ရေးလိုခြင်ရင် လွတ်လပ်ရေးတိုက်ပွဲမှာ ပါဝင်ဖို့ လိုအပ်ပါတယ်။ သင်ကိုယ်တိုင် ဖြတ်သန်းနေရတဲ့ မြန်မာနိုင်ငံရဲ့ ခေတ်ဆိုး ကြီးမှာ သင့် သား၊ မြေး၊ မြစ် ....များကို သင့်လိုဖြတ်သန်းစေခြင်ပါသလား။ သင့်မျိုးဆက်များ ဘာသာမဲ့စစ်အာဏာရှင် လက်အောက် ကနေလွတ်မြောက်ဖို့ သင့်မှာတာဝန်ရှိပါတယ်။ သင့်နိုင်ငံကို ကမ္ဘာအမှာ ရင်ဘောင်တန်းနိုင်တဲ့နိုင်ငံတစ်နိုင်ငံဖြစ် ဖို့ တတ်နိုင်တဲ့ဖက်က တိုက်ပွဲဝင်ကြပါ။ သေနတ်ကိုင်တိုက်မှ တိုက်ပွဲဝင်တာမဟုတ်ပါဘူးဆိုတာ အားလုံးသိစေခြင်ပါတယ်။

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်