Saturday, February 28, 2009

ဘန်ကီမွန်း၊ အင်အယ်လ်ဒီ၊ ဆန်ရှင်နှင့် မြေခွေးမြီးပြတ်များ

Saturday, February 28, 2009
နအဖရဲ့ အစာကို မြင်ပြီး ထောင်ချောက်ကို မမြင်တဲ့အတွက် နအဖအယုံသွင်း အသုံးချတာခံပြီး ယောင်တီး ယောင်တနဲ့ ပြည်တွင်းဝင် ဆွေးနွေးပွဲထိုင်ခဲ့လို့ အမြီးပြတ်ခဲ့တဲ့ မြေခွေးတွေ ဘယ်လောက်ရှိနေပြီ ထင်ပါသလဲ။ အင်အယ်လ်ဒီသည် ဘယ်သောအခါမှ မြေခွေးအမြီးပြတ် လုပ်မည်မဟုတ်ပါ။
လွန်ခဲ့တဲ့ သုံးလေးရက်လောက်က ဗီအိုအေဦးကျော်ဇံသာနဲ့ ဦးအေးသာအောင်၊ ဒေါက်တာဦးသောင်းထွန်းတို့ ဆွေးနွေး ခန်းတစ်ခုမှာ ကုလအတွင်းရေးမှူး ဘန်ကီမွန်း မြန်မာပြည်ကို သွားသင့်မသင့် ဆွေးနွေးကြပါတယ်။

ဆွေးနွေးပွဲရဲ့ အဓိက အခြေခံ(Theme)အဖြစ် ဦးကျော်ဇံသာက ဇောင်းပေးသွားတာက တစ်ခုခုရမှ၊ အနည်း ဆုံးအားဖြင့် နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးနိုင်မယ်ဆိုမှ ဘန်ကီမွန်းက သွားမယ်လို့ မသွားခင် တောင်း ဆိုနေတာထက် အရင်ရောက်အောင်သွားပြီးမှ တစ်ခုခုရအောင် (သို့မဟုတ်) နိုင်ငံရေး အကျဉ်းသားတွေလွှတ် အောင် ဆွေးနွေးတာ ပိုမဖြစ်သင့်ဘူးလားဆိုတာဖြစ်ပါတယ်။

တချို့ကိစ္စတွေမှာ စကားအရ ချက်ကျလက်ကျ၊ သဘာဝကျကျ၊ ယုတ္တိကျကျ ပြောနိုင်ပေမဲ့ တစ်ကယ် အကောင် အထည်ဖေါ်တဲ့အခါမှာ ဘယ်လိုမှ လက်တွေ့မကျ၊ အံမကျနဲ့ အလုပ်မဖြစ်နိုင် တာတွေရှိ တတ်တယ်ဆိုရင် ဦးကျော်ဇံသာရဲ့ အထက်ပါဆွေးနွေးပွဲဟာ အတိအကျ ဥပမာတစ်ခုဖြစ်ပါတယ်။

အမေရိကန်သမတ ဘရက်အိုဘားမားက ကြိုတင်လိုအပ်ချက် (Preconditon)တွေ မထားဘဲ အီရန်နဲ့ ဆွေးနွေးမယ်လို့ပြောခဲ့တာနဲ့ ပတ်သက်ပြီး ဝေဖန်တိုက်ခိုက်မှုတွေကို အိုဘားမားက “ကျုပ်က အီရန်သမတနဲ့ လက်ဖက်ရည်ထိုင်သောက်ပြီး အပြင်းပြေ အလ္လာပ သလ္လာပ စကားစမည်ပြောဖို့ သွားမှာမဟုတ်ဘူး”လို့ ပြန် ချေပခဲ့ ပါတယ်။

ကမ္ဘာ့ရေးရာကိစ္စတွေမှာ ထူးခြားတဲ့ ၀ိသေသတွေနဲ့အတူ တစ်ခုတည်းသော အင်အားအကြီးဆုံး နိုင်ငံပေါင်း စုံအဖွဲ့အစည်းကြီးတစ်ခုရဲ့ တာဝန်အရှိဆုံး အမှုဆောင်အရာရှိချုပ်တစ်ဦးဖြစ်တဲ့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်က ဒီလောက်များမြောင်လှတဲ့ ကမ္ဘာလုံးဆိုင်ရာ ကိစ္စအထောင်အသောင်းတွေကို မအားမ လပ်ဆောင်ရွက်နေရတဲ့ကြားက မြန်မာပြည်ကို အချိန်ပေးပြီး သွားရောက်ဆွေးနွေးဖို့ကိစ္စကို ကိုဇာနည်တို့၊ ကိုဇော်မင်းဦးတို့ရဲ့ ခရီးစဉ်နဲ့ ရောထွေးပြီး တန်းတူထား မစဉ်းစားသင့်ဘူးလို့ ထင်ပါတယ်။

ဘန်ကီမွန်းလို တာဝန်ကြီးတဲ့၊ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တစ်ဦးကို တကူးတက အချိန်ပေး မြန်မာပြည်လာပြီး ဗိုလ်သန်း ရွှေ ကို ရလိုရငြား ပြောကြည့်ပါ။ ငါးမရလဲ ရေချိုးပြန်ပါလို့ တိုက်တွန်းသူတွေက တိုက်တွန်းနိုင်ပေမဲ့ သိသာ မြင် သာတဲ့ တိုးတက်မှုတစ်ရပ် ဖြစ်ထွန်းဖို့ အလားအလာမရှိဘဲ၊ ဘန်ကီမွန်းလို အဆင့်ရှိသူက မလာနိုင် ဘူးဆိုတာလောက်ကိုတော့ နားလည်ပေးသင့်ကြပါတယ်။ ဒီနေရာမှာ ဘန်ကီမွန်းလာခြင်းကို ကျနော် မကန့်ကွက်သည့်အပြင် လာခြင်းကို အမြဲတမ်းကြိုဆိုပါတယ်။ ဘန်ကီမွန်းက မြန်မာ့အရေး ဖြေရှင်းလို့မပြီးမချင်း မြန်မာပြည်က မပြန်ဖူးဆိုလျင် ပိုကြိုက်ပါတယ်။ သို့သော် ဘန်ကီမွန်းအနေနဲ့ သူ့ခရီးစဉ်က သိသာတဲ့ တိုး တက်မှု တစုံတရာကို မမြင်လို့ မလာနိုင်ဘူးဆိုလျင် နားလည်နိုင်ကြောင်း၊ နားလည်သင့်ကြောင်း ဆွေးနွေးခြင်း သာဖြစ်ပါတယ်။

ဒီလိုအမြင်မျိုးနဲ့ အလွယ်ချဉ်းကပ်ပြီး လက်တွေ့မကျ အတတ(Naive)အကြံပေးမှု ပုံစံတစ်ခုကို အင်အယ်လ်ဒီနဲ့ စီးပွါးရေး ပိတ်ဆို့မှုကိစ္စ ကို ပူးတွဲစဉ်းစားတဲ့ ခုနေခါမှာ တွေ့ရှိနေရပါတယ်။ ဟိုဟာဖြစ်ရင် ဟိုလိုလုပ် လိုက်ပါလား။ ဒီဟာဖြစ်ရင် ဒီလို လုပ်လိုက်ပါလားဆိုတဲ့ အလွယ်စဉ်းစားတတ်မှု(Simplistic thinking)နဲ့ အကြံပြုတတ်သူတွေဟာ ပြောတဲ့အတိုင်း ဘယ်တော့မှမလုပ်တတ်တဲ့၊ တစ်သက်လုံး ကိုယ့်တံတွေး ကိုယ်ပြန်မြို၊ ကိုယ့်နှပ်ချေးဖတ် ကိုယ်ပြန်ကော်စားတတ်တဲ့ စစ်အာဏာရှင်တွေကို လျော့တွက်ကြဟန်တူပါတယ်။ အင်အယ်လ်ဒီကဘဲ စီးပွါးရေးပိတ်ဆို့မှုကို မတောင်းဆိုကြောင်း၊ ဆန့်ကျင်ကြောင်း ကြေညာချက်လေး တစ်ခု ထုတ်လိုက်တာနဲ့ ပြသနာ တွေ ကို ဖြေရှင်းသွားနိုင်လိမ့်မယ်လို့ ထင်နေသူများကို နအဖ၏ သဘောသဘာဝကို မေ့လွယ်နေကြတာလား။ မေ့ချင်ယောင် ဆောင် နေကြတာလားလို့ မေးခွန်းထုတ်ချင်ပါတယ်။

အချုပ်အနှောင်ခံထားရပြီး သူမရဲ့ပါတီဝင်တွေ၊ သူမရဲ့ပြည်သူတွေ၊ လွတ်လပ်တဲ့ သတင်းဌာနတွေနဲ့ အဆက် ဖြတ်ခံထားတဲ့ခေါင်းဆောင်နဲ့ သူမရဲ့ ခြေဖြတ်လက်ဖြတ်နဲ့ မသေမရှင်အထားခံရတဲ့ပါတီက ကျနော်၊ ကျမတို့မှားပါတယ်။ တပ်မတော် မှန်ပါတယ်လို့ပြောလိုက်ရုံနဲ့ စစ်အာဏာရူးတွေက စိတ်ကောင်းဝင်ပြီး ဒီမိုကရေစီစနစ်ဆီ လျောလျောရှူရှူ လျှောက်လှမ်းသွားလိမ့်မယ်ထင်ပြီး ပြသနာကို အလွယ် ကြည့်တာမျိုး (Simplistic way)ဟာ ပြည်သူလူထုနဲ့ ကမ္ဘာကို လှည့်စားဖို့ (Media Manipulation)အတွက် စားနေကြ ကြောင်ဖါးကြီး စစ်အာ ဏာရှင်တွေ ချထားတဲ့ငါးစာကိုသာ မြင်ပြီး ငါးမျှားချိတ်ကို မမြင်နိုင်ခြင်းဖြစ်ပါတယ်။

အင်အယ်လ်ဒီက ကိုယ့်လည်ပင်း ကိုယ်ကြိုးကွင်းတပ်ပြီး စစ်ဗိုလ်ချုပ်တွေရှေ့မှောက် ဒူးထောက်လိုက်ရုံနဲ့ ပြသနာတွေကို ဖြေရှင်းသွား မယ်ဆိုရင်၊ ဒီမိုကရေစီရရေးအတွက် လမ်းပွင့်သွားမယ်ဆိုရင် ပြည်သူအတွက် အင်အယ်လ်ဒီက အချိန်မရွေး မတွန့်မရွံ့အစတေး ခံနိုင်ပါတယ်။ တိုင်းပြည်သာ တစ်ကယ်အကျိုးရှိသွားပါစေ။ ယနေ့တိုင် အထုခံ၊ အချုပ်ခံ၊ အသေခံပြီးပြန်တိုက်နေတာ လူထုအတွက်ပါ။ တစ်ကိုယ်ရေ ကောင်းစားဖို့ဆိုရင် မောင့်သဘောလို့ တစ်ခွန်းပြောလိုက်ရုံနဲ့ နအဖနဲ့ နှစ်ပါးသွားပြီး အင်အယ်လ်ဒီပါတီက အချိန်မရွေး အကောင် လုပ်နိုင်ပါတယ်။ ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပါတီအဓိက၊ ငါအဓိကလို့ ဘယ်သောအခါမှ မပြောခဲ့၊ မကျင့်ခဲ့ပါဘူး။ လူထုသာ အမြဲတမ်း အဓိကဆိုတာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သင်ကြားချက်၊ ကျနော် တို့ ရဲ့ ယုံကြည်ချက်ဖြစ်ပါတယ်။

မှတ်မိကြပါသေးလား။ ဗိုလ်ချုပ်စောမောင်က နယ်ချဲ့လက်ဝေခံ ဒေါ်အောင်ဆန်းစုကြည်ကြောင့် ပြည်သူ လူထုကို ဒီမိုကရေစီပေးဖို့ နှောင့်နေးနေရတာပါဆိုပြီး လူသိရှင်ကြားမိန့်ခွန်းချွေခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က ကျမကြောင့် စစ်ဗိုလ်ချုပ်ကြီးများအနေနဲ့ လူထုကို ဒီမိုကရေစီ ပေးဖို့ခက်နေပါတယ်ဆိုရင် ကျမ မြန်မာပြည်က ထွက်ပေးပါ့မယ်။ ကျမထွက်သွားပြီးရင် လူထုကို ဒီမိုကရေစီ ချက်ချင်းပေးမယ်လို့ ဂတိပြုပါဆိုပြီး တောင်းဆို (Challenge)တော့ ဗိုလ်ချုပ်စောမောင် ပိတ်သွားတယ်လေ။

ဒီနေ့တိုင်းပြည်မှာ ရင်ဆိုင်နေရတဲ့ စီးပွါးရေးပိတ်ဆို့မှုအပါအ၀င် ပြသနာတွေအားလုံး ဖြေရှင်းနိုင်ဖို့အတွက် တပ်မတော်နဲ့ ပူးပေါင်း ဆောင်ရွက်ဖို့ အသင့်ရှိပါတယ်ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထုတ်ပြန်ချက်ကိုတော့ မလုံလောက်ပါဘူးလို့ ဘယ်လိုဆင်ခြင်တုံတရားကို အခြေခံပြီး ဆိုနိုင်ပါသလဲ။ နအဖက ပြသနာတွေကို မှန်မှန်ကန်ကန် ဖြေရှင်းလိုလျင် ပြသနာကို ဖြေရှင်းနိုင်သူနဲ့ ဆွေးနွေးဖို့လိုပါတယ်။ နအဖသာ တစ်ကယ် ရိုးသား တယ်ဆိုရင် မိမိရဲ့ ဆွေးနွေးဖက်ကို ချုပ်နှောင်ပိတ်ဆို့ထားပြီး ဓါးစာခံထား ပြန်ပေးငွေ တောင်းသလို လုပ်နေစ ရာ မလိုပါဘူး။

အချက်လေးချက်ဖြစ်တဲ့ စီးပွါးရေး ပိတ်ဆို့မှု၊ ထိတ်တိုက်ရင်ဆိုင်မှု၊ အလုံးစုံပျက်သုံးမှု၊ အထီးကျန် ဖြစ်စေမှုတွေကို အင်အယ်လ်ဒီက စွန့်လွှတ်ကြောင်း ကြေညာရမယ်လို့ အချုပ်သားနဲ့ ထောင်မှူး ဆက်ဆံရေး ပုံစံနဲ့ တောင်းဆိုထားတယ်။ ဒီကတည်းက ထောင်မှူးက ပြသနာရဲ့ အဖြေကို လိုချင်တာမဟုတ်ဘဲ၊ ဒူးထောက် အညံ့ခံမှု(Submission)ကိုသာ လိုချင်တာ အထင်အရှားပါ။ အင်အယ်လ်ဒီက ဒီစွပ်စွဲချက်တွေကို ညင်းဆိုပြီး ဆွေးနွေးလိုကြောင်း၊ တပ်မတော်နဲ့ ပူးပေါင်း ဖြေရှင်းလိုကြောင်း ပြန်ကြားထားတယ်။ လူထုထောက်ခံမှု ရရှိနေတဲ့ပါတီတစ်ရပ်ကို လူထုယုံကြည်မှုကင်းသွားအောင် အပြီးတိုင်ချေမှုန်းနိုင်ရေးအတွက် နိုင်ငံရေး သတ်တဲ့သဘောနဲ့ အတင်းဝန်ခံခိုင်းနေတာကို သိသိကြီးနဲ့ အင်အယ်လ်ဒီက ခေါင်းမလျိုနိုင်ပါဘူး။

ကဲ အခု မဟာညာဏ်ကြီးရှင်များ အကြံပြုသလို စီးပွါးရေး ပိတ်ဆို့မှုကို အင်အယ်လ်ဒီက ရုပ်သိမ်းပေးပါလို့ စာ ထုတ်ပေး တယ်ဆိုပါစို့။ နအဖက ကျုပ်တောင်းထားတာ လေးချက်ဖြစ်တယ်။ နောက်သုံးချက်ကိုပါ စွန့်လွှတ် ကြောင်း ထုတ်ပြန်ပေးပါလို့ ထပ်ဆိုလာရင် အဲဒီသုံးချက်အတွက်ပါ အင်အယ်လ်ဒီက စွန့်လွှတ်ကြောင်း ထုတ်ပြန်ပေးရမယ်လို့ ဆက်လက်အကြံပြုလိုပါသလား။ ဒီလေးချက်ပြီးရင် နောက်ဘယ်နှစ်ချက် ထပ်မလာတော့ဘူးလို့ ဘယ်မဟာ ညာဏ်ကြီးရှင်က အာမခံနိုင်ပါသလဲ။ လူသုံးယောက် ဟင်းသုံးတုံးရှိတဲ့ထမင်းဝိုင်းမှာ လက်နှစ်ဖက်စလုံးနဲ့ ဟင်းတုန်းနှစ်တုန်းကို ပြိုင်တူကိုင်ပြီး နောက်တစ်တုန်းကို မျက်စောင်းထိုးနေတဲ့ စစ်အာဏာရှင်တွေ လိုချင်တိုင်းသာ ဖြေ့ပေးရမယ်ဆိုရင် တိုင်းရင်းသားပေါင်းစုံ ပြည်သူလူထုဟာ အရင်အတိုင်း မြောက်လောင်းသာဖြစ်နေမှာကို ကျနော်တို့က သိထားပြီးဖြစ်ပါတယ်။

ဖြစ်စဉ်တွေကို ပြန်ကြည့်ပါ။ ကိုယ့်ပြည်တွင်း ပြသနာတွေကို ကိုယ့်ပြည်သူအချင်းချင်းသာ ဖြေရှင်းရမယ်။ နိုင်ငံခြားကို အားမကိုးနဲ့လို့ သူတို့ဘဲပြောတယ်။ တစ်ခါ သူတို့ကဘဲ ကိုယ့်ဆွေးနွေးဖက်တွေနဲ့ ဆွေးနွေး အဖြေရှာရမဲ့အစား ထောင်ချပစ်တယ်။ တစ်ကယ်တော့ နအဖသာရိုးသားရင် နအဖနဲ့ အင်အယ်လ်ဒီ ဆွေးနွေးပွဲ မှာ ကုလပါဖို့ မလိုပါဘူး။ နအဖက ကလီကမာနဲ့ မဆွေးနွေးလိုလို့သာ ကုလက ကြားဝင်လာရတာပါ။

ဖွဲ့စည်းပုံရေးဆွဲရေး ညီလာခံကို ပြန်ကြည့်ပါ။ ဘယ်သူကမှ ကန့်ကွက်လို့မရ ချပြထားတဲ့အတိုင်းသာ ဆွေးနွေး ရတဲ့ ဖွဲ့စည်းပုံအခြေခံရေးဆွဲရေးကို ဆယ့်သုံးနှစ်ကျော်အောင် ဘာလို့ ကြာခဲ့ရသလဲ။ ဘာတွေကို ဘယ်သူ တွေက လေးလေးနက်နက် ဆွေးနွေးနေကြလို့လဲ။ ကြာလေကောင်းလေဆိုပြီး အချိန်ဆွဲနေတာ အထင်အရှားပါ။

တိုင်းပြည်မှာ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို စေတနာမှန်နဲ့ ဖြေရှင်းလိုရိုးမှန်ရင် ဖြေရှင်းနိုင်တဲ့သူနဲ့ ဆွေးနွေးရမှာပါ။ အခုလို အခုတစ်မျိုး တော်တော်ကြာတစ်မျိုး လုပ်ပြနေတာက ပြသနာတွေကို မဖြေရှင်း လိုလို့ဆိုတာကို ဘာ့ကြောင့်မမြင်နိုင်ကြတာလဲ။ တိုင်းပြည်မှာ ပြသနာကြီးတွေမရှိရင် စစ်အာဏာရှင်လည်း သက်ဆိုးမရှည်နိုင်တာမို့ စစ်အာဏာရှင်စနစ်အစဉ်တည်မြဲဖို့က မရှိတဲ့ပြသနာတွေကို ရှိအောင်လုပ်၊ သေးတဲ့ ပြသနာ ကို ကြီးအောင်လုပ်၊ ရှင်းတဲ့ပြသနာကို ရှုပ်အောင်လုပ်နဲ့ တစ်ခုပြီးတစ်ခု စစ်ဗိုလ်ချုပ်တွေက ဓါတ်ပြားဟောင်းကြီးကို အပ်ကြောင်းထပ်အောင် ဖွင့်သလို လုပ်ပြနေလည်း ကြံဖန်မျက်စေ့ လည်ရလောက်အောင် ဒုန်းဝေးနေသူများလည်း ရှိသေးသကိုး။

အင်အယ်လ်ဒီကို လူနှစ်ယောက်တစ်ပိုင်းနဲ့ ဖွဲ့ထားတဲ့ပါတီ၊ ငွေနဲ့မျှားထားတဲ့ပါတီ၊ အာဏာနဲ့ ခြိမ်းချောက် ဖွဲ့စည်းထားတဲ့ပါတီ၊ ဆိတ်ဝှေးစေ့ပါတီ၊ အချောင်သမား အခွင့်အရေးသမားတွေရဲ့ပါတီ၊ လေလည်ပြရင် အမြီးနန့်တတ်တဲ့ပါတီလို့ ထင်သူများရှိပါသလား။ လွန်ခဲ့တဲ့ ဆယ်နှစ်လောက်က အင်အယ်လ်ဒီဟာ ပြည်သူလူထုနဲ့ ကင်းကွာနေပြီး ချိနဲ့နေပြီလို့ ကိုဇာနည်ဆိုခဲ့ပါတယ်။ အခု ဖေဖေါ်ဝါရီ၂၆၊ ၂၀၀၉ဧရာဝတီမှာ ဒီအတိုင်းဘဲ ဆက်ရေးပါတယ်။ လွန်ခဲ့တဲ့ ဆယ်နှစ်လောက်ကတည်းက လူထုနဲ့ကင်းကွာနေတဲ့ပါတီတစ်ရပ်ဟာ အခုတိုင်အောင် စစ်အာဏာရှင်တွေက ဘာ့ကြောင့် အကြောက်ဆုံး ဖြစ်နေရသေးတာလဲဆိုတာကို ဖြေနိုင်ပါသလား။ လူထုမထောက်ခံတော့တဲ့ လက်တွေ့နဲ့ကင်းကွာနေတယ်ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဘာလို့မလွှတ်ပေးရဲတာလဲဆိုတာကိုရော ဖြေကြည့်ချင်ပါသလား။

နအဖရဲ့ အစာကို မြင်ပြီး ထောင်ချောက်ကို မမြင်တဲ့အတွက် နအဖအယုံသွင်း အသုံးချတာခံပြီး ယောင်တီး ယောင်တနဲ့ ပြည်တွင်းဝင် ဆွေးနွေးပွဲထိုင်ခဲ့လို့ အမြီးပြတ်ခဲ့တဲ့ မြေခွေးတွေ ဘယ်လောက်ရှိနေပြီ ထင်ပါသလဲ။ အင်အယ်လ်ဒီသည် ဘယ်သောအခါမှ မြေခွေးအမြီးပြတ် လုပ်မည်မဟုတ်ပါ။

အောင်တင်
ဖေဖေါ်ဝါရီလ ၂၈၊ ၂၀၀၉

မှတ်ချက်။ ။(၁) တင်မောင်ဆိုသော အမည်နှင့်၎င်း၊ တင်ထူးဟူသော အမည်ဖြင့်၎င်း အင်တာနက်တွင် စာဖြန့်နေသူ နှင့် ကိုတင်မောင်ထူး (CFOB) လုံးဝမပတ်သက်ကြောင်း ကိုတင်မောင်ထူးက ကျနော့အား အခိုင် အမာ ပြောကြားသည်။ ကျနော်ယုံကြည်သည်။
(၂)ကျနော့စာကို မည်သူမဆို ကူးယူဖေါ်ပြနိုင်သည်။ ခွင့်ပြုချက်မလို
http://yeyintnge.blogspot.com/2009/02/blog-post_2289.html

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်