Thursday, February 19, 2009

ဆက်လုပ်သင့်တဲ့ Credentials Challenge လှုပ်ရှားမှု

(ဆောင်းပါး) မိုးချမ်း / ၁၉ ဖေဖော်ဝါရီ ၂၀၀၉

ယနေ့  မြန်မာနိုင်ငံရဲ့ နိုင်ငံရေးရေချိန်ဟာ မြင့်တက်လို့လာနေပါပြီ။ ၂၀၁၀ ရောက်ဖို့  (၁၀) လပဲ ကျန်ပါတော့တယ်။ ၂၀၁၀ ရွေးကောက်ပွဲကို ခေါင်းမာမာနဲ့  ဆက်လက်ကျင်းပသွားမယ် ဆိုရင် ကျနော်တို့  ပြည်သူတွေအားလုံး ရင်တထိတ်ထိတ်နဲ့ နအဖရဲ့ အန္တရာယ်ကို ရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။ သေချာတာကတော့ ၂၀၁၀ ကို နအဖ လက်ထဲ မအပ်ဘဲ ကိုယ့်ပြည်သူလက်ထဲ ရောက်ဖို့  အထူးလိုအပ် နေပါတယ်။

၁၉၉၀ ရွေးကောက်ပွဲတုန်းက တိုင်းပြည်ဟာ ပြည်သူ့ လက်ထဲ ရောက်ပြီလို့  အများပြည်သူတွေ အနေနဲ့  ယူဆခဲ့ကြတာပါ။ မဲရုံသွားခဲ့တဲ့ (၈၀) ရာခိုင်နှုန်း ထက်မကတဲ့ ပြည်သူတွေက သူတို့အတွက် ကမ္ဘာ့အလယ်မှာ ကိုယ်စားပြုဖို့  ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို တရားဝင် ခေါင်းဆောင်များအဖြစ်နဲ့ ရွေးချယ်ခဲ့ကြပါတယ်။ နောက်ပိုင်း ပြည်ပရောက်လာတဲ့ ဒီမိုကရေစီ ခေါင်းဆောင်များကအစ၊ မြန်မာနိုင်ငံ လွတ်မြောက်ရေး စိတ်အားထက်သန်စွာ ၀င်ရောက်နှိုးဆော်ပေးတဲ့ Activists များကပါ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကသာလျှင် မဲနိုင်ခဲ့တဲ့ပါတီ ဖြစ်တဲ့အတွက် နအဖက တရားဝင် အာဏာလွှဲပေးရမယ့် တာဝန်ရှိတယ် ဆိုတဲ့အထိ နိုင်ငံတကာမှာ ပြောဆိုခဲ့ရပါတယ်။ အဲဒီကနေတဆင့် နအဖက ဒေါ်စုတို့ နဲ့  Dialogue လုပ်ဖို့  အတွက်ပါ နှိုးဆော်ခဲ့ရပါတယ်။ ပြည်ပမှာ ဒီလို နှိုးဆော်ခဲ့တာ (၁၈) နှစ်ကြာခဲ့ပြီလို့ ဆိုနိုင်ပါတယ်။

၉၀ ရွေးကောက်ပွဲ ပြီးလို့ (၁၈) နှစ်အကြာ ၂၀၀၈ ခုနှစ် သြဂုတ်လမှာ ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားကောင်စီက ဦးဆောင်ပြီး ကုလသမဂ္ဂမှာ Credentials Challenge လှုပ်ရှားမှုကို လုပ်ဆောင်ခဲ့ပါတယ်။ ဒီလှုပ်ရှားမှုရဲ့ ရည်ရွယ်ချက်ကတော့ တရားဝင် အစိုးရ မဟုတ်တဲ့ နအဖက ကုလသမဂ္ဂမှာ မြန်မာနိုင်ငံ ပြည်သူတွေရဲ့ ကိုယ်စားလှယ် မဖြစ်သင့်ကြောင်းနဲ့  ဒါကို ပြန်လည် ဆန်းစစ်ပြီးတော့ တရားဝင် ပြည်သူ့ကိုယ်စား လှယ်နဲ့  အစားထိုးနိုင်ဖို့ပဲ ဖြစ်ပါတယ်။

ကျနော်တို့လည်း ဒီိကိစ္စအပေါ် ကိုယ့်ကိုယ်ကို ပြန်လည်ဆန်းစစ်လိုရပါတယ်။ ဘာလဲဆိုတော့ နအဖက ကျနော်တို့ ပြည်သူနဲ့ နိုင်ငံကို တကယ်ပဲ ကိုယ်စားပြုနေသလား။ သူတို့ က မြန်မာနိုင်ငံရဲ့ တရားဝင် အစိုးရလား။ De-facto အစိုးရပဲ ပြောအုံးတော့ သူတို့ အနှစ် (၂၀) လောက် အုပ်ချုပ်ခွင့် ရှိသလား။ ပြည်တွင်း လှုပ်ရှားမှုနဲ့ ကမ္ဘာရဲ့ ဖိအားပေးမှုတွေမရှိခဲ့ရင် နောင်အနှစ်တစ်ရာမက အုပ်ချုပ် ပါလိမ့်မယ်။ ဒါ့ကြောင့် လှုပ်ရှားမှုတစ်ရပ်အနေနဲ့ ဒီလို Credentials Challenge လုပ်ဆောင်ချက်က အရေးကြီးပါတယ်။ ဒီလုပ်ရပ် အောင်မြင်ခဲ့ရင် နအဖခေါင်းဆောင်များ အကျပ်ရိုက်ပြီ ဆိုတာ သေချာသလောက်ပဲ။

မနိုင်ခဲ့ရင် ဘာဖြစ်မလဲဆိုတဲ့ အတွေးလည်း ရှိနိုင်ပါတယ်။ လွတ်လပ်ရေးလိုချင်ပါတယ်ဆိုတဲ့ ပြည်သူတွေအတွက် မရမချင်း တိုက်ရမဲ့ တာဝန်ဟာ ကျနော်တို့ အားလုံးရဲ့ တာဝန်ပဲ ဆိုတာ အခိုင်အမာ နှလုံးသွင်းထားဖို့လိုပါ လိမ့်မယ်။ ကိုယ့်လူမျိုးအခွင့်အရေး အတွက် တိုက်ခဲ့တဲ့ Martin Luther King၊ တောင်အာဖရိက အရေးမှာ လူမည်း လွတ်မြောက်ဖို့  တိုက်ခဲ့တဲ့ Nelson Mandela၊ အိန္ဒိယ က ဂန္ဒီ တို့ကို စံနမူနာ ယူရဦးမှာ ဖြစ်ပါတယ်။ အကောင်အထည် မဖေါ်ရသေးပဲနဲ့  ရှုံးဖို့ ကို တွေးမနေသင့်ပဲ၊ နိုင်မယ်ဆိုတာ ဘယ်သူကမှ အတပ်မပြောနိုင် ပေမဲ့လို့  အမှန်တရားက ကိုယ့်ပြည်သူတွေဘက်မှာ ရှိနေတယ်ဆိုတာ ကမ္ဘာကငြင်းလို့  မရပါဘူး။

ဒီလိုလှုပ်ရှားမှုဟာဖြင့် အခုမှ စတင်တာ မဟုတ်ပါဘူး။ ၂၀၀၀ ခုနှစ်တုန်းကလည်း UNseat Campaign ဆိုပြီး Free Burma Coalition အဖွဲ့ က လုပ်ခဲ့ပါသေးတယ်။ ဒီလှုပ်ရှားမှုကလည်း Activists များရဲ့  ရှုထောင့်ကနေပြီး ကုလသမဂ္ဂမှာ ထိုင်နေတဲ့ နအဖ သံအမတ်ကို “မြန်မာ” ဆိုတဲ့ ထိုင်ခုံကနေ ဖယ်ရှားဖို့ ဆိုပြီး ကြိုးစားခဲ့တာပါ။ အဲဒီတုန်းကလည်း ထောက်ခံတဲ့လူ တွေရှိခဲ့သလို ငြင်းပယ်တဲ့ လူတွေလည်း ရှိခဲ့သေးတယ်။ ဘာလို့ မထောက် ခံတယ် ဆိုတာ ဃဂဏန မသိခဲ့ရပေမယ့် ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားညွန့် ပေါင်းအစိုးရရဲ့ ကုလသမဂ္ဂရုံးက လက်မခံလို့ ဆိုပြီး ရပ်လိုက်ရပါတယ်။ ဘာဖြစ်လို့  လက်မခံလဲလို့  မေးခဲ့တော့ တိကျတဲ့ အဖြေကို မရခဲ့ပဲ FBC ရဲ့  အထက်က တာဝန်ရှိသူများရဲ့ ဆုံးဖြတ်ချက်နဲ့  နောက်လိုက်တွေလည်း ရပ်ခဲ့ရပါတယ်။ ဒီနေရာမှာ ကျနော့်အနေနဲ့  အကြံပြုချင်တာက ပြည်ထောင်စု မြန်မာနိုင်ငံအမျိုးသားညွန့် ပေါင်းအစိုးရရဲ့ ကုလသမဂ္ဂရုံးကလည်း ဖြေရှင်းချက်တွေ ရှိလာနိုင်ပါတယ်။ အားလုံးတိတိကျကျ လေ့လာပြီးမှ ကောက်ချက်ချကြဖို့ လည်း စာဖတ်သူများကို သတိပေးပါရစေ။

တဖန် ယခုပြုလုပ်တဲ့ Credentials Challenge ကျပြန်တော့ ပြည်ထောင်စုမြန်မာနိုင်ငံညွန့် ပေါင်း အစိုးရက “မူအရ” ထောက်ခံတယ်ဆိုပြီး လက်တွေ့ မှာ မထောက်ခံတာ ရှင်းရှင်းလင်းလင်း ဖြစ်သွားပါပြီ။ ပြည်ထောင်စုမြန်မာနိုင်ငံညွန့်ပေါင်း အစိုးရက ထုတ်ပြန်ထားတဲ့ ၂၀၀၈ သြဂုတ် (၁) ရက် စာရဲ့ နောက်ဆုံး အပိုဒ်မှာတော့ “မြန်မာ့ ဒီမိုကရေစီ အင်အားစုများက နအဖ စစ်အုပ်စု၏ တရားမ၀င်မှုနှင့် မြန်မာပြည်သူတို့အား ကုလသမဂ္ဂ၌ ကိုယ်စားပြုခွင့်မရှိခြင်းအား စိန်ခေါ်သည့် လှုပ်ရှားမှုများသည် နိုင်ငံရေးအရ၊ မူအရ မှန်ကန်သော ဦးဆောင်လှုပ်ရှားမှုများအဖြစ် မိမိတို့  အမျိုးသားညွန့် ပေါင်းအစိုးရ က သဘောတူ ကြိုဆိုပါကြောင်း ထုတ်ပြန်အပ်ပါသည်” လို့  ဖေါ်ပြထားပါတယ်။ ဒီလိုဖေါ်ပြထားခြင်းဟာ တကယ်တော့ ကျနော်တို့  အချင်းချင်းလုပ်တဲ့ လှုပ်ရှားမှုကို အားပေးသလိုဖြစ်ပြီး ညီညွတ်ရေးသို့ ဦးတည်စေပါတယ်။ ညီညွတ်ရေးရဖို့ ဆိုရင် လူတစ်ယောက် (၀ါ) တစ်ဖွဲ့  ရဲ့ မှန်ကန်တဲ့ လုပ်ရပ်ကို နောက်တစ်ယောက် (၀ါ) တစ်ဖွဲ့ က ထောက်ခံအားပေး သို့ မဟုတ် အသိအမှတ်ပြုမှုကို မလွဲမသွေ လုပ်ရပါလိမ့်မယ်။

Credentials Challenge လုပ်ရခြင်း အကြောင်းကို ကျနော် လေ့လာထားသလောက် အတိုချုံးပြီး တင်ပြလိုက်ပါတယ်။ ကျနော်တို့  CC လုပ်ဖို့  စပြင်ခဲ့တဲ့ အချိန်မှာ ဒီ လှုပ်ရှားမှုနဲ့  ပတ်သက်လို့  နောက်ခံသမိုင်းတွေ၊ ကုလသမဂ္ဂနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေ လေ့လာခွင့်ရခဲ့ပါတယ်။ ကမ္ဘာ့သမိုင်း ပညာရှင်များ နဲ့  ကမ္ဘာ့ ဥပဒေ ပညာရှင်တို့ ရဲ့ မှတ်တမ်းဖေါ်ပြချက်တွေအရ ကုလသမဂ္ဂမှာ ၁၉၄၅-၁၉၉၀ ထိ (၄၅) နှစ် သက်တမ်းမှာ ကြီးကျယ်တဲ့ Credentials Challenge လှုပ်ရှားမှု အနည်းဆုံး (၇) ကြိမ် ဖြစ်ခဲ့ပါတယ်။ အဲဒီလှုပ်ရှားမှု (၇) ကြိမ်ဆိုရာမှာ တောင်အာဖရိကနိုင်ငံ၊ တရုတ်၊ ဟန်ဂေရီ၊ ကွန်ဂို၊ ယီမင် နဲ့  ကမ္ဘောဒီးယား အရေး (၂) ကြိမ် တို့ပဲဖြစ်တယ်။ ၁၉၉၀-၂၀၀၀ ကြားကာလမှာတော့ Credentials Challenge လှုပ်ရှားမှု (၄) ကြိမ်လောက်ရှိခဲ့တယ်။ ပါဝင်ခဲ့တဲ့ နိုင်ငံတွေကတော့ အာဖဂန်နစ္စတန်၊ ကမ္ဘောဒီးယား (တတိယအကြိမ်)၊ ဟေတီ နဲ့  စီရဲရား လီယုမ်း (Sierra Leone) တို့ ပဲဖြစ်ပါတယ်။

ဒီနေရာမှာ တချို့ နိုင်ငံတွေရဲ့ Credentials Challenge နဲ့ ပတ်သက်တဲ့ လှုပ်ရှားမှုတွေ ဘယ်လို ရှိခဲ့သလဲ ဆိုတာ တင်ပြပါ့မယ်။ ကမ္ဘာ့ ဥပဒေ ပညာရှင်တွေ ဖေါ်ပြထားတာကိုပဲ ကိုးကား ဖေါ်ပြ လိုက်ပါတယ်။ အခုလို ဖေါ်ပြလိုက်ခြင်းက CC နဲ့ ပတ်သက်ပြီး စာဖတ်သူတို့ရဲ့ စဉ်းစား တွေးခေါ်ပုံကို အကျိုးပြုစေလိမ့်မယ်လို့  ထင်ပါတယ်။

ပထမဖေါ်ပြချင်တာကတော့ CC လုပ်ပြီဆိုရင် ကုလသမဂ္ဂမှာ ဘယ်လိုအဆင့်တွေကို ဖြတ်ကျော် ရသလဲပေါ့။ ဒီနေရာမှာ ဗဟုသုတ အဖြစ် ဝေမျှချင်တာက အဲဒီလုပ်ငန်း အဆင့်ဆင့် ဘယ်လို လုပ်ရသလဲဆိုတာ ကျနော်တို့  မြန်မာနိုင်ငံသားတွေ သာမက တခြား ကုလ သံအရာရှိ တချို့လည်း ဃဂဏန နားမလည်တာတွေရှိခဲ့တယ်လို့ သိလိုက်ရပါတယ်။ သူတို့ တွေလည်း ဥပဒေပညာရှင်တွေနဲ့  အမြဲတိုင်ပင် မေးမြန်းကြရတယ်။ ဒါဟာ ကျနော်တို့ အားလုံး စံနမူနာယူရမယ့် အချက်ပါပဲ။ ဘာဖြစ်လို့  လဲဆိုတော့ ကမ္ဘာကြီးမှာ သိသလိုလို နဲ့  မသိတာတွေ အများကြီးရှိတဲ့အတွက် မသိသူက နားလည် တတ်ကျွမ်းတဲ့သူတွေနဲ့  တွေ့ဆုံ မေးမြန်းပြီး ဆွေးနွေးမှ စစ်မှန်တဲ့ အချက်အလက်တွေ ရမှာပါ။ ဒါမှ ကိုယ်က ဆုံးဖြတ်ချက်ချ တဲ့အခါ မှန်ကန်မှု ရာခိုင်နှုန်းအား ပိုကောင်းပြီး ရလာဒ်ကောင်းတွေ ထွက်ပေါ်လာမှာ ဖြစ်ပါတယ်။

CC နဲ့ ပတ်သက်ပြီး ကုလသမဂ္ဂမှာ တာဝန်ယူ ဆုံးဖြတ်ရတဲ့ အဆင့် (၃) ဆင့်ရှိပါတယ်။ စင်ပြိုင်အစိုးရ ပဲဖြစ်ဖြစ်၊ အာဏာရ အစိုးရပဲဖြစ်ဖြစ် မိမိကို တရားဝင် ကိုယ်စားလှယ်အဖြစ်နဲ့  ကုလသမဂ္ဂက အသိအမှတ်ပြုဖို့  ပထမဦးစွာ အထွေထွေအတွင်းရေးမှူးရုံးသို့  တင်သွင်းရပါ တယ်။ ပြီးတော့ ဒီတင်သွင်းချက်ကို ကုလသမဂ္ဂရဲ့ ဥပဒေဘောင်ဝင်မ၀င် အထွေထွေအတွင်း ရေးမှူးရုံးက စစ်ဆေးပြီး ဘောင်ဝင်ရင်တော့ ဒုတိယအဆင့်ဖြစ်တဲ့ Credentials Committee သို့ပို့ပါတယ်။ အကယ်၍ ကုလရဲ့ ဥပဒေဘောင်မ၀င်ဘူးလို့  အထွေထွေအတွင်းရေးမှူးရုံးက ဆုံးဖြတ်ခဲ့ရင်တောင်မှ Credentials Committee ထဲပါတဲ့ နိုင်ငံများအနေနဲ့  တောင်းဆို စစ်ဆေးခွင့် ရှိပြီး ဆွေးနွေးလို့  ရပါတယ်။ (Credentials Committee ထဲမှာ နိုင်ငံပေါင်း (၉) နိုင်ငံရှိပါတယ်။ ပုံမှန်အားဖြင့် U.S., China, Russia တို့ ပါဝင်ပြီး ကျန်တဲ့ (၆) နိုင်ငံကိုတော့ တနှစ် တစ်ခါ General Assembly ဆိုတဲ့ အထွေထွေညီလာခံက ရွေးချယ်ပါတယ်။) ပြီးတော့ Credentials Committee ကနေ မဲခွဲ ဆုံးဖြတ်ပြီး ရှုံးရှုံးနိုင်နိုင် တတိယအဆင့်ဖြစ်တဲ့ အထွေထွေညီလာခံသို့  တင်ပြရပါတယ်။ အထွေထွေညီလာခံ အနေနဲ့  ပုံမှန်အားဖြင့် Credentials Committee က ဆုံးဖြတ်တဲ့အတိုင်း လိုက်ပြီး ဆုံးဖြတ်လေ့ ရှိပါတယ်။ အကယ်၍ ကုလအဖွဲ့ ဝင် အခြားနိုင်ငံတစ်ခုကနေ Credentials Committee ရဲ့ ဆုံးဖြတ်ချက်ကို ငြင်းမယ်ဆို ငြင်းခွင့် ရှိပါတယ်။ နောက်ဆုံးမှာတော့ ကုလအဖွဲ့ ဝင် အားလုံး တက်ရောက်တဲ့ အထွေထွေညီလာခံကနေ မဲခွဲပြီး ဆုံးဖြတ်ချက်ပေးရပါတယ်။

ယနေ့ အခြေအနေမှာတော့ မြန်မာနိုင်ငံပြည်သူတွေရဲ့  အရေးကို မိမိကိုယ်တိုင် အားကြိုးမာန်တက် မလုပ်ရင်တော့ ဘာရလာဒ်မှ မရှိနိုင်ပါဘူး။ ဆိုလိုတာက ကုလသမဂ္ဂရဲ့ အဆင့်တိုင်းမှာ လမ်းစတွေ ဖွင့်ထားပါတယ်။ ကျနော်တို့မှာ လုပ်မယ်ဆိုရင် တကယ်လုပ် စရာတွေ အများကြီးပါ။ စည်းရုံးရေးက အစပြုပါတယ်။ ယနေ့  မြန်မာ့အရေးမှာ ကျနော်တို့ ဘက်က အမှန်တရားဆိုတာရှိနေရဲ့သားနဲ့ ကမ္ဘာ့အလယ် နအဖကို စိန်မခေါ်ဝံ့ဘူး ဆိုရင် ပြည်သူတွေကို ကျေးဇူးမဆပ်ပဲ လစ်လျူရှု ထားတယ်လို့  ပြောမယ်ဆိုရင် မှားမယ်မထင်ဘူး။

ဥပမာအနေနဲ့  ကုလသမဂ္ဂမှာ Credentials Challenge လုပ်ဆောင်ခဲ့တဲ့ နိုင်ငံတချို့ရဲ့ လှုပ်ရှားမှု တွေကို ကြည့်နိုင်ပါတယ်။ ဥပဒေပညာရှင်တွေ အဆိုအရ ၁၉၉၀ မတိုင်ခင် ကုလသမဂ္ဂ Credentials Committee က တိုင်းပြည်တပြည်ရဲ့အစိုးရလို့  အသိအမှတ်ပြုဖို့ ဆိုရင် အဲဒီအစိုးရက အာဏာ ထိန်းချုပ်ထားနိုင်ရမယ်၊ ပြီးတော့ နယ်မြေရှိရမယ် ဆိုတဲ့ အချက်တွေအပေါ် အဓိကထားပြီး ထောက်ခံဆုံးဖြတ်လေ့ရှိပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ ပြောင်းလဲမှုတွေရှိလာပြီး ၁၉၉၂ ကာလ လောက်က ဖြစ်ခဲ့တဲ့ ဟေတီနိုင်ငံရဲ့ အဖြစ်အပျက်၊ ၁၉၉၆-၂၀၀၀ အတွင်း ဖြစ်ခဲ့တဲ့ အာဖဂန်နစ္စတန် နိုင်ငံရဲ့အဖြစ်အပျက်၊ ၁၉၉၇ ကာလလောက်က ဖြစ်ခဲ့တဲ့ ကမ္ဘောဒီးယားနဲ့  စီရဲရား လီယုမ်း (Sierra Leone) တို့ရဲ့ အဖြစ်အပျက်တွေကတော့ ကျနော်တို့  လေ့လာအတုယူစရာ သက်သေ အနေနဲ့  ရှိခဲ့ပါတယ်။

အတုယူစရာ သက်သေများအနက် ကျနော် ဟေတီနဲ့  ကမ်ဘောဒီးယားနိုင်ငံ တို့ရဲ့ အဖြစ်အပျက်ကို အနည်းငယ် ဝေမျှလိုက်ပါတယ်။ ဘာလို့  ဒီနှစ်နိုင်ငံရဲ့ အဖြစ်အပျက်တွေကို ရွေးချယ်ရသလဲ ဆိုတော့ သူတို့ ဟာ မြန်မာ့နိုင်ငံရေး အခြေအနေနဲ့  ခပ်ဆင်ဆင် ဖြစ်နေခဲ့ပြီး၊ ကုလသမဂ္ဂ Credentials Committee ရဲ့တုံ့ပြန်ချက်များကို နားလည်ထားခြင်းအားဖြင့်လည်း မြန်မာ့အရေး အတွက် အကျိုးပြုတန်ကောင်း၏ ဆိုပြီး တင်ပြလိုက်ပါတယ်။

၁၉၉၁ စက်တင်ဘာ လောက်မှာ ဟေတီနိုင်ငံရဲ့ စစ်ဗိုလ်ချုပ်တဦးဟာ ပြီးခဲ့တဲ့ ၁၉၉၀ ဒီဇင်ဘာလ တုန်းက ဒီမိုကရေစီနည်းနဲ့  ပြည်သူလူထုက တင်မြှောက်ခဲ့တဲ့ သမ္မတ ရှောင်ဘာထရမ်း အာရစ်ထီဒ် (Jean-Bertrand Aristide) ကို ဖယ်ပြီး အာဏာသိမ်း လိုက်ပါတယ်။ နောက်တော့ အာဏာသိမ်းခံ ရတဲ့ သမ္မတဟာ ပြည်ပသို့  ထွက်ပြေးခဲ့ရ ပါတယ်။ အာဏာသိမ်းလိုက်တဲ့ စစ်ဗိုလ်ချုပ် ကတော့ ဟေတီနိုင်ငံကို ဆက်လက် ဖိနှိပ်အုပ်ချုပ်ပါတယ်။ လက်ရှိ မြန်မာ နအဖလို ဖိနှိပ်အုပ်ချုပ်ခဲ့တဲ့ ဟေတီ အာဏာရှင်တွေဟာ ကုလသမဂ္ဂက သူတို့ကို တရားဝင် အစိုးရအဖြစ် အသိအမှတ်ပြုဖို့ တင်ပြခဲ့ရာမှာ Credentials Committee က လက်ခံဖို့  ငြင်းဆိုခဲ့ပါတယ်။ ၁၉၉၃ ခုနှစ်အတွင်း အမေရိကန် သမ္မတ ကလင်တန် က ကုလသမဂ္ဂနဲ့ ပေါင်းပြီး ဟေတီအာဏာရှင်နဲ့ ပြည်ပရောက် သမ္မတ တို့ကို ညှိနှိုင်း ပေးပါတယ်။ ဒါပေမယ့် မအောင်မြင်ခဲ့ပါဘူး။ ၁၉၉၄ ဇူလိုင်လမှာ ဟေတီပြည်သူတွေ ဟာ ပိုပြီး ဖိနှိပ် ခံရတာက တကြောင်း၊ စစ်အာဏာရှင်တွေက ကုလသမဂ္ဂနဲ့ မပူးပေါင်းတာက တကြောင်းတို့ကြောင့် လုံခြုံရေးကောင်စီက ကုလပြဋ္ဌာန်းချက် အခန်း (၇) ပါ ဥပဒေအတိုင်း ဆောင်ရွက်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ တနည်းအားဖြင့် ဟေတီ အာဏာရှင်တွေက ပတ်ဝန်းကျင် ငြိမ်းချမ်းရေးကို ထိပါးလာပြီး ရန်လိုသူအဖြစ် သတ်မှတ်ခံရလို့ လုံခြုံရေး ကောင်စီက နိုင်ငံတကာ စစ်အင်အားတွေ စုစည်းဖို့ ဆုံးဖြတ်ချက်ပေးခဲ့ပြီး အမေရိကန်ရဲ့ ဦးဆောင်မှုနဲ့ ဟေတီကို ၀င်ရောက်ခဲ့ပါတယ်။ ပြည်ပရောက် ရှောင်ဘာထရမ်း အာရစ်ထီဒ် (Jean-Bertrand Aristide) လည်း ၁၉၉၄ အောက်တိုဘာမှာ သမ္မတအဖြစ်နဲ့  ဟေတီနိုင်ငံကို ပြန်လည် အုပ်ချုပ်ခွင့်ရခဲ့ပါတယ်။

ဆက်လက်ပြီး ကမ္ဘောဒီးယား အနေအထားကို တင်ပြပါ့မယ်။ ၁၉၉၇ တုန်းက ကမ္ဘောဒီးယား နိုင်ငံက သူ့ ကို တရားဝင်အစိုးရအဖြစ် ကုလသမဂ္ဂက အသိအမှတ်ပြုဖို့ တင်သွင်းခြင်းနဲ့  ပတ်သက်ပြီး တတိယအကြိမ် အငြင်းပွားခဲ့ရပါတယ်။ ဘာဖြစ်လို့ လဲဆိုတော့ အစိုးရအဖြစ် တင်သွင်းတာ နှစ်ဖွဲ့ ဖြစ်နေလို့ ပါပဲ။ Ranariddh’s Royalist Party နဲ့  Hun Sen’s CCP ဆိုတဲ့ နှစ်ဖွဲ့  က ကုလသမဂ္ဂအနေနဲ့ သူတို့ကို အသိအမှတ်ပြုဖို့  အပြိုင်တင်သွင်းခဲ့ပါတယ်။ အမေရိကန် နိုင်ငံက Ranariddh ကိုထောက်ခံခဲ့ပြီး၊ Hun Sen ကိုတော့ အတင်းအဓမ္မ အာဏာလုယူမှုကြောင့် ဆန့်ကျင် ခဲ့ပါတယ်။ ဒီနေရာမှာ စိတ်ဝင်စားစရာက Credentials Committee အနေနဲ့  ကမ္ဘောဒီးယား ကိစ္စကို စဉ်းစားပြီး အထွေထွေ ညီလာခံရဲ့ လုပ်ထုံးလုပ်နည်းနဲ့ အညီ “တစ်ဖွဲ့ ကိုမှ အသိအမှတ်မပြုဘဲ (၅၂) ကြိမ်မြောက် ညီလာခံမှာ ကမ္ဘောဒီးယား နိုင်ငံရဲ့ ထိုင်ခုံကို မည်သူမှမထိုင်ရ” ဆိုပြီး ဆုံးဖြတ် လိုက်ပါတယ်။ နောက်တော့ နှစ်ဖွဲ့ လုံးက ညွန့်ပေါင်းအစိုးရဖွဲ့ဖို့ သဘောတူညီမှု ရရှိခဲ့ပြီး ၁၉၉၈ ဒီဇင်ဘာမှာ Credentials Committee ရဲ့ ထောက်ခံမှုနဲ့  အထွေထွေညီလာခံက ကမ္ဘောဒီးယား နိုင်ငံရဲ့ တရားဝင်ကိုယ်စားလှယ်အဖြစ်ညွန့်ပေါင်းအစိုးရကို လက်ခံလိုက်ပါတယ်။

ဒီတော့….မြန်မာ့အရေး ပြန်ကြည့်မယ်ဆိုရင် လောင်းကစားသမားလို ရှုံးမယ်၊ နိုင်မယ် ဆိုတဲ့ အပေါ်ကြည့်ပြီး နိုင်ငံရေးမလုပ်သင့်ပါဘူး။ ဒီလိုသာစဉ်းစားပြီးလုပ်ရင် ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေး ဖြစ်ချင်မှ ဖြစ်မှာပါ။ လက်နက်ကိုင် တော်လှန်နေတဲ့ တိုင်းရင်းသားအဖွဲ့တွေ လည်း လက်နက်ချရတော့မယ့် ကိန်းဆိုက်နေပြီ။ ဒေါ်အောင်ဆန်းစုကြည်ကလည်း “အကောင်းဆုံးကို မျှော်လင့်ထားပြီး အဆိုးဆုံးအတွက် ပြင်ဆင်ထား“ တဲ့။ ဦးဝင်းတင်ကလည်း ထွက်ပေါက်ကို ရှာဖို့ထက် “ဖေါက်ထွက်” ကြလို့  မှာပြီးပြီ။ တဖန် ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်ချုပ်အောင်ဆန်း ရဲ့ စကားကို ထပ်သုံးပြီး နိုင်ငံနဲ့  ပြည်သူအတွက် “ပြတ်ပြတ်သားသား” ဆောင်ရွက်ကြတဲ့။ ခေါင်းဆောင်ရဲ့ အမိန့်ကိုနာခံပြီး ကျနော်တို့မှာ ပြတ်ပြတ်သားသား ဆောင်ရွက်ဖို့အတွက် တွေဝေနေမှုကို ရပ်သင့်ပြီ။

ယနေ့  နအဖ အကြောက်ဆုံးက ကျနော်တို့ ရဲ့ ပြည်တွင်းပြည်ပ အတိုက်အခံအင်အားလား။ စဉ်းစားစရာပါ။ ဒါပေမယ့် သေချာတဲ့ သူတို့ အကြောက်ဆုံး အချက်တစ်ချက်က ကျနော်တို့ အားလုံး ညီညွတ်မယ့်အရေးပဲ ဖြစ်ပါတယ်။ သူတို့  ရင်တုန်မယ့်လုပ်ရပ်မျိုးကို ကျနော်တို့  အကောင်အထည် မဖေါ်နိုင်သမျှ နအဖက ဒိုင်ရာလော့ခ် (Dialogue) မလုပ်သလို ဘယ်သူ့ ကိုမှ ဂရုမစိုက်ပါဘူး။

မြန်မာ့လွတ်မြောက်ရေး ရဖို့ဆိုတဲ့နေရာမှာ နည်းလမ်းပေါင်းစုံနဲ့ တိုက်ပွဲဝင်နိုင်မှ အံကိုက်ဖြစ် လိမ့်မယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ ကိုယ်တိုင် နအဖနဲ့  စကားပြောဖို့တောင် ဖိတ်ခေါ်ထားတယ်။ ကျနော်တို့ အချင်းချင်း နောက်ကျော ဓါးနဲ့ ထိုးဖို့ထက် ညီညွတ်ရေးကို တည်ဆောက်သင့်ပါတယ်။ သဘောထားကြီးကြဖို့ အချိန်တန်ပါပြီ။

သီးလေးသီးနဲ့  မြပုဏ္ဏမာအငြိမ့် ပြောခဲ့တဲ့ နအဖရဲ့ မူနှစ်ရပ် “အခုတစ်မျိုး၊ တော်ကြာတစ်မျိုး” ဆိုတဲ့အတိုင်း ကျနော်တို့  မပြုလုပ်မိဖို့  အထူးသတိထားရပါလိမ့်မယ်။ တကယ်တော့ Credentials Challenge လုပ်ရပ်ကို ၁၉၉၀ နဲ့  အစောပိုင်းကာလ ကတည်းက လုပ်သင့်တာ ပါ။ အတိတ်မှာ မလုပ်နိုင်ခဲ့ပေမယ့် ယခုတော့ Credentials Challenge ကိစ္စကို နိုင်ငံရေးနဲ့မူ အရ ထောက်ခံတယ် ဆိုရင် လက်တွေ့မှာလည်း ထောက်ခံဖို့  အရေးကြီးပါတယ်။ လက်တွေ့ မှာ ကိုယ်တိုင်ကိုယ်ကျ အကောင်အထည်ဖေါ်ဖို့  အခက်အခဲရှိခဲ့ရင်လည်း လုပ်ဆောင်နိုင်မယ့် သူတွေကို အားပေးသင့်၊ ထောက်ခံပေးသင့်ပါတယ်။ ထောက်ခံတယ် ပြောပြီး မထောက်ခံ သလိုလုပ်တော့ ချို့ယွင်းနေတဲ့ တော်လှန်ရေး ပိုလို့တောင် ပျက်စီးရပါတယ်။ ကျနော်တို့ Next Generation တွေရဲ့ မျက်နှာများနဲ့ ရင်သွေးအသစ်တို့ရဲ့ ဘ၀ကောင်းစားရေး ရှေးရှုပြီး အခြားသော မြန်မာနိုင်ငံလွတ်မြောက်ရေး လှုပ်ရှားမှုများနဲ့အတူ Credentials Challenge ကို ဆက်လက် လုပ်ဆောင်ဖို့ လိုအပ်ကြောင်း လေးစားရတဲ့ ပြည်သူလူထုကို အသိပေးရင်း ပြည်ပရောက်ခေါင်းဆောင်များအား တိုက်တွန်းနှိုးဆော် လိုက်ပါတယ်။ http://www.khitpyaingnews.org/articles/February_09/19-2-09.php

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်