Saturday, February 7, 2009

ထောင်ချောက်ပါဗျို့ သတိထား

တည်ကြက်

ခုတလော အင်တာနက် အီးမေး၊ ဘလောက်၊ ၀က်ဆိုက်တွေမှာ မွတ်စလင်ဆန့်ကျင်ရေး လုံ့ ဆော်စာတွေ တွေ့နေရပါတယ်။ (ရိုဟင်ဂျာ)ဆိုတဲ့ စကားလုံးမီဒီယာမှာ ကျယ်ကျယ်လောင်ဖြစ် လာတိုင်း အစ္စလာမ်ဘာသာဆန့်ကျင်ရေး လုံ့ဆော်စာ ရေးတင်လာတတ်ပါတယ်။ အခုတချီ ကတော့ ရွေးကောက်ပွဲကို အချိန်ဆွဲဖို့ အဓိကရုံးတခုခု ဖန်တီးတော့မယ်ဆိုတဲ့ သတင်း တွေ ထွက်ပေါ်နေချိန်နဲ့ တိုက်တိုက်ဆိုင်ဆိုင်ဖြစ်ပါတယ်။ ရိုဟင်ဂျာဟာလည်း ဘာသာရေး အဓိကရုံး အတွက် အကောင်းဆုံးတည်ကြက်ဖြစ်လာနေပါတယ်။ စစ်အစိုးရအတွက်တော့ ထပ်ဆင့်တိုး အကျိုးအမြတ်များ ရရှိနေတာပါဘဲ။

(ရိုဟင်ဂျာ)တွေကို တိုင်းရင်းသားအဖြစ် ရခိုင်တွေကလက်မခံပါဘူး။ ရိုဟင်ဂျာတွေကလည်း သမိုင်းအခိုင်အမာနဲ့တင်ပြနေတယ်။ ရခိုင်တို့က အဲဒါသမိုင်းအမှန်မဟုတ်ဘူးလို့ဆိုတယ်။ ဒီ အငြင်းပွားမှုကအရှိန်မြင့်လာနေတယ်။ ရိုဟင်ဂျာတွေက အစ္စလာမ်ဘာသာဝင်တွေဖြစ်ကြ တယ်။ တချို့အစွန်းရောက်ရခိုင်တို့က (ရိုဟင်ဂျာ) ကို လူမျိုးရေးသာမက ဘာသာရေးပါ ဆွဲသွင်း ရိုင်းရိုင်းစိုင်းစိုင်း ပုတ်ခတ်တိုက်ခိုက်လာကြပါတယ်။

ပြသနာကြီးလေ စစ်အစိုးရ သဘောကျ လေပါဘဲ။ ပြည်တွင်းစစ်ပြသနာ၊ လူမျိုးစု ပြသနာတွေ ဖန်တီးပြီး စစ်အစိုးရ သက်ဆိုးရှည် နေတယ်ဆိုတာအာလုံး သဘောပေါက်ကြပါ တယ်။ ရခိုင်-ရိုဟင်ဂျာပြသနာဟာ စစ်အစိုးရ အတွက် ထပ်ဆင့်တိုးအမြတ်ပါဘဲ။ စစ်အစိုးရက ရိုဟင်ဂျာ တွေပြည်တွင်းမှာမနေနိုင်အောင်လုပ်ပြလိုက်တယ်။ ပြင်ပ မီဒီယာတွေက ရိုဟင်ဂျာတို့ရဲ့ ဒုက္ခတွေ ကိုရေးတယ်။ ဒီတော့ ရခိုင်တို့က ရိုဟင်ဂျာဆိုတာကို ကန့်ကွက်ကြတယ်။ ဒီတော့ အနဲနှင့်အများ ဆိုသလို နိုင်ငံတကာအဲန် ဂျီအိုတွေ၊ နိုင်ငံတကာ လူ့အခွင့်အဖွဲ့တွေက သူတို့ ဟာ ရေနစ်သူ ၀ါးကူထိုး သူတွေဖြစ်တယ်၊ လူမျိုးရေးအစွန်း ရောက်သူတွေဖြစ်တယ်လို့ မြင် လာနေကြတယ်။ စစ်အစိုးရဆင်ထားတဲ့ အကွက်ထဲ ဒဲ့တိုးဝင်တာပါဘဲ။

စစ်အစိုးရအဖို့ကတော့ နိုင်ငံတကာကို ပြောကွက်တခုရစေ တယ်။ မြန်မာပြည်အနောက်ဘက် မှာလည်းဘဲ လူမျိုးရေးပြသနာ တွေရှိ နေတယ်။ စစ်အစိုးရသာမရှိလို့တော့ မြန်မာပြည်မှာ သွေးချောင်းစီးပွဲတွေအတောမသတ် ဖြစ်နိုင်တာ သေချာတာပေါ့ ဆိုတဲ့ပြောကွက်မျိုးပါ။

အရင်တုံးကတော့ စစ်အစိုးရဟာ ပြည်တွင်းစစ်ကိုအားပြုသက်ဆိုး ရှည်လာတာပါ။ နောက်ပိုင်း မှာတော့ လူမျိုးစုအချင်းချင်း ပဋ္ဋိပက္ခ ဖန်တီးထားပေးတယ်။ ဘာသာရေး ပဋ္ဋိပက္ခကိုပါ ထပ် ဆောင်းအားဖြည့်ထားပေးသေးတယ်။ စောစောတုန်းကတော့ စစ်အစိုးရကိုယ်တိုင်က ဘာသာ ရေး ပဋ္ဋိပက္ခဖြစ်အောင်လိုက်လံ ဖန်တီးနေတယ်လို့ဆိုကြတယ်။ အခုနောက်ပိုင်းမှာတော့ စစ်အစိုးရက လိုက်ဖန်တီးစရာမလိုတော့ဘူး။ ရိုဟင်ဂျာကိစ္စ နဲနဲ တွန်းပေးလိုက်တာနဲ့ ဘာသာရေး ပဋ္ဋိပက္ခပါ ပေါ်လာမယ်ဆိုတာ သဘောပေါက်နေပုံရတယ်။ တည်ကြက်နဲ့အမြတ် ထွက်မဲ့သဘောပါ။

ဘာသာရေးအဓိကရုံး၊ လူမျိုးရေးအဓိကရုံးများ ဖန်တီးခြင်းဟာ ဒီမို ကရေစီ ပန်းတိုင်ရောက် ရှိရေးကို တုံ့နှေးစေသောလုပ်ရပ်၊ ဒီမိုကရေစီအောင်မြင်ရေးကို ဟန့် တားသောလုပ်ရပ်၊ တ နည်းအားဖြင့်အာဏာရှင်စနစ်သက်ဆိုးရှည်ရေးကို အားဖြည့်သောလုပ် ရပ်ဖြစ်တယ်။ ကျနော် တို့ မျှော်မှန်းတဲ့ စစ်မှန်သောပြည်ထောင်စုတည်ဆောက်ရေးဆိုသည်နှင့် အလှမ်းကွာစေမည့် လုပ်ရပ်ဖြစ်တယ်။

ဒါကြောင့် ဘာသာရေး သွေးထိုးလုံ့ဆော်မှုမှန်သမျှကို အမြင်ကျယ်ကျယ် အတွေးကျယ်ကျယ် ဖြင့် ဗုဒဘာသာဝင်၊ အစ္စလာမ်ဘာသာဝင်၊ ခရစ်ယာန်ဘာသာဝင်များ ညီညွတ်စွာ ပူးပေါင်း ဟန့်တား ကာကွယ်သင့်ကြကြောင်းတိုက်တွန်းလိုက်ရပါတယ်။

ဝင်းမောင်

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်